Sunday, 22 May 2011

ဗြိတိန်နိုင်ငံ မြန်မာဗုဒ္ဓဘာသာလုံးဆိုင်ရာ ဗုဒ္ဓနေ့

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ ပူဇော်ပွဲကို ဒီနေ့ (၁၃၇၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ (၂၂၊ ၅၊ ၂၀၁၁) တနင်္ဂနွေနေ့မှာ Chiswick Town Hall မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံလုံးဆိုင်ရာ မြန်မာဗုဒ္ဓဘာသာတို့ရဲ့ စုပေါင်း ဗုဒ္ဓနေ့ ဖြစ်တဲ့အတွက် ဗြိတိန်တစ်နိုင်ငံလုံးမှ သံဃာတော်တွေအားလုံး တက်ရောက်ကြတာပါ။ အကြောင်း အမျိုးမျိုးကြောင့် မတက်ရောက်နိုင်တဲ့ သံဃာတွေက လွဲရင်ပေါ့။

မနက်ပိုင်း ၁၁ နာရီမှာ ကြွရောက်လာကြတဲ့ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်းပါတယ်။ ပြီးတော့ လူတွေ ဆက်လက် သုံးဆောင်ကြပါတယ်။ နေ့လည်ပိုင်းမှာ ဗုဒ္ဓနေ့ အခန်းအနားကို စတင် ကျင်းပပါတယ်။  အခန်းအနား အစီအစဉ်ကို နှစ်ပိုင်းခွဲထားပါတယ်။ ပထမပိုင်းနှင့် ဒုတိယပိုင်းပါ။ ပထမပိုင်း အခန်းအနားကို နေ့လည် ၁၂ နာရီခွဲမှာ စတင်ဖွင့်လှစ်ပါတယ်။ ထုံးစံအတိုင်း နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခန်းအနားကို ဖွင့်လှစ်ပါတယ်။ အဲဒီနောက် အနေကဇာတင်၊ ငါးပါးသီလခံယူ၊ ဓမ္မတေး၊ ဗုဒ္ဓနေ့အကြောင်း မြန်မာဘာသာ၊ ကလေးကဗျာ၊ ဗုဒ္ဓနေ့အကြောင်း အင်္ဂလိပ်ဘာသာ၊ မင်္ဂလာကဗျာ၊ ခုနစ်နေ့ဘုရားရှိခိုး၊ ကျေးဇူးတင်စကား၊ အရပ်ဆယ်မျက်နှာ မေတ္တာပို့၊ ရေစက်ချပြီး ပထမပိုင်း အခန်းအနား အစီအစဉ်ကို နေ့လည် ၂ နာရီခွဲမှာ ရုပ်သိမ်းလိုက်ပါတယ်။

ဒုတိယပိုင်း အစီအစဉ်က ဖျော်ဖြေရေး ကဏ္ဍပါ။ ညနေ ၃ နာရီမှ ညနေ ၅ နာရီထိပါ။  ဖျော်ဖြေရေး အစီအစဉ်မှာ ပထမအနေနဲ့ လူငယ် မောင်မယ်များက ဗုဒ္ဓဝေမတ္တ (မြတ်စွာဘုရားများရဲ့ အချင်းချင်း မတူညီကြတဲ့ ဂုဏ်တော်နှင့် သက်တော်) ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရွတ်ဖတ် ပူဇော်ကြပါတယ်။ အဲဒီနောက် အတုလံ အတုမရှိ အဆိုအက၊ မဟာဝီရ အို ဗုဒ္ဓ အက၊ တေဘုမ္မာ အက၊ မကိုဋ်အကတိုဖြင့် ဖြေဖျော်ပြီးနောက် ဝေဿန္တရာ ဇာတ်တော်ကြီးကို တစ်နာရီကြာ တင်ဆက် ကပြကြပါတယ်။ အဲဒီနောက်မှ သံဃဒါန ဆွမ်းလောင်း၊ စုပေါင်း ဓါတ်ပုံရိုက်ပြီး အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။ 

ဖျော်ဖြေရေးတွေ အားလုံးပြီးဆုံးမှ သံဃဒါန လောင်းလှူတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတွေလဲ ဖျော်ဖြေရေး အစီအစဉ်ကို ရှုစား အားပေးကြရပါတယ်။ ဝေဿန္တရာမင်းနှင့် ဇူဇကာ  ပုဏ္ဏား သရုပ်ဆောင် ကောင်းတဲ့အတွက် ဘုန်းဘုန်းတွေကော ပရိသတ်တွေပါ ကြိုက်ကြပါတယ်။ ကျန်တဲ့ သရုပ်ဆောင်တွေလဲ သူ့အခန်းနဲ့သူ ကောင်းကြပါတယ်။ 

လက်လှမ်းမီသလောက် ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။











***

Tuesday, 17 May 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၄)

နှစ်လဆိုတဲ့ အချိန်အခါက ဘာမှ မကြာလိုက်။ ခေါင်း ခြောက်ခါရိတ်၊ ၀တ်ရုံတော်သင်္ကန်း ရှစ်ခေါက် လျှော်ပြီးနောက် စာရင်းပေးသွင်းထားတဲ့ IELTS စာမေးပွဲကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေတော့သည်။ ရင်မတုန်ပေမဲ့ ပြည်ပမှာ ပထမဆုံး ဖြေရတဲ့ အရည်အချင်းစစ် စာမေးပွဲမို့ ရင်တော့ ခုန်ချင်သလိုလို။ ဒီ အသက်အရွယ် ရောက်နေတာတောင် ရင်ခုန်သံတွေ မရပ်သေးတာ သူ့ကိုယ်သူ အံ့သြနေမိသည်။ ဘာတွေမေးလို့ ဘာတွေ ဖြေဆိုရမည်ကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ ဟူးးးးးးးးးးးးးးးးးးးးး (လေမှုတ်ထုတ်သံ)။ ဥပမာ။ နေကောင်းလား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ ဘယ်မှာ နေတာလဲ။ အဲဒီလို မေးခွန်းမျိုး ဆိုရင်တော့ သူ ဒိုးကလဲ ဒေါက်ကနဲ ဖြေဆိုနိုင်မှာ သေချာသည်။း)) အင်း... ဒီလို မေးခွန်းမျိုးတော့ စိတ်မှန်တဲ့ သူတိုင်း ဖြေဆို နိုင်သည်ဘဲလေ။

မေလထဲပေမဲ့ မနက်ခင်း ခပ်စောစောမို့ အအေးဓါတ်က သိသိသာသာ ရှိနေသေးသည်။ စာမေးပွဲက မနက် ကိုးနာရီ စမှာ ဖြစ်တဲ့အတွက် သူတို့နေထိုင်တဲ့ ကျောင်းမှ ၇ နာရီလောက် စထွက်ဖြစ်သည်။ စာမေးပွဲ မဖြေခင် နာရီဝက် တစ်နာရီ (သို့) လေးဆယ့်ငါးမိနစ် ကြိုရောက်မှ တော်ကာ ကျမည်။ တိုးတက်တဲ့ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း တန်းစီပြီး ခုံနံပါတ် ထုတ်ယူရဦးမည်။ အမိမြန်မာနိုင်ငံမှာတုန်းကတော့ သူ စည်းကမ်းပျက်စွာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို ကျော်တက်ပြီး ရထားလက်မှတ် ၀ယ်ခဲ့ဖူးသည်။ ဘုန်းကြီးချစ်တဲ့ နိုင်ငံပီပီ ဘယ်သူမှ အပြစ်မပြောကြ။ ဒီဘက်နိုင်ငံမှာ အဲဒီလို ကျော်တက်ရင်တော့ အက်ဖ်သံတွေ ပျံ့ထွက်လာလောက်သည်။

သူတို့အုပ်စု ၀က်စ်မင်စတာ ယူနီဗာစီတီ အနီးက အောက်စ်ဖို့ဒ်ဆားကပ် ဘူတာရုံသို့ မနက် ရှစ်နာရီခွဲခန့် ရောက်ရှိကြလေသည်။ အောက်စ်ဖို့ဒ်ဆားကပ် ဘူတာရုံက နာမည်ကြီး အောက်စ်ဖို့ဒ်စထရိ လမ်းပေါ်မှာ တည်ရှိလေသည်။ ထိုလမ်းကို တစ်ရက်မှာ လူပေါင်း သိန်းချီသန်းချီ ဖြတ်သန်းကြသည်တဲ့။ မြို့လယ်ဆိုတော့လဲ ဒီလောက်တော့ စည်ကားပေမပေါ့။ (စရောက်ဖူးခါစက အဲဒီ အောက်စ်ဖို့ဒ် စထရိကို  အောက်စ်ဖို့ဒ်မြို့ဟု သူ ထင်ခဲ့ဖူးသေးသည်။ ညံ့ချက်)။ သူတို့အုပ်စု အဲဒီဘူတာရုံနေ ရှစ်မိနစ်လောက် လမ်းလျောက်သွားကြလေသည်။ မြန်မာနိုင်ငံမှာရှိစဉ်က ဆွမ်းခံကြွခဲ့တဲ့ အထုံက ပါနေသေးတော့ ကြီးစဉ်ငယ်လိုက် လေးပါးလုံး တန်းစီပြီး စက္ခုနြေ္ဒချကာ မနှေးမမြန် ရီဂျင်စထရိပေါ် လျောက်နေကြသည်။ ၀တ်လာတဲ့ အ၀တ်အစားက လောင်းကုတ်၊ ခေါင်းစွပ် ခြေစွပ် ခြေအိတ်၊  ယူနီဖောင်း အပြည့်ဝတ်ဆင်ထားတာက တစ်ကြောင်း၊ တန်းစီပြီး မနှေးမမြန် လမ်းလျောက်နေကြတာက တစ်ကြောင်းတို့ကြောင့် ပတ်ဝန်းကျင်လူတွေအမြင်မှာတော့ အန္တာတိကတိုက်က ပင်ဂွင်းငှက်တွေ လန်ဒန်မြို့ထဲ နယ်ကျွံလာတယ်လို့ ထင်ကောင်း ထင်နိုင်လေသည်။ အမှန်ပင် ပင်ဂွင်းငှက်တို့နဲ့ တူလေစွတကား။

