မိုးတွေ ရက်ဆက် ရွာလာခဲ့ပေမဲ့ မနေ့တုန်း (၈.၉.၂၀၁၁)ကတော့ ရာသီဥတု ကောင်းနေသည်။ ကံကောင်းသည်။ အပြင်ထွက်မဲ့နေ့မှ ရာသီဥတုက ရွေးပြီး သာယာပေးသည်။ (UKABS= UK Association for Buddhist Studies)က ကျင်းပပြုလုပ်သည့် ကွန်ဖရင့်တစ်ခုသို့ တက်ရောက်ဖို့ အပြင်ထွက်ခဲ့ခြင်း ဖြစ်သည်။ ထို အဖွဲ့အစည်းက နှစ်စဉ် ယူကေတစ်ခွင် လှည့်လည်ပြီး တစ်နှစ်ကြိမ် ထို ကွန်ဖရင့်ကို ကျင်းပပေးခြင်းဖြစ်သည်။ ဒီနှစ်မှာတော့ သူတက်ရောက်ခဲ့သည့် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးဋ္ဌာနရှိ ကာလိလီ (Khalili) ခန်းမ၌ ကျင်းပခြင်း ဖြစ်သည်။
သူငယ်ချင်းဖြစ်သူ ဦးနာဂသေန (ပီအိပ်ခ်ျဒီကျောင်းသား=လန်ဒန်တက္ကသိုလ်)က နှစ်ပတ်လောက် ကြိုပြီး ထိုကွန်ဖရင့်ကို သူ့အား အကြောင်းကြားလာသည်။ ထို့ကြောင့် အတူတူ တက်ရောက်ဖို့ ဘုတ်ကင် လုပ်ထားခဲ့ကြသည်။ ထိုကွန်ဖရင့်ကို အခမဲ့ တက်ရောက်ရသည်တော့ မဟုတ်။ UKABS အဖွဲ့ဝင်တွေအတွက် ၁၅ ပေါင်နှင့် အဖွဲ့ဝင်မဟုတ်တဲ့ သူတွေအတွက် ၂၅ ပေါင် သတ်မှတ်ထားသည်။ သူသည် အဖွဲ့ဝင်မဟုတ်သေးပေ။ ဒါပေမဲ့ အလုပ်မရှိတဲ့သူတွေ၊ ကျောင်းသားတွေ၊ ဆရာဆရာမတွေအတွက် လျော့ဈေးရှိသည်။ အဖွဲ့ဝင်အတွက် ၅ ပေါင်နှင့် အဖွဲ့ဝင်မဟုတ်သူတွေအတွက် ၁၅ ပေါင်ဘဲ ပေးရမည် ဖြစ်သည်။ ဦးနာဂသေနက သူ့အတွက်ပါ ပေါင်းရှင်းပေးလိုက်သည်။ နှစ်ယောက်ပေါင်း ပေါင် ၂၀ ဖြစ်သည်။ (အခန်းအနားအစီအစဉ်ကို ပုံချဲ့ပြီး ကြည့်နိုင်သည်။)
ထိုကွန်ဖရင့်သို့ အောက်စ်ဖို့ဒ်ဝိဟာရမှ ဒေါက်တာဦးပညာဝံသနှင့် လန်ဒန်တက္ကသိုလ် ပီအိပ်ခ်ျဒီကျောင်းသူ ပြည့်ပြည့်တို့လည်း တက်ရောက်ကြသည်။ သူတို့နှင့်အတူတူ ကန်တင်းမှာ နေ့လည်စာ စားခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်းသားဟောင်း ဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ကျောင်းသား မဟုတ်တော့တဲ့အတွက် ဧည့်သည်လက်မှတ်နဲ့ ကျောင်းအတွင်းသို့ ၀င်ရောက်ရသည်။ တစ်ချိန်က ပေါင် တစ်သောင်းကျော်ပေးပြီး ကျောင်းတက်ခဲ့ရသည်ကို စဉ်းစားမိပြီး အခု ဧည့်သည်အဖြစ်နဲ့ ၀င်ရောက်ရခြင်းကို ၀မ်းနည်းသလို ခံစားမိသည်။ အလွမ်းပြေ စာကြည့်တိုက်ထဲသို့လဲ ၀င်ရောက်ကြည့်ရှုခဲ့သည်။ စာကြည့်တိုက်ထဲကိုလဲ ဧည့်သည်လက်မှတ်နဲ့ပင် ၀င်ရောက်ခဲ့ရသည်။ ယခင်ကကဲ့သို့ ကျောင်းသားကဒ်ကလေးနဲ့ ထိပြီး ဘာရီယာကို အော်တို ဖွင့်ပြီး ဖြတ်လို့မရတော့ပေ။
ကွန်ဖရင့်ကို မနက် ၉ နာရီကျော်ကျော်လောက်စတင်သည်။ သူနှင့်သူ့သူငယ်ချင်းကတော့ မနက် ၁၀ နာရီခွဲလောက်မှ ကွန်ဖရင့်ဟောသို့ ရောက်ဖြစ်သည်။ ညနေ ၆ နာရီခန့်လောက်မှာ အပြီးသတ်သည်။
ဗုဒ္ဓဘာသာ ကွန်ဖရင့်ဆိုပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တိဗက်တန်ဗုဒ္ဓဘာသာ အကြောင်းဖြစ်သည်။ ထေရ၀ါဒအကြောင်းမှာ ၂၀ ရာခိုင်နှုန်းခန့်လောက်သာ ပါသည်။ အနောက်တိုင်း၌ တိဗက်ဗုဒ္ဓဘာသာကို လူပိုသိကြသည်။ ပိုပြီးလဲ စိတ်ဝင်စားကြသည်။ ထေရ၀ါဒကိုမူ လူသိနည်းလေသည်။ ထေရ၀ါဒသာသနာ အနောက်ဘက်မှာ ပြန့်ပွါးဖို့ အရည်အချင်းပြည့် ရဟန်းတော်များ၊ သာသနာချစ်စိတ် အမှန်ရှိသည့် ရဟန်းတော်များ တကယ်လိုအပ်နေပြီဟု ခံစားမိသည်။ ထေရ၀ါဒဗုဒ္ဓဘာသာကို လေ့လာသူများမှာလဲ မြန်မာနိုင်ငံမှာ လေ့လာခဲ့ကြသူတွေထက် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှာသာ လေ့လာခဲ့ကြသူ ပိုများလေသည်။ အနောက်ဘက် ဗုဒ္ဓဘာသာကွန်ဖရင့်တို့၌ ထေရ၀ါဒဗုဒ္ဓဘာသာ ဦးမော့လာအောင် စွမ်းဆောင်နိုင်ကြဖို့ အမှန်တကယ် လိုအပ်နေပြီဟု ထင်မြင်မိပါသည်။ ။
.
No comments:
Post a Comment