Wednesday 21 September 2011

သနပ်ခါး ခပ်ပါးပါး

မိုးရွာတဲ့အခါ
အဖြေမှန် ထွက်မှာပေါ့ 
ပါးပါးလေး လိမ်းခြယ်ထားတာကိုး။

ခြံကာထားမှ
ခုန်ထွက်ချင်မိသလိုလို
ကြိုးဖြေပေးလိုက် အေးရော။

၂၁ ရာစုမှာ
မြွေမဟုတ်ပေမဲ့
အရေခွံခဏခဏ လဲနေကြပြီ။

ဟော.. ပြောရင်းဆိုရင်း
အနုအမို့တွေနဲ့
မိုးတွေစို့လာနေပါလား။

ငါ့ပါးက
သနပ်ခါးတစ်ကွက်
မပျက်ဖို့ဘဲ အရေးကြီးတယ်။

.

3 comments:

မေသိမ့်သိမ့် ကျော် said...

အင်းလေ... သနပ်ခါးလေး မပျက်ဖို့ ပိုအရေးကြီးပါတယ်။

၂၁ ရာစုကိုရသမြောက်စွာရေးဖွဲ့ထားတာလေးကို လေးစားအားကျမိပါတယ်ရှင်။

ခင်တဲ့
မေသိမ့်

မေဓာဝီ said...

ဥူးဇင်းကသနပ်ခါးလိမ်းလား။ :O
တပည့်တော်ကတော့ သနပ်ခါးကြိုက်ပေမဲ့ မလိမ်းရတာ ကြာပါပကော ...
သနပ်ခါးက မိုးမရွာလဲ ပျက်တယ် ဘုရား၊ နေပူရင်လဲ ချွေးထွက်ပြီး ပျက်တာပါပဲ။
သနပ်ခါးပျက်ပေမဲ့ သနပ်ခါးရနံ့လေး ကျန်သေးရင်တော့ တော်သေးမယ် ထင်တယ်နော်။

ဒါနဲ့ တတိယစာပိုဒ်မှာ အရေခွံ ဖြစ်မယ်ထင်တယ် ... အရည်ခွံလို့ ရေးထားတာမြင်လို့ (မနေနိုင်၍ ပြင်ပေးလိုက်ပါတယ် ဘုရားးး)

Unknown said...

အားလာပေးတဲ့ မေသိမ့်ကိုရော မေဓာကိုရော ကျေးဇူးအထူးတင်ပါတယ်။

အရည်ခွံကို အရေခွံလို့ ပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ် မေဓာဒကာမ။