စက္ခုနြေ္ဒချသွားတယ်ဆိုတာ မျက်လွှာချပြီး သွားသည်ကို ဆိုလိုသည်။ မျက်လွှာချပြီး သွားတယ် ဆိုသည်မှာ ဗုဒ္ဓဥပဒေအရ ပတ်ဝန်းကျင် ရှေ့တူရူသို့ လေးတောင်ခန့်မျှသာ ကြည့်ပြီး သွားသည်ကို ဆိုလိုသည်။ သို့သော် မြို့နေ ဘုန်းကြီးတွေအဖို့ လေးတောင်ခန့်မျှသာ ကြည့်ပြီး သွားလျှင် မစားသာလှပေ။ နေ့စဉ် သံဃာဦးရေ လျော့လောက်သည်။ မြန်မာပြည်မှာဆို ပို မလွယ်သေး။ ကိုရွှေဒရိုင်ဘာတို့က မျဉ်းကြားရောက်ရင် လီဗာပိုတင်ပြီး မောင်းရမယ်လို့ အထက်က အမိန့် ထုတ်ပြန်ထားသည့်အလား ဇွတ် ဖြစ်နေကြလေသည်။ လန်ဒန်မှာတော့ မျဉ်းကြားက ကူးရင် စိတ်အေးရသည်။ သို့သော် တစ်ချို့နေရာတွေမှာ လေးတောင်ခန့်မျှသာ ကြည့်သွားလျှင်တော့ ကားတိုက်မခံရဘဲ လူကတော့ မကြာမကြာ အတိုက်ခံရလောက်သည်။ အောက်စ်ဖို့ဒ် စထရိမှာ လူတွေ များလှသည့် ဖြစ်ခြင်း။

မန္တလေးက ဆရာတော်တစ်ပါး အမိန့်ရှိတာ ကြားဖူးသည်။ ဒို့ မန္တလေးက ကိုယ်တော်တွေလဲ လမ်းလျောက်ရင် လေးတောင်ခန့်မျှသာ ကြည့်ပြီး သွားကြလေ့ရှိပါတယ်။ အရှေ့ဘက်ဆို ရန်ကင်းတောင်၊ အနောက်ဘက်ဆို ရွှေမင်းဝံတောင်၊ တောင်ဘက်ဆို ကျွဲနဖားတောင်၊ မြောက်ဘက်ဆို မန္တလေးတောင်။ အဲဒီ လေးတောင်လောက် အကွာအဝေးကိုသာ ကြည့်ပြီး လမ်းလျှောက်ကြပါတယ်တဲ့။ ဟုတ်ပေစွ။ ဟုတ်ပေစွ။ အဲဒီလို လေးတောင် အတိုင်းအရှည်လောက် ကြည့်ပါမှ အန္တရာယ် ကင်းနိုင်မည်လေ။ 

သူ ရန်ကုန်မှာ နေစဉ်တုန်းက ၀မ်းနည်းဖွယ် အဖြစ်အပျက် တစ်ခု ကြုံခဲ့ဖူးသည်။ မြို့တွင်းရွာတွင်းသို့ သွားတဲ့အခါ ဘုရားဥပဒေ သေခိယ သိက္ခာပုဒ်မှာ သြက္ခိတ္တစက္ခု= လေးတောင်ခန့်မျှသာ ကြည့်ပြီး (မျက်လွှာချပြီး) သွားရမယ်လို့ ဆိုထားသည်။ သူ နေထိုင်ရာ ကျောင်းတိုက်မှာ ကိုရီးယားဘုန်းကြီး တစ်ပါးရှိသည်။ ဒုလ္လဘ၀တ်ရင်းနဲ့ တရားဘက် ၀ါသနာ ပါသွားတဲ့အတွက် ရဟန်းဘ၀ဖြင့်ပင် အေးအေးဆေးဆေး နေထိုင်နေသည်။ တစ်နေ့ သင်္ကန်းလှန်းရန်အတွက် ကြိုးတန်းရိုက်ဖို့ ဈေးသို့ သံချောင်းဝယ် အသွား လမ်းဖြတ်အကူးမှာ ကားတိုက်ခံရပြီး ပျံလွန်သွားခဲ့လေသည်။ ကိုရီးယားဘုန်းကြီးက တကယ့် လေးတောင်ခန့်မျှသာ ကြည့်ပြီး လမ်းလျှောက်သွားသောကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့ပြီး ဘ၀ပါ ပေးဆပ်ရလေသည်။ အိမ်းးးး  ခေတ်ကာလအရဆိုရင်တော့ မန္တလေးက ဆရာတော်တစ်ပါးရဲ့ လေးတောင်(တောင်လေးလုံး) အကွာအဝေးလောက် ကြည့်ပြီး သွားတာကမှ ပိုပြီး သင့်တော်ပေဦးမည်။ သာသနာအတွက် အသက်ဆက်ဖို့ လိုအပ်သည်မဟုတ်လား။

ဘိလပ်ရောက်မှ ပရိက္ခရာ အစစ်တွေ အဖုံးကွယ်ခံရပြီး ပရိက္ခရာအတုတွေက ခန္ဓာကိုယ်ပေါ် နေရာ ယူကုန်သည်။ သင်းပိုင် ကိုယ်ဝတ်တို့ အပေါ်၌ လောင်းကုတ်ကြီးက စွင့်စွင့်ကားကား ၀ံ့ကြွားနေလေသည်။ သင်္ကန်းသာသနာပျောက်ပြီး လောင်းကုတ် သာသနာ ရောက်သွားမှာကိုပင် တွေးပူချင်စရာ ဖြစ်သည်။ သို့ပေမဲ့ ရောမရောက် ရောမလိုကျင့်၊ ဘိလပ်ရောက် ဘိလပ်လို ကျင့်ရမည်ဘဲ။ မတတ်နိုင်တော့ပြီ။  အမိမြန်မာနိုင်ငံမှာလို သင်းပိုင် ကိုယ်ဝတ် သင်္ကန်းလေးဖြင့်သာ သွားလာပါက လူအနှောင့်အယှက် မခံရသည် ထားဦး။ လေက ခပ်ထန်ထန် ရာသီဥတုက ဖရိုဇင်ဆိုတော့ သင်္ကန်းတွေ လေလှန်ပြီး လူလဲ ရေခဲတုန်းဘ၀ ရောက်လောက်သည်။ လောင်းကုတ်လေးနဲ့မှ ဣနြေ္ဒရရ ကြွနိုင်သေးသည်။ 

လောင်းကုတ်ကြီးနဲ့ ဟိုသွား ဒီသွား လုပ်ပြန်တော့လဲ လူဖြူတွေက မေးကြသည်။ မင်းတို့က ရှောင်လင် ဘုန်းကြီးတွေလား။ တိဗက်ဘုန်းကြီးတွေလား တဲ့။ တစ်ချို့က ဒလိုင်းလမ်းမားးးးးးးး ဟူ၍ အကျယ်ကြီး အော်ခေါ်ပြီး နောက်ပြောင်ကြသေးသည်။ အဆိုးဆုံးမှာ လူငယ်ပိုင်းတွေနဲ့ တွေ့တဲ့အခါ မင်းတို့ သိုင်းတတ်သလား ဟု အမေးခံရခြင်းပင် ဖြစ်သည်။ ငါတို့ ဘာသာက သိုင်းကစားတဲ့ ဘာသာ မဟုတ်ဘူးလို့ ဖြေလိုက်ရင်လဲ သူတို့က မယုံချင်ကြ။ ဒါကြောင့် တစ်ခါတစ်ခါတော့လဲ ခါးပတ်နက်တွေ အများကြီး ရထားတဲ့ တကယ့်ဆရာကြီး စတိုင်လ်မျိုး ခါးကိုကော့ ရင်ကို မော့ပြီး ခပ်ကြွကြွ လျောက်ပြလိုက်ရသည်။ ဟန်ကိုယ့်ဖို့ မဟုတ်လား။ မတော်လို့ သိုင်းပညာ လာစမ်းရင်တော့ ဒုက္ခ။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး ခြေသိုင်းပညာအသုံးပြုကာ တဟုန်ထိုး ထွက်ပြေးလာရုံမှ လွဲပြီး သူ ဘာပညာမှ မတတ်။ အင်းးးး အင်းးးးး အပြေးလေးတော့ လေ့ကျင့်ထားဦးမှ။ ဒါမှ အရေးနဲ့ဆို အမောခံနိုင်မှာ။  ။


ဆက်ရေးပါဦးမယ်။

***Picture from Google Search

**



Monday, 16 May 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၃)


ဘိလပ်ရောက်ပြီး အင်္ဂလိပ်စာ သင်တန်းလေး နှစ်လ သုံးလလောက် တက်ပြီး IELTS စာမေးပွဲ ဖြေဆိုဖို့ သူတို့အုပ်စု ပြင်ဆင်ကြသည်။ ထိုစာမေးပွဲ သတ်မှတ်အဆင့်မီမှ တက္ကသိုလ် တစ်ခုခု ဆက်လက်လို့ ရမည်လေ။ ထို့ကြောင့် စာဖြေဌာနကို သူတို့ လိုက်ရှာကြသည်။ တွေ့ပါပြီ။ ၀က်စ်မင်စတာ ယူနီဗာစီတီ မှာ။ အဲဒီ တက္ကသိုလ်မှာ ဖြေဆိုလို့ ရသည်ဘဲ။ ဘိလပ်ရောက်ခါစ ဆိုတော့လဲ အင်တာနက် လမ်းညွန်တွေက မသုံးတတ်သေး။ ထို့ကြောင့် တတ်ယောင်ကားဖြင့် လန်ဒန်မြို့မြေပုံကို ဖြန့်ခင်းပြီး ရှာဖွေကာ သူတို့အုပ်စု IELTS စာမေးပွဲအတွက် စာရင်းပေးဖို့ဝက်စ်မင်တာ ယူနီဗာစီတီ ရှာပုံတော် ထွက်ခဲ့ကြလေသည်။

ဘုန်းကြီးတွေပီပီ ပုံသေကားချပ် တွက်ထားသည်မှာ ၀က်စ်မင်စတာ ယူနီဗာစီတီသည် ၀က်စ်မင်စတာ ဘူတာရုံ အနီးတစ်ဝှိုက် ရှိရမည်ဟူ၍ပင်။ ထို့ကြောင့် သူတို့ နေထိုင်ရာ ဟောင်းစလိုးအရပ်မှ ပစ်ကစ်ဒလီ မြေအောက် ရထားလိုင်းဖြင့် လန်ဒန်မြို့ထဲသို့ တပ်ချီသွားကြလေသည်။ မြို့ထဲက ဂရင်းပါ့ခ် ဘူတာမှာ ဆင်းပြီး နောက်ထပ် မြေအောက်ရထား တစ်ခု ဖြစ်တဲ့ ဂျူဘလီလိုင်းဖြင့် ထပ်စီး သွားကြလေသည်။ မကြာမြှင့်မီမှာပင် ၀က်စ်မင်စတာ ဘူတာရုံသို့ ရောက်ရှိခဲ့ကြလေသည်။

သို့သော် ဘူတာရုံက ထွက်ပြီး ဘယ်ဝယ်ဘယ်ဆီ ဆက်သွားရမှန်း သူတို့ အုပ်စု မသိကြတော့။ စာရွက်ပေါ်က မြေပုံနဲ့ လက်တွေ့ရောက်ရှိနေတဲ့ နေရာနဲ့ ဆက်စပ်လို့ မရ ဖြစ်နေလေသည်။ သူတို့ လေးပါး အုပ်စု အရှေ့အနောက် တောင်မြောက်တို့ကို တစ်ပါး တစ်လွဲစီ မှန်းဆကြရင်း ယောင်လည်လည်ဖြင့် အခက်တွေ့နေလေတော့သည်။ ထိုသို့ အခက်အခဲ ဖြစ်နေခိုက် ဘိလပ်သို့ ရောက်ခါစက ဘိလပ်သို့ အရင်ရောက်နဲ့ ပြီးသူတို့ ပြောပြသော စကားကို အမှတ်ရလေသည်။ ဘိလပ်က ရဲတွေက မြန်မာက ရဲတွေလို ကြောက်စရာမလိုဘူး။ ကူညီဖို့ဆို ကလေးသော ခွေးသော မရွေးဘူး။ အကူအညီပေးကြတယ်၊ ဒါကြောင့် အခက်အခဲတွေ့ရင် သူတို့ကို သွားပြီး အကူအညီတောင်းပါ။ သူတို့ ဖြေရှင်းပေးပါလိမ့်မယ် ဟူသတည်း။

ဒါနဲ့ ဘူတာရုံနဲ့ မျက်နှာချင်းဆိုင်နားက လွန်စွာမှ ကြီးမားလှတဲ့ အဆောက်အဦ ၀င်းအတွင်းက သေနတ်တွေ လွယ်ထားပြီး တာဝန်ထမ်းဆောင်နေကြတဲ့ ရဲသားတွေဆီ သူတို့အုပ်စု ချဉ်းကပ် သွားလိုက်ကြသည်။ ရဲသားတစ်ယောက်အား ၀က်စ်မင်စတာ ယူနီဗာစီတီအား မေးကြည့်သောအခါ မသိဘူး ဒီနား မရှိဘူး ဟူ၍သာ အဖြေ ရရှိလေသည်။ ခဏအကြာ၌ နောက်ထပ် ရဲသားတစ်ယောက် ရောက်လာရာ သူတို့ မေးကြည့်တဲ့အခါမှာမှ သူက လိပ်စာပေးပါတဲ့။ သူ့ကို လိပ်စာ ပေးလိုက်တော့ မင်းတို့ သွားရမဲ့နေရာက ဒီမှာ မဟုတ်ဘူး။ အောက်စ်ဖို့ဒ် ဆားကပ်မှာဆင်းပြီး လမ်းလျှောက်ရမှာတဲ့။ ဒါဆိုရင် အဲဒီကို ရောက်အောင် ဘယ်လို သွားရမလဲ ဆိုတော့ ဒီဘူတာကနေ ဂရင်းပါ့ခ်ကို မြေအောက်ရထား ထပ်စီးပါ။ ဂရင်းပါ့ခ်ရောက်ရင် ဗစ်တိုးရီးယားလိုင်းကို ပြောင်းစီးပါ၊ အောက်စ်ဖို့ဒ်ဆားကပ် ရောက်ရင် ဆင်းပြီး လမ်းလျှောက်လိုက်ရင် ၈ မိနစ်အတွင်း ရောက်လိမ့်မယ် ဟူ၍ သေသေချာချာ ရှင်းပြပေးလေသည်။ (နောက်မှ သိလာရသည်မှာ သူတို့အုပ်စု ၀င်ရောက်၍ အကူအညီသွားတောင်းခဲ့တဲ့ နေရာဟာ ဘိလပ်ဝန်ကြီးချုပ်တို့ အစည်းအဝေး ပြုလုပ်နေကျ နေရာ တစ်ခု ဖြစ်တဲ့ ပါလီမာန် အဆောက်အဦကြီးပင် ဖြစ်လေသော ဟူ၏)။

သူတို့လဲ သူတို့လာခဲ့ရာ လမ်းကြောင်းအတိုင်း မြေအောက်ရထားကို ထပ်စီးပြီး ရဲသား ညွန်ပြခဲ့တဲ့ အတိုင်း သွားရောက်ခဲ့ရာ နာရီဝက်အတွင်း အောက်စ်ဖို့ဒ် စထရိနှင့် ရီဂျင့်စထရိတ် လမ်းဆုံရာ မနီးမဝေးနားမှာ ရှိတဲ့ ၀က်စ်မင်စတာ ယူနီဗာစီတီသို့ ဆိုက်ဆိုက်မြိုက်မြိုက်မြိုက် ရောက်ရှိခဲ့ကြတော့သည်။ ကျေးဇူးကမ္ဘာပါ။ ရဲအရာရှိတို့ရေ။ နို့မို့ဆို ယောင်ခြာခြာနဲ့ ဘိလပ်ရောက် တောသား လေးယောက်လို့ ဆိုရလေမလား။ လေးယောက်ပေါင်း လေးကျော် ဖြစ်မလား မပြောတတ်တော့ပေ။ သို့သော် အရှုံးထဲက အမြတ်မှာ ဖိုးသူတော် မျက်စိလည်လမ်းမှားလျှင် ဆွမ်းဆန် များများရတတ်သကဲ့သို့ သူတို့ အုပ်စုလဲ လမ်းမှား၍ ပါလီမာန်သို့ စောစောစီးစီး ရောက်ဖူးခွင့် ကြုံရတော့သည် တမုံ့။  ။

သူတို့အုပ်စုသည် ၀က်စ်မင်စတာ ယူနီဗာစီတီ အဆောက်အဦ အောက်ထပ်၌ IELTS စာမေးပွဲအတွက် စာရင်းပေးသွင်းပြီး ၀င်ခွင့်လွှာ စာရွက်ပိုင်းလေးကို ယူဆောင်ကာ လာလမ်းအတိုင်း ပြန်လာခဲ့ကြလေသည်။  ရှေ့ နှစ်လလောက်နေရင် ၀င်ခွင့် စာရွက်ကလေး ယူဆောင်ကာ အဲယူနီဗာစီတီမှာ စာမေးပွဲ လာဖြေကြရမည်။ ကျောင်းပြန်ရောက်ပြီး နှစ်လလောက်နေမှ ဖြေဆိုရမဲ့ စာမေးပွဲကို ဒီနေ့ သို့မဟုတ် မနက်ဖန် ဖြေဆိုရတော့မဲ့ အလား မနားမနေ ကြိုးစားနေကြသည်ဟူ၍ အထင်တော် မရှိစေလို။ အမှန်မှာ တစ်ရက်ကို အင်္ဂလိပ်စာအုပ် ဆယ်မျက်နှာခန့် ဖတ်ရသည်ကိုပင် လွန်စွာ ကြီးမားလှသည့် တာဝန်ကြီးတစ်ရပ်ကို ထမ်းဆောင်ရသည့်အလား ပင်ပန်းလိုက်တာဟူ၍ မကြာခဏ ငြီးငြူကာ IELTS စာမေးပွဲ ဖြေဆိုရမဲ့ နေ့ရက်ကို လက်ချိုးမရေ၊ ပြက္ခဒိန် မကြည့်ဘဲ နေနေနားနား စားစားသောက်သောက်ဖြင့် သက်တောင့်သက်သာ စိတ်မပါ့တပါ စောင့်မျှော်နေကြလေတော့သတည်း။ ။

ဆက်ရေးပါဦးမယ်။

*****Picture from Google Search

***

.

Saturday, 14 May 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၂)

သူလဲ သူ၏ အထုပ်အပိုးကို အောင့်အီး သယ်ပိုး ထားရတဲ့အတွက် ဦးကောကို ကျွဲမီးတိုနေမိသည်။ ဦးကော လုပ်လိုက်လို့ သူ အပေါ့မသွားခဲ့ရတာ ဟူ၍ စိတ်ထဲက ကျိတ်မခဲ ဖြစ်နေလေသည်။ ထို့ကြောင့်... ဦးကောက သိပ်ပြီး တောကျတာဘဲ။ ဒါလေးတောင် မသိဘူးလား။ အင်္ဂလိပ်စာ သင်လာခဲ့တဲ့ လေးငါးခြောက်နှစ်က ဒီနေရာလေးမှာတောင် အသုံးမချနိုင်ဘူးလား ဟူ၍ တပြောပြော ဖြစ်နေလေသည်။ ဦးကောကလဲ ပြန်ပြောရှာပါသည်။ ငါ.. သတိမထားမိလိုက်လို့ပါကွာ၊ ဒီအင်္ဂလိပ်စာလောက်တော့ ဖတ်တတ်ပါတယ် တဲ့။

ဝဋ်မှာအမြဲ ငရဲမှာ အပ ဆိုတာ အမှန်သားကလား။ ဦးကောကို မြည်တွန် တောက်တီး ပြုလုပ်ခဲ့သမျှ ၀ဋ်က သူ့ဆီ ဒဲ့ကော တွတ်ကော မင်္ဂလာစုံတွဲပါ ၀င်လာလေသည်။

ကျောင်းဒကာကြီးက သူတို့အဖွဲ့ထဲက အကြီးဆုံး ဦးဇင်း ဦးတေအား ကွန်ပျူတာ လှူချင်သည်တဲ့။ ကွန်ပျူတာဆို သူက ဟိုစပ်စပ် ဒီစပ်စပ် နားလည်သူ ဖြစ်လေတော့ ဦးတေနဲ့အတူ PC World အမည်ရှိ ကွန်ပျူတာဆိုင် ခပ်ကြီးကြီးသို့  သွားရောက်ပြီး တိုရှီဘာ ၀င်းဒိုး ဆဲဗင်း လက်ပ်တော့ပ် တစ်လုံးအား ပါကင်ပိတ် ၀ယ်ယူခဲ့လေသည်။ ကွန်ပျူတာဝယ်ပြီး ကျောင်းပြန်ရောက်တော့ ကွန်ပျူတာ စဖွင့်ကြည့်သည်။ အားလုံး ပါဖက်ပါဘဲ။ သို့ပေမဲ့ ဆင်တစ်ကောင်လုံး ၀င်ပြီး အမြီးကျမှ တစ် ဆိုသလို ကွန်ပျူတာက ကောင်းပေမဲ့ ၀က်ဘ်ကင်က အလုပ်မလုပ်တော့ ခက်နေသည်။

ထို့ကြောင့် နောက်တစ်နေ့၌ ထို ပီစီဝေါလ် ဆိုင်သို့ ထိုကွန်ပျူတာကို ယူဆောင်ပြီး ကွန်ပျူတာ အသစ်တစ်လုံးဖြင့် လဲလှယ်ရယူရန် သွားရပြန်လေသည်။ ဘိလပ်နိုင်ငံမှာ အဲဒီလို ကာစတန်မာ ရိုက် ကလေး ရှိတာ မဆိုးဘူး ဟု သူမြင်မိသည်။ သို့သော် အလွယ်တကူတော့ မရ။ ရောင်းတုန်းကတော့ ရော့ အင့် ဆိုပြီး မိနစ်ပိုင်းအတွင်း ပြီးခဲ့လေသည်။ တစ်ခုခု အပြစ်ရှိလို့ ပြန်လဲယူမယ်ဆိုတော့ တစ်နေကုန် စောင့်ရရော။ ၀က်ဘ်ကင်ကို ဆိုင်က ကြိုးစား ပြုပြင်သည်။ ဒါပေမဲ့ မရ။ ဘယ်ရပါ့မလဲ သူကိုယ်တိုင် ကျကျနန ပြင်ဆင်ကြည့်တာမှ မရခဲ့တာ။ သူလဲ အဲဒီလောက်တော့ ကလိတတ်သည်ဘဲ။

ဒါနဲ့... အဲဒီ ပီစီဝေါလ်မှာ တစ်နေကုန်ခဲ့သည်။ ၀တ်ထားတဲ့ အ၀တ်အစားက ခပ်ထူထူ။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပရိက္ခရာ အစုံအလင် သူ ၀တ်သွားခဲ့သည်လေ။ ဆိုင်လာခါနီး ကော်ဖီတစ်ခွက် သောက်လာခဲ့တာက တစ်ကြောင်း၊ ဆိုင်ထဲမှာ အဲယားကွန်း အပြည့် လွတ်ထားတာက တစ်ကြောင်း၊ အဲဒီ နှစ်ကြောင်းကြောင့် အချိန်ကြာလာတော့ သူ အပေါ့ သွားချင်စိတ်  ပေါက်လာသည်။ တွိုင်းလက်ဆိုတဲ့ စာလုံးကို တစ်ဆိုင်လုံး လိုက်ရှာသည်။ ဒါပေမဲ့ သူ မတွေ့။ နောက်ဆုံးတော့ ဆိုင်ဝန်ထမ်းတွေကို မေးလိုက်ရလေသည်။ တွေ့မှတွေ့တော့ သူ့ အနားက နံရံတစ်ဘက်ခြားမှာ။ အော်.... တွိုင်းလက်ကို စာမရေးဘဲ ထားတာကိုး။

ဒါနဲ့... တွိုင်းလက်ထဲ ၀င်ပြီး ပရိက္ခရာ အချို့ကို ခပ်လျော့လျော့ လုပ်ပြီး သူ အပေါ့သွားသည်။ ထို့နောက်တွင်တော့ အမှတ်တမဲ့ပါဘဲ (ဦးကော ဆွဲလိုက်သလို) ရေဆွဲချဖို့ အိမ်သာ ကြွေခွက် အပေါ်တည့်တည့်က ကြိုးကလေးကို သူ ဆွဲလိုက်မိလေသည်။ ဆွဲပြီးမှ မှားမှန်း သူသိသွားသည်။ မြည်လိုက်သမှ တတီတီ နဲ့။ အင်မာဂျင်စီ အလန်းမ် အသံ။ အိမ်သာထဲမှာ သူ တော်တော် ဒုက္ခရောက်နေသည်။ သင်းပိုင်ကိုဘဲ ပြန်ပြင်ဝတ်ရတော့မလိုလို၊ လောင်းကုတ်ကြယ်သီးတွေဘဲ ပြန် တပ်ရတော့ မလိုလိုနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေသည်။ အဲဒီပုံစံကို စဉ်းစားရင် အခုထက်ထိ ရှက်သလိုလို ဖြစ်မိသည်။ နောက်မှ သူ စဉ်းစားသည်။ အသံမြည်တာ ရှိရင် အသံရပ်အောင် လုပ်တဲ့ အရာလဲ ရှိရမယ် ဟူ၍။ အဲဒီတော့မှ သူနှင့် မနီးမဝေး နံရံတစ်ခုမှာ ခလုပ်တစ်ခု သူ သွားတွေ့သည်။ ကြည့်လိုက်တော့ အင်မာဂျင်စီ အမှတ်အသားလေးနဲ့။ သူ အဲဒီ ခလုပ်ခလေးကို နှိပ်လိုက်တဲ့ အခါမှ အသံတွေ အားလုံး ရပ်သွားလေသည်။

တော်ပါသေးရဲ့။ ဘယ်သူမှ မလာခဲ့ကြလို့။ နို့မို့ဆို သူ့ရဲ့ ကို့ယို့ကားယားပုံကြီးက ရှက်စရာကြီး။ ကာစတန်မာတွေ ခဏခဏ မှားဆွဲမိတတ်လို့လား၊ ဆိုင်ထဲမှာဘဲ တစ်ခြားအသံတွေက ပိုဆူညံနေလို့လား။ ဘာလားညာလား မသိပေမဲ့ သူကတော့ ကံကောင်းစွာပင် တစ်ယောက်ယောက် လာပြီး အားယူအိုကေ အလုပ်မခံခဲ့ရရှာပေ။ အသံတွေ တိတ်သွားတော့ သူမျက်နှာ ပျက်နေမလား မသိဘူးဆိုပြီး ဘေစင်အပေါ်က မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့မျက်နှာသူ အကဲခတ်နေမိသည်။ မျက်နှာ မပျက်ဘူး ထင်ပါရဲ့။ အဲဒီနောက်တော့မှ  အိမ်သာထဲက ထွက်လာပြီး သူ သက်ပြင်းရှည်ကြီး ချနိုင်လေသည်။ စိတ်ထဲမှာတော့....

"ငါ ဦးကောကို ပြောခဲ့လို့ အခု ၀ဋ်လည်တာ"

ဆိုပြီး သတိသံဝေတွေ ၀င်ရောက်လာလေသည်။ ဟုတ်ပေသည်။ တစ်ယောက်ယောက်ကို ကာယကံ ၀စီကံ မနောကံ တစ်ခုခု သို့မဟုတ် အားလုံးဖြင့် ပြောဆို စော်ကားမိခဲ့မယ်ဆိုရင် ၀ဋ်က နောက်ကနေပြီး တကောက်ကောက် လိုက်နေမှာ သေချာလှလေသည်။ ဒီနေ့ ၀ဋ်လည်မလား။ မနက်ဖန်လား။ သန်ဘက်ခါလား။ လာမဲ့နှစ်လား။ ရှေ့ဆယ်နှစ်မှာလား။ မသေခင်လား။ နောင်ဘ၀မှာလား။ အတိအကျ မပြောနိုင်ပေမဲ့ ၀ဋ်ကတော့ သေချာပေါက် လိုက်လာပေမည်။ ဘုရား ဘုရား  ၀ဋ် ၀ဋ်။ ပြေးလို့ မလွတ်နိုင်ပါလား။ အလွန့်အလွန် ကြောက်စရာကောင်းလှတဲ့၊ ပြုသူနောက် တကောက်ကောက် လိုက်လေ့ရှိတဲ့ ၀ဋ်တုံးဝဋ်ခဲကြီးပါတကား။ ဆင်ခြင်ဥာဏ်ဖြင့် သတိသံဝေဂ ယူကြကုန်လော့။ ။

အားရင် ဆက်ရေးပါဦးမည်။
*** Picture from Google Search
**

Thursday, 12 May 2011

ဆာနာမံတော်နှင့် သူ၏ ၀က်စ်မင်စတာ ပုံပြင် (၁)

မြန်မာပြည်မှာ နေတုန်းကတော့ ဒီကတုံးဖော်၊ ဒီပုခုံးဖော်ပြီး ဒီသင်းပိုင် ဒီကိုယ်ဝတ် ဒီညှပ်ဖိနပ်ကလေးနဲ့တင် ရပ်ရွာ/ရပ်ကွက်ထဲ ဆွမ်းရေး ကွမ်းရေး သာသနာရေး ဘာသာရေးအတွက် သူ သွားလာနေကျ ဖြစ်သည်။ တင့်တယ်လိုက်သမှ သမဏသာရုပ္ပ အပြည့်အ၀ပင်။ အသားဖြူဖြူ ခေါင်းစိမ်းစိမ်း သင်္ကန်းညိုညိုနဲ့ ကပိုကရို သူ မဖြစ်ခဲ့။ ပရိက္ခရာပစ္စည်းလဲ ဒီထက် ပို၍ သယ်ဆောင်သွားစရာမလို။

ဟော... ရောက်ခဲ့ပါပြီ ဘိလပ်ပြည်။ မြန်မာမှာလို သင်းပိုင် ကိုယ်ဝတ် ညှပ်ဖိနပ်နဲ့တင် ပရိက္ခရာက မလုံလောက်တော့။ ခြေအိတ် လက်အိတ် လည်ပတ် ခေါင်းစွပ် အတွင်းခံ အပြင်ခံ အနွေးထည်တို့အပြင် လောင်းကုတ်ကြီးပါ ပရိက္ခရာပစ္စည်းထဲ အလိုလို ၀င်ရောက်လာလေသည်။ အပြင်တစ်ခါ ထွက်ဖို့အရေး ခန္ဓာကိုယ်ကို ကောက်ညှင်းထုပ် ထုပ်သလို ထုပ်ပိုးထားရသည်မှာ သူ့အတွက် ဘေးကြပ်နံကြပ် အဖြစ်ဆုံးပင် ဖြစ်သည်။ အဲဒီလို မထုပ်ပိုး၍လဲ မဖြစ်။ သူ ဘိလပ် ရောက်တဲ့ရာသီက ဆောင်းတွင်းအတွင်းပိုင်းကြီး။ အေးလိုက်သမှ ကျုံ့နေတာဘဲ။ အပြင်ထွက်တဲ့အခါ အဲဒီလိုမှ ခန္ဓာကိုယ်ကို မထုပ်ပိုးတားရင် Frost bite ကြောင့် နားရွက်ပြတ် နာခေါင်းပြတ် လက်ဆစ် ခြေဆစ်ကလေးတွေ ပြတ်ကြပြီး  သစ်ကိုင်းသစ်ခက်တွေ ခုတ်ဖြတ်ချခံထားတဲ့ သစ်ငုတ်တိုကြီးလို ဖြစ်မှာ သေချာသည်။

သူ့အရပ် ရောက်တော့ သူ့ဇာတ်ပေဘဲ။ မတတ်နိုင်ပြီ။ ဒါပေမဲ့ အပေါ့အလေး ကိစ္စကတော့ အလွန် အခက် တွေ့လှသည်။ ဘ၀ တစ်လျောက်လုံး တစ်ခါမှ အဲဒီလို မနေခဲ့ဖူးတော့ အပေါ့အလေး သွားတဲ့အခါ မကြာခဏ အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်သည်။ အင်း... အခုထက်ထိ အလွဲအချော် ဖြစ်တုန်းပါဘဲလေ။ မထိဖူးသေးတဲ့ အ၀တ်အစားတွေနဲ့ ခန္ဓာကိုယ်အနံ့ ထိတွေ့နေတော့လဲ ဟိုနားက ယားယံလာသလိုလို ဒီအနားက ပိုးကောင်လေးဝင်ရောက် ကိုက်ခဲခံနေသလိုလို ဟိုနားဒီနားတွေက မျက်တက်မျက်တက်နဲ့ အတော်လေး နေရထိုင်ရ ဆိုးလှတာကလား။

သူဝတ်ရုံထားတဲ့ ပရိက္ခရာ ပစ္စည်းတွေကို သူ စိတ်ထဲက ရေတွက်နေမိသည်။ 
သင်းပိုင်၊ ကိုယ်ဝတ်၊ ခေါင်းစွပ်၊ အနွေးအင်္ကျီ သုံးထည်။ လောင်းကုတ်၊ ရှော့ပင်၊ လောင်းပင်၊ ခြေအိတ် နှစ်ထပ်၊ ရှူးဖိနပ် တစ်ရံ။ ဘာကျန်သေးပါလိမ့်။ အဲ.. မျက်မှန်က တပ်လိုက်သေး။ သူ့လောင်းကုတ် အိတ်ထဲမှာ မိုဘိုင်း တစ်လုံး၊ ကျောင်းသော့ တစ်စုံ၊ ခရီးသွားလာရေးအတွက် အဆင်သင့်ဖြစ်စေဖို့ ပိုက်ဆံအိတ်။ ကျန်သေးသည်။ ကျန်သေးသည်။ သိပ်တော့ မမှတ်မိတော့။ ကြာခဲ့ပြီလေ။ ဒေသ အပြောင်းအလွဲ၊ ရာသီ ဥတု အပြောင်းအလဲကြောင့် အဲဒီတုန်းက အဲဒါတွေ အကုန် သူ ၀တ်ခဲ့ သုံးခဲ့လေသည်။ (အခုအချိန်မှာတော့ ရာသီဥတု ကျင့်သား ရလာပြီ ဖြစ်တဲ့အတွက် ဘိလပ်ပရိက္ခရာ အချို့ကို သူ မသုံးစွဲတော့ပေ)။

ဘိလပ်ရောက်လာတာကလဲ စာပေသင်ယူ သင်ကြားဖို့ဆိုတော့ စာအုပ်ဆိုင် ခပ်ကြီးကြီးတွေ့ရင် ဆိုင်ထဲ ၀င်ပြီး စာအုပ်တွေ ၀ယ်တာ မ၀ယ်တာ အပထားပြီး ၀င်းဒိုးရှော့ပင်း သူ မကြာမကြာ လုပ်ဖြစ်သည်။ သီတဂူဆရာတော်ကြီး ဘိလပ်ကြွလာစဉ်တုန်းကလဲ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ ကွန်ဖရင့်၊ အဲဒါတွေနဲ့ ပတ်သက်ရင် ဘယ်တော့မှ လက်မနှေးနဲ့ အပြေးလေးသာ သွားလိုက် မောင်ပဇင်းတို့ ဟူ၍ အမှာတော် ရှိထားခဲ့ ဖူးသည်လေ။ ဆရာတော်ကြီးက ဆက်မိန့်သည်မှာ စာအုပ်ဆိုင်သွားပြီး စာအုပ်ဒေါင့်(အနောင့်)မှာ ရေးထားတဲ့ စာရေးဆရာ နာမည်နဲ့ စာအုပ်နာမည် သိရင် မောင်ပဇင်းတို့ အတော်လေး ဟုတ်နေပြီ တဲ့။ အင်းးး မှတ်သားထားဦးမှ။

တစ်နေ့။
သူနှင့် အခြား ဦးဇင်း သုံပါး၊ စုစုပေါင်း လေးပါး၊ စာအုပ်ဝယ် ထွက်ဖြစ်သည်။ လန်ဒန်မြို့ထဲ တစ်နေရာက Waterstones အမည်ရှိ စာအုပ်ဆိုင်ကြီးသို့ သွားခြင်း ဖြစ်သည်။ စာအုပ်ဆိုင်ကြီးက ကြီးလိုက်သမှ မပြောနဲ့တော့။ သူ့ရပ် သူ့ရွာလေးထက်ပင် ပိုကြီးသလား အောက်မေ့ရသည်။ ပညာရေး၊ ဘာသာရေး၊ စစ်ရေး၊ သမိုင်း၊ သိပ္ပံ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါး၊ ၀တ္ထု၊ သုတေသန၊ စတဲ့ စတဲ့ အမျိုးအစားပေါင်း များစွာကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ရှာရ ဖွေရ လွယ်အောင် ပြုလုပ် စီမံထားလေသည်။ ကောင်းလိုက်တာ ကောင်းလိုက်တာ။ 

စာအုပ်ဆိုင် အောက်ထပ်၌ ကော်ဖီဆိုင် ရှိလေသည်။ စာအုပ်ဆိုင်ကလဲ နာရီများစွာ လည်ပတ်ကြည့်မှ အစုံအလင် မြင်ရမှာ မဟုတ်လား။ စာအုပ်ဆိုင် လည့်ပတ်ကြည့်ရင်း မောပန်းပြီး ဆာလောင်လာရင် အောက်ထပ်ဆင်းပြီး ကော်ဖီကို ဇိမ်ကျကျ  သောက်သုံးလိုက်ရုံဘဲ။ ဟန်ကျလိုက်တာ။ ဟန်ကျလိုက်တာ။ ဒါနဲ့ သူနှင့် အခြား ဦးဇင်း သုံးပါး ကော်ဖီဆိုင်မှာ ကော်ဖီမှာပြီး ၀မ်းတီးတူးတီး လုပ်လိုက်ကြလေသတတ်။ 

လောက ထုံးစံထဲမှာ စားရင် သွားမယ်၊ သောက်ရင် ပေါက်မယ် လို့ ဆိုထားတဲ့ အတွက် သောက်ပြီးတော့ ပေါက်ဖို့ အကြောင်းဖန်လာလေသည်။ ပထမံ တာဝ ရှေးဦးစွာ ဦးကော (ဘွဲ့ပြောင်းထားသည်) အိမ်သာထဲ ၀င်သွားပြီး အပေါ့ သွားစွန့်သည်။ ကျန်းမာရေးက အဓိက ကျတယ်လေ။ ချုပ်တည်းထားလို့မှ မကောင်းတာ။ ဦးကော အိမ်သာထဲ ၀င်သွားပြီး မကြာမြှင့်မီမှာပင် ကော်ဖီတစ်ဆိုင်လုံး အင်မာဂျင်စီ အလန်းမ်(အရေးပေါ် အချက်ပေးသံ) အသံဖြင့် ဖုံးလွှမ်းသွားလေတော့သည်။ ဦးကောလဲ အိမ်သာထဲက အမြန်ထွက်လာသည်။ မျက်နှာမှာတော့ ချွေးတွေ ပြန်လို့။ လောင်းကုတ်အင်္ကျီကြီးကလဲ ကို့ယို့ကားယားနဲ့။

ဦးကော အထွက်မြန်လာလို့ တော်သေးသည်။ နို့မဟုတ်ရင် အိမ်သာထဲမှာ အစစ်အဆေး ခံရပေဦးမည်။ အရေးပေါ် အချက်ပေးသံကြောင့် ဆိုင်ဝန်ထမ်းတွေ အိမ်သာဆီသို့ ချီတက်လာကြသည်။ ဦးကော ထွက်လာခဲ့သည့် အိမ်သာ တံခါးကို အပြင်က ခေါက်ပြီး အားယူ အိုကေ ဟု အော်ဟစ်မေးနေကြသည်။ အထဲက ဦးကော အပြင်ထွက်လာပြီးသည်ကိုတော့ သူတို့ မသိကြ။ သူတို့ကို အိမ်သာတက်တဲ့လူ အပြင်ရောက်လာပါပြီ ဘာမှ မဖြစ်ပါဘူး ဟု ပြန်ပြောလိုက်မှ အင်မာဂျင်စီ ခလုပ်ကို ပိတ်ပြီး ပြန်သွားကြလေသည်။ သူတို့ မျက်နှာတွေကတော့ စပ်ဖြဲဖြဲနဲ့။

ဒါနဲ့... ဆိုင်ဝန်ထမ်းတွေ ပြန်သွားတော့ ဦးကောနား ကပ်ပြီး ဦးကော အိမ်သာထဲ ဘာသွားလုပ်လိုက်လို့ အချက်ပေးသံတွေ ထွက်ပေါ် လာရတာလဲ ဟု မေးမြန်းကြည့်မိကြသည်။ သိပါဘူးကွာ။ အပေါ့ စွန့်ပြီးတော့ ရေဆွဲချရအောင် တွဲလဲဆွဲထားတဲ့ ကြိုးလေးကို ဆွဲလိုက်တာနဲ့ အဲဒီ အသံတွေ ထွက်ပေါ်လာတာဘဲ၊ အဲဒီ အသံတွေကြောင့် ထွက်ပြေးလာတာ ဟူ၍ ပြောပြလေသည်။ အင်းးး ဖြစ်ရမယ်၊ ဖြစ်ရမယ်၊ မြန်မာပြည်မှာလို အိမ်သာရေကို ကြိုးနဲ့ ဆွဲချရတဲ့ စနစ်က ဒီနိုင်ငံမှာ သိပ်မရှိတော့သာ သိမှ မသိရှာပေးဘဲကိုး။

အဲဒါနဲ့ဘဲ... ကျန်တဲ့ ဦးဇင်းတွေလဲ လူတွေ ၀ိုင်းကြည့်နေတာ ခံရတဲ့အတွက် လွန်စွာမှ ရှက်လွန်းလှသဖြင့် အဲဒီ အိမ်သာထဲ အပေါ့မစွန့်တော့ဘဲ သဘာ၀၀န်ထုပ်ကြီးကို အောင့်အီးကာ သယ်ဆောင်လာရချေတော့သည် တမုံ့။

(ဖတ်တဲ့သူ မရှိမှန်းတော့ သိတယ်။ ဒါပေမဲ့ အားရင် ဒီပုံပြင်ကို ဆက်ရေးဦးမယ်။ အခုမှ တစ်ဝက်တောင် မရောက်သေးဘူး)။

***N.B ....Picture from Google Search

**.

Tuesday, 10 May 2011

ပေါင် ၇၀.၂၀ တန် မျှစ်ချဉ်ဟင်း


လွန်ခဲ့တဲ့ သုံးရက်လောက်က သူ မျှစ်ချဉ်ဟင်း ချက်ခဲ့သည်။ နှစ်နှစ်သက်သက် စားသုံးခဲ့သည်။ ပြီးတော့ မထင်မရှား သူ့ ဘလော့လေးပေါ် သူ ချက်ပြုတ်ခဲ့တဲ့ မျှစ်ချဉ်ဟင်းခွက်လေးတွေ ကြွားဝံ့စွာ ဖော်ပြပေးခဲ့သည်။ စားကောင်း လိုက်သည့် ဖြစ်ခြင်း။ အင်း... ကြွားလဲ ကြွားကောင်းလိုက်သည့် ဖြစ်ခြင်း။ မချက်ဖူးသေးတော့လဲ အချက်ရူးလေး တစ်ယောက်လို ပယ်ပယ်နယ်နယ် ပက်ပက်စက်စက် ချက်ပစ်လိုက်တာကလား။

အခန်းကျဉ်းလေးထဲက ချက်သည့် မျှစ်ချဉ်ဟင်းကို အနီး ပတ်ဝန်းကျင်နားတင်မက တကမ္ဘာလုံးသို့ ပျံ့နှံ့စေခဲ့သည်။ သူ့ ဘလော့လေးပေါ်က မျှစ်ချဉ် ဟင်းခွက်ကလေးကို မြင်ကြသူတိုင်းက ချီးကျူး ထောပနာ ပြုကြသည်။ ကောင်းချီး ပေးကြသည်။ "ဦးဇင်း မျှစ်ချဉ်ဟင်းက လုံးဝ စားချင့်စဖွယ် မရှိဘူး " ဟူသတတ်။ အင်း... အဲဒီလို ချီးကျူးမှုလေးတွေ ရပေမဲ့လဲ သူကတော့ လုံးဝ ဘ၀င် လေဟပ်တတ်တဲ့ လူစားမျိုးတော့ မဟုတ်။ ချီးကျူးပစေပေါ့။ ဟုတ်လို့ ဟုတ်တဲ့အတိုင်း ချီးကျူးကြတာဘဲ မဟုတ်လား။

သူချက်တဲ့ မျှစ်ချဉ် အနံ့ကြောင့် တံတွေး မျိုချရလောက်အောင် ခံတွင်းအာသာ တောင့်တတဲ့သူတွေ ရှိမရှိတော့ သူ မပြောပြတတ်။ သို့သော် သူ၏ မျှစ်ချဉ်နံ့ကြောင့် လန်ဒန်မှာ ဒုလ္လဘတရား တစ်ခုလို့ ပြောရလောက်အောင် ရှားပါးလှသည့် ယင်ကောင် ခပ်ကြီးကြီး နှစ်ကောင်ကတော့ ဘယ်လို ပေါက်ချလာမှန်းမသိ။ သူ ဆွမ်းသုံးဆောင်သည့် စားပွဲနား တ၀ှီးဝှီးဖြင့် ဂီယာကုန်တင်ပြီး မောင်းနှင်နေကြလေသည်။ ဒါဆိုရင် အောင်မြင်ပေပြီဘဲ။ လူ့ပြည်မှာ ကုသိုလ်ကောင်းမှု လုပ်ရင် နတ်ပြည်က ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီး မနေနိုင် မထိုင်နိုင် ပူပြင်းလာရသတတ်။ အခုလဲ ယင်ကောင်တွေ သူ၏ အဆင်းအနံ့ အရသာတို့နှင့် ပြည့်စုံတဲ့ မျှစ်ချဉ်သြသဓ ဟင်းအစွမ်းကို မခံစားနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်ထင်ပါ့။  ခရီးမိုင်ကုန် မိုင်ကုန်ဖွင့်ပြီး အပြေးကလေး ပျံသန်းခဲ့ကြရလေသည်ဘဲ။  သူ၏ ၀တ်ရုံတော် သင်္ကန်း၊ သူ၏ ခန္ဓာ၊ သူ သီတင်းသုံး နေထိုင်တဲ့ ကျောင်း။ မျှစ်ချဉ်ဟင်းနံ့ တထောင်းထောင်းနဲ့ လာသမျှ ဧည့်သည်တွေကို မောင်းထုတ်နေသယောင်ယောင်။

မနက်ခင်း မျှစ်ချဉ်ဟင်း၊ ညနေပိုင်း သရက်သီး ဖျော်ရည်၊ လိမ္မော်ရည်လေးပါ ပါလိုက်သေး။ ကလေးအရွယ် မဟုတ်ပေမဲ့လဲ  သူ့ကိုယ်သူ ဒီမိုကရေစီ အပြည့်အ၀ဖြင့် ရေခဲသေတ္တာထဲက စားလို့ရသမျှ သောက်လို့ရသမျှ အစားအစာ အဖျော်ရည်တို့ကို အာသာရှိလျှင် ရှိသလို သူ သုံးဆောင်တတ်လေသည်။ သူ၏ ဒီမိုကရေစီသည် သူ့ထံ ပြန်၍ ဒီမိုကရေစီကျကျ ထပ်နှိပ်စက်လေသည်။ မျှစ်ချဉ်ဟင်း အစွမ်းကြောင့်လား အဖျော်ရည် တန်ခိုးကြောင့်လား မသိ။ သူ၏ ဗိုက်ကလေးထဲ ပုံပုံ ပုံပုံ ဟူ၍ (တီးလိုက်ရင်)ဗုံကြီးသံ ထွက်ရလောက်အောင် လေခို လေအောင်း ဖြစ်ပြီး ကုဋီအိမ်သို့ တစ်ရက်ကို မျက်စောင်း ငါးခါလောက် ထိုးနေတော့သတတ်။ အင်း... ဒါ တရားမျှတပါတယ်လေ။ အကြောင်းရှိလို့ အကျိုး ဖြစ်ပေါ်လာတာ မဟုတ်လား။ ပစ္စယပရိဂ္ဂဟဥာဏ်ကို သူ သဘောပေါက်သွားသလိုလို ပုံစံမျိုး။း))

ကြောင်းကျိုးသိက စူဠသောတာပန်တဲ့။ သောတာပန် အငယ်စားတွေက အကြောင်းအကျိုး အကောင်းအဆိုးကို ကျနကျန သိသည် ဟူသတ်။ ခဏလေး ကြောင်းကျိုးသိရင် ခဏလေး သောတာပန် အငယ်စားပေဘဲပေါ့။ ဟာ... ဘယ်လိုက ဘယ်လို မျှစ်ချဉ်ဟင်းက နေပြီး အကြောင်း အကျိုးတွေဘက် ရောက်သွားတာပါလိမ့် ဆိုပြီး သူ သတိတော့ ပြန်လည်လာသည်။ သို့သော် မထူးတော့ပြီ။ သူ ကြားဖူးတာလေးကိုတော့ ထပ်ဆင့် ဖောက်သည် ချပေဦးတော့မည်။ အကြောင်းနှင့် အကျိုး ဘယ်ဟာက အရင် ဖြစ်သလဲ တဲ့။

တစ်ခါတုန်းက တရားစခန်း တစ်ခုမှာ သူတရား ၀င်ဖူးသည်။ တရားပြ ဆရာတော်က ယောဂီ အားလုံးကို မေးခွန်းတစ်ခု မေးသည်။ အကျိုးနှင့် အကြောင်း ဘယ်ဟာက အရင်ဖြစ်သလဲပေါ့။ ဒါနဲ့ ဒကာမများက မကောင်းတာ လုပ်ရင် မကောင်းတဲ့ အကျိုး၊ ကောင်းတာ လုပ်ရင် ကောင်းတဲ့ အကျိုး ခံစားရမယ်လို့ ဆိုတဲ့အတွက် ပြုလုပ်တာက အကြောင်း၊ ခံစားရတာက အကျိုး။ ဆိုတော့... အကြောင်းက အရင်ဖြစ်ပြီး အကျိုးက နောက်မှ ဖြစ်တာပါဘုရားဟု တညီတညွတ်ထဲ သံပြိုင် ဖြေဆိုသံကို သူ ကြားလိုက်ရလေသည်။ 

အဲဒီမှာ တရားပြတဲ့ ဘုန်းကြီးက မျက်နှာကြီး ပြုံးတော့မလို တည်တော့မလို လုပ်ပြီး "မှားနေပြီ ယောဂီတို့၊ အမှန်မှာ အကြောင်းအကျိုး နှစ်ဝတွင် အကျိုးက အရင် အကြောင်းက နောက်မှ ဖြစ်တယ်" ဟု ပြန်လည် ရှင်းပြလေသည်။ သူအပါအ၀င် ယောဂီအားလုံး မျက်လုံးတွေ ပြူးပြီး "ဒို့တရားပြ ဆရာတော်ကတော့ ဘာတွေ ဖောက်ပြီး ဘယ်လိုလုပ် အကျိုးက အရင် အကြောင်းက နောက်မှ လို့ ပြောရလေသလဲ" ဟူ၍ စိတ်ထဲက ကြိတ်ပြီး "ဘုရား ဘုရား မှားကုန်တော့မှာဘဲ" ဟု အစိုးရိမ်ကြီး စိုးရိမ်နေကြလေသည်။

ထိုအခိုက် ထို တရားပြ ဆရာတော်က ဆက်လက်ပြီး..."ယောဂီတို့.... ရှေးတုန်းက လူတစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူ့အိမ်ကို တစ်နယ် တစ်ကျေးမှ အသိမိတ်ဆွေ မိသားစု တစ်စု အလည်လာကြတယ်။ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးဖို့ ဘာဟင်းမှ မရှိတာနဲ့ သူ့အိမ်က ကြက်တစ်ကောင်ကို ဟင်းစားအဖြစ် ပြုလုပ်ဖို့ ကြိုးစားသတဲ့။ ကြက်ကလဲ ပိုင်ရှင်မျက်နှာ ကြည့်ပြီး အခြေအနေ မကောင်းလောက်ဘူးဆိုပြီး ပြေးတော့တာပေါ့။ အဲဒီမှာ သူလဲ နီးစပ်ရာ တုတ်တစ်ချောင်း ကောက်ယူပြီး ကြက်ကို ပစ်လိုက်တာပေါ့။ ဒါပေမဲ့ ကြက်ခန္ဓာကိုယ်ကို မထိဘဲ ကြက်ခြေထောက် တစ်ချောင်းကိုသာ ထိပြီး ကြက်ခြေထောက် ကျိုးသွားသတဲ့။ အဲဒီ ကြက်လဲ ကျိုးသွားတဲ့ ခြေထောက် တစ်ချောင်းကို ဒရွတ်တိုက် ဆွဲပြီး ထွက်ပြေးတော့တာပေါ့။ အဲဒီ ကြက် ပြေးရာ လမ်းတစ်လျှောက်မှာ ဒရွတ်ဆွဲထားတဲ့ ခြေထောက် အကြောင်းရာကြီးတွေ ထင်ထင်ရှားရှား ဖြစ်ပေါ်နေတော့သတဲ့ ဟူ၍ ပုံပြင်ကို အဆုံးသတ်ပြီး ယောဂီတို့ဘက် ပြုံးရွှင်စွာ ကြည့်ကာ ကြက်ချေထောက် ကျိုးသွားတာက အရင်၊ ဒရွတ်တိုက်ဆွဲလို့ အကြောင်းရာကြီး ဖြစ်ပေါ်နေတာက နောက်။ အဲဒါကြောင့် အကျိုး အကြောင်း နှစ်ပါးထဲမှာ အကျိုးက အရင်ဖြစ်ပြီး အကြောင်းက နောက်မှ ဖြစ်တာ လို့ ဆိုလိုတာပါ" ဟု တရားတော်ကို ဟာသဥာဏ်ရွှင်ရွှင်နဲ့ ရုပ်သိမ်းပေးလိုက်တော့သတတ်။ 

"အတော်နောက်တဲ့ တရားပြဆရာတော် ငါ့အတိုင်းဘဲ" ဟူ၍ သူ မှတ်ချက်ချမိသည်။ တရားပြဆရာတော်ရဲ့ ဟာသဥာဏ်ကို အားရပါးရ ရယ်မောချင်ခဲ့ပေမဲ့ ရိပ်သာမှာ တရားစခန်း ၀င်နေကြသူချင်းမို့ ရယ်ချင်စိတ်ကို ကြိတ်မှိတ်မျိုသိပ်ပြီး ပါးစပ်ကို လက်ကလေးဖြင့် အုပ်ကာ ခွိ ခွိ ခွိ ဟူ၍သာ တစ်ကိုယ်ကြား အသံတိတ်ကလေးဖြင့် သူ ကျိတ်ရယ်ခဲ့ရလေသည်။ ဒါသည်လဲ ချုပ်တည်းခြင်း တစ်ခုပေဘဲ။ ချုပ်ထိန်းဖို့ ဒီဘ၀ ရောက်လာတာဆိုတော့ အရာအားလုံး ချုပ်တည်းစရာတွေနဲ့ ပြည့်နှက်နေတော့သည် တမုံ့။

အကြောင်းကဘဲ အရင်ဖြစ်ဖြစ် အကျိုးကဘဲ အရင်လာလာ။ သူကတော့ မျှစ်ချဉ်ဟင်း အစွမ်းကြောင့် စတာလင်ပေါင်ငွေ ၇၀.၂၀  သက်သာခြင်းအကျိုးကို လက်တွေ့ ခံစားရလေသည်။ ဖြစ်ပုံကို ဇာတ်စုံ နှောရရင်ဖြင့် ဒီနေ့ မေလ ၁၀ ရက်နေ့မှာ သူနှင့် အောက်စ်ဖို့ဒ်က အင်္ဂလိပ်စာ ဆရာမ တစ်ယောက် အောက်စ်ဖို့ဒ်မြို့မှာ ချိန်းဆိုထားသည်မှာ နှစ်ပတ်ခန့် ရှိခဲ့လေပြီ။ အကယ့်ဒမစ် အင်္ဂလိပ်စာ အတွက် မွမ်းမံ သင်ယူဖို့ ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ခေါက်သွားပြီး လေ့လာ သင်ယူခဲ့သည်။ ဆရာမလေးက ငယ်ငယ်လေး။ ငယ်ငယ်လေးဆိုပေမဲ့လဲ တစ်ရက်ငယ်ရင် တစ်ရက် လယ်တယ် ဆိုသလို ဆရာမလေးက အရမ်းတော်သည်။ သူ ရေးပေးလိုက်တဲ့ အက်ဆေးတစ်ပုဒ်ကို ရမ်းဖြဲလိုက်ပြီး ဖင်ဖြတ် ခေါင်းဖြတ် ဟိုကပ် ဒီကပ်လုပ်လိုက်တာ သူ့အက်ဆေးကို သူတောင် ကောင်းကောင်း မမှတ်မိတော့အောင် ဖြစ်ရသည်။ ဒါတောင်မှ သူ့အက်ဆေးသည် လန်ဒန်တက္ကသိုလ်တွင် Merit ရထားတဲ့ အက်ဆေးဖြစ်သည်။ ဆရာမ ပြင်ဆင်ပြီး ပြန်ဖတ်ကြည့်လိုက်တဲ့အခါ အလွန် အစီအစဉ်ကျတဲ့ အက်ဆေး တစ်ပုဒ် ဖြစ်ကြောင်း သူကောင်းကောင်း သဘောပေါက်ခဲ့လေသည်။ ထိုအက်ဆေးကို ယခု အသုံးပြုလိုက်လျှင် ဧကဧကန် ဂုဏ်ထူး ထွက်လောက်ပေသည်။ 

ဆရာမတော်သလောက် စတာလင်ပေါင်ငွေကိုလဲ နောက်က လိုက်ရသည်။ တစ်နာရီကို ၁၅ ပေါင်တဲ့။ ဆရာမနှင့် နှစ်နာရီ သင်ယူသည်။ သူပို့ထားသည့် အက်ဆေးကို ကြိုတင် ဖတ်ထားခ တစ်နာရီစာ ယူသည်။ စုစုပေါင်း ၄၅ ပေါင်။ လန်ဒန်ကနေပြီး အောက်စ်ဖို့ဒ်ကို ဘတ်စ်ကား အသွားအပြန် ၂၄ ပေါင်။ သူ နေထိုင်သည့် ကျောင်းကနေ အောက်စ်ဖို့ဒ် ကားဂိတ်ထိ ဘတ်စ်ကားခ ၁.၂၀ ပေါင်။ ပေါင်းလိုက်တော့ ၇၀.၂၀ ပေါင်။  မလွယ်တော့ မလွယ်။ သို့ပေမဲ့ သူ့တာဝန် သူလုပ်ကို လုပ်ရမည်။ ဆရာမရဲ့ အရည်အချင်းကို သိတဲ့အတွက် သူ ထပ်ပြီး ချိန်းဆိုထားခဲ့သည်။ ၁၅ ရက်အတွင်း ပရိုပို့ဇယ်ကို အီးမေးလ်ကတစ်ဆင့် ပို့ပေးမည်။ ပြီးလျှင် မေ ၁၀ ရက်နေ့ ထပ်တွေ့မည် ဟူ၍ သူ ဒိတ်လုပ်ထားခဲ့သည်။ ဆရာမကတော့ Ever Welcome ဟု ပြောသည်။

ထပ်ပြောရလျှင် မေလ ၁၀ ရက်မရောက်ခင် မျှစ်ချဉ် ချက်စားဖြစ်သည်။ အဲဒီ မျှစ်ချဉ်ဟင်း စားတဲ့နေ့မှာ သရက်သီးဖျော်ရည်နှင့် လိမ္မော်သီး ဖျော်ရည်ကို သူ သောက်မိသည်။ ထို့နောက် ဗိုက်ထဲ မအီမလည် ဖြစ်ပြီး ကုဋီကို မကြာမကြာ သွားချင်သယောင် ခံစားလာရသည်။ အမှန်တကယ်တော့ ကုဋီကို ခဏခဏ သူ မသွားခဲ့ပေ။ သွားချင်သည့် ဖီလင်လေးသာ သူ ခံစားရသည်။ ဆရာမကို ကတိပေးထားတဲ့ ပရိုပို့ဇယ်ကလဲ အဆုံး မသတ်တတ်သေး။ ချိန်းထားသည့် ရက်ကား ရောက်တော့မည်။ မျှစ်ချဉ် အရှိန်ကြောင့် ဗိုက် နဲနဲ နာသည်ကို သူ အားမလို အားမရ ဖြစ်မိသည်။ အရမ်းကြီး နာပါတော့လား။ ခပ်ကြပ်ကြပ် ပြင်းပြင်း ထန်ထန်ကြီး နာပါတော့လား။ ဒါမှ သူ ဆရာမနှင့်တွေ့ဖို့ ရက်ကို ရွှေ့ဆိုင်းဖို့ အကြောင်း ဖန်လာမည်လေ။း)))

သူ၏ ဆုတောင်းကား ပြည့်တစ်ဝက် မပြည့်တစ်ဝက်။ ဗိုက်ကလဲ နာတစ်ချက် မနာတစ်ချက်။ သို့သော် မထူးတော့ပြီ။ အကြောင်းပြ၍ ရပေပြီဘဲ။ ဆရာမထံသို့ သူ အီးမေးလ် ပို့လိုက်သည်။

Dear Rebecca,

How are you?

That you gave me a guidance in relation with academic writing a couple of weeks ago was very helpful for me. Thank you for your patient help to me. Now I am writing a proposal, but not complete yet.

By the way, Our meeting is on 10th May 2pm, isn't it?
Sorry, my  memory doesn't work properly some time :D

Kind Regards,
U Janaka

ထိုသို့ အီးမေးလ်ပို့ပြီး ဆရာမထံမှ အီးမေးလ် ပြန်စာကို မျှော်နေမိသည်။ မျှော်သာ မျှော်နေသည်၊ အမှန်တကယ်က ဆရာမ အီးမေးလ် မပြန်ပါစေနဲ့ ဟူ၍သာ သူ စိတ်ထဲ ဆုတောင်းနေမိသည်။  သူ၏ ဆုတောင်းပြည့်သည်။ ဆရာမ အီးမေးလ် မပြန်ပါ။ ထို့ကြောင့် နောက်တစ်စောင် အီးမေးလ် ထပ်ပို့လိုက်သည်။ ရက်ရွှေ့ချင်သည့် အကြောင်း တောင်းခံထားတဲ့ အီးမေးလ်။


Dear Rebecca,

It is my appology that I want our appointment to be postponed later days due to my stomach problem. But not so serious, just having a feeling of going to tiolet often.
Is it possible  to meet you on 11th or 12th May instead? Let me know please when is possible.  I am sorry to say that.

Hope you be happy and peaceful!!

Kind Regards,
U Janaka

အမှန်အတိုင်း ၀န်ခံရရင် ဒီအီးမေးလ်ကိုလဲ သူ ရေးသာ ရေးလိုက်ရသည်။ သူ တောင်းဆိုထားတဲ့ တစ်ရက်ရက်ကို ဆရာမ သဘောတူမှာ အလွန် ကြောက်နေမိသည်။ ထို့ကြောင့် ထုံးစံအတိုင်း ဆရာမ အီးမေးလ် မပြန်ပါစေနဲ့ ဟူ၍သာ ပြန်ဆုတောင်း နေမိသည်။ ဒီတစ်ခါလဲ သူ့ဆန္ဒပြည့်ပေသည်။ ဆရာမ အီးမေးလ် မပြန်ပါ။ ထို့ကြောင့် သူ အကြောင်းပြပြီး ချိန်းဆိုရက်ကို နောက်တစ်ပတ်သို့ ပြုလုပ်ပေးပါရန် ဆရာမထံ နောက်ထပ် အီးမေးလ်တစ်စောင် ထပ်ပို့လိုက်လေသည်။

Dear Rebecca,

How the thing is going on? I hope things are well with you.

I haven't hear you anything. I think you are busy with your works. I am afraid to say that I am also not ready yet to come there. SORRY!!!!!
At the moment, I got confused myself with the Title of my proposal: Head-burningggggg :(

Therefore, let's make it on 17th or 18th of this month. Is it possible?

Kind Regards,
U Janaka

အင်း.... ကိုရင်ပိစိ စာသင်သား ဘ၀ ကထဲက စာမလိုက်နိုင်တဲ့အခါ ခေါင်းမူး ခေါင်းကိုက် ဗိုက်နာ အမျိုးမျိုး အကြောင်းပြပြီး စာချဆရာတော်တွေကို လှည့်စားခဲ့တာကို ပြီးခဲ့ပြီလို့ ထင်နေခဲ့တာ။ အခုထက်ထိ အကြောင်းပြချက်တွေ ပေးပြီး ဆရာ ဆရာမတွေကို လှည့်စားနေရတုန်းပါဘဲလား။ သူ့ကိုယ်သူတော့ နဲနဲ မကျေမနပ် ဖြစ်မိလေသည်။ သို့ပေမဲ့ သူ့ဖာသာ သူ ပြန်ဖြေဆည်သည်။ သူသည် အောက်စ်ဒ်က ဆရာမ ဆီမှာသာ စာရေးနည်းကို သင်ယူနေသည်မဟုတ်၊ လန်ဒန်တက္ကသိုလ်က ဆရာ တစ်ယောက်ထံ၌လဲ ထိုကဲ့သို့ အကယ့်ဒမစ် အင်္ဂလိပ်စာကို အပတ်စဉ် ကြာသပတေးနေ့တိုင်း တစ်နာရီကို ပေါင် ၃၀ ဖြင့် သင်ယူနေရလေသည်။ ထို့ကြောင့် အိမ်စာတွေ များလှပေသည်။ ဟိုဘက်ကို အားစိုက်လုပ်လိုက်လျှင် ဒီဘက်မှာ လိုအပ်ချက်တွေ ဖြစ်နေတတ်သည်။ ထို့အတူ ဒီဘက်ကို အားထုပ်ပြုလုပ်လျှင် ဟိုဘက်မှာ လစ်ဟာနေတတ်သည်။ ထိုသို့သော အတွေးလေးဖြင့် သူ၏ အကြောင်းပြချက်ကို သူ လိပ်ပြာလုံစေဖို့ ကာဗာယူလိုက်သည်။ ဘာဘဲ ဖြစ်ဖြစ် ဒီနေ့အဖို့တော့ မျှစ်ချဉ်ကျေးဇူးကြောင့် စတာလင်ပေါင် ၇၀.၂၀ သက်သာသွားသည်မှာ အမှန်ပင် ဖြစ်သည်။

အောက်ဒ်ဖို့ဒ်က ဆရာမ ဆီက အခု ထက်ထိ အီးမေးလ် ပြန်စာ မရသေး။ အမှန်ဆို သူ့ဆီ အီးမေးလ် ပြန်သင့်လေသည်။ ဆရာမ တစ်ခုခုများ ဖြစ်နေသလား။ ကျန်းမာရေးများ ကောင်းရဲ့လား ဟု အခုမှပင် စိုးရိမ်စိတ်က ၀င်လာလေသည်။ သူ့လိုအင်တွေ ပြည့်ဖို့ အီးမေးလ် မပြန်ပါစေနဲ့ လို့ ဆုတောင်းခဲ့ပေမဲ့ အခုတော့ သူ ဆရာမအတွက် အစိုးရိမ်ကြီး စိုးရိမ် လာမိသည်။  ဆရာမ နေထိုင်လို့များ ကောင်းပါလေစ။ နေထိုင်ကောင်းပါစေ။

ဒီနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ဗမာကုန်စုံဆိုင်က ဒကာလေး တစ်ယောက် ဆွမ်းဟင်း လာပို့သည်။ ငါးသလောက်ပေါင်းနှင့် မုန်လာဥ ချဉ်ဟင်းရည်။ ဆွမ်းထမင်းကိုတော့ ထုံးစံအတိုင်း သူ ကိုယ်တိုင် ချက်သည်။
နေ့ဆွမ်းချိန်ကျတော့ အခြားဦးဇင်းတစ်ပါးနှင့် အတူ ဆွမ်းဘုဉ်းပေးသည်။ အဲဒီ ဦးဇင်းက ငါးသလောက်ပေါင်းကို မစားပေ။ ဇက်ကြော ကိုက်နေလို့ဟု ပြောသည်။ ထို့ကြောင့် သူ ကြက်ဥ မွေကြော်ကို အမြန် ကြော်လိုက်သည်။ ထို့နောက် ဆွမ်းအတူ ဘုဉ်းပေးကြသည်။ သူကတော့ ငါးသလောက်ပေါင်းကို ကြိုက်သည်။ အရိုးထွင်စရာ မလိုတာကိုက သူ့ကို ပို အကြိုက်တွေ့စေသည်။

"ဒီဘက် ညာဘက်က လည်ပင်းကြော တစ်ခုလုံး ညောင်းညာ ထုံကျင်နေတာ နှစ်ရက်လောက် ရှိပြီ။ ဒါကြောင့် ငါးသလောက်ပေါင်းကို ကြိုက်ရဲ့သားနဲ့ မစားတာ"

အတူ ဘုဉ်းပေးနေတဲ့ ဦးဇင်းက အဲဒီလို ပြောသည်။ သူ လန့်ဖြန့်သွားသည်။ သူ ချက်ခဲ့သည့် မျှစ်ချဉ် တန်ခိုးတွေကြောင့် များလား မသိ ဟူ၍ သူ စဉ်းစားနေမိသည်။ အဲဒီနေ့က သူနှင့် အဲဒီ ဦးဇင်း သူချက်သည့် မျှစ်ချဉ်ဟင်းကို အတူတူ ဘုဉ်းပေးခဲ့ကြသည်လေ။ ဘုရား ဘုရား.. ဘာမှ မဖြစ်ပါစေနဲ့ ဟု ကြိတ်ဆုတောင်းနေမိသည်။ 

"ကွန်ပျူတာကို ဧရိယာပုထ် တစ်ခုထဲနဲ့ အကြာကြီး စိုက်ကြည့်မိရင်လဲ အဲဒီလို လည်ပင်းနာတတ်တယ်။ တပည့်တော်ဆို မကြာ မကြာ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါ ဦးခေါင်းကို ဟောဒီလို ဟောဒီလို အထက် မော့တင်လိုက် အောက် ငုံ့ချလိုက် အနည်းဆုံး တစ်ရက်ကို အခါ ၃၀ လောက် လေ့ကျင့်ခန်း ပြုလုပ်သင့်တယ် လို့ ဆေးစာတွေထဲ ဖတ်ဖူးတယ်။ တပည့်တော်ကတော့ အဲဒီလို လေ့ကျင့်ခန်းကို မကြာမကြာ လုပ်ဖြစ်တယ်"

သူ အဲဒီလို ပြောပြပေမဲ့ အဲဒီ ဦးဇင်းက လည်ပင်းနာတာကို သုံးလေးခါလောက် ထပ်ပြောသွားလေသည်။ သူလဲ...

"အရမ်းကြီးနာနေရင် ကျောင်းဒကာကြီးနဲ့ ပြလိုက်ပါလား။ သူက GP ဆရာဝန်ဆိုတော့ ဆေးတွေ ပေးမှာပါ"

ဟုသာ အကြံပြု လိုက်လေသည်။ စိတ်ထဲကတော့ သူ့ရဲ့ မျှစ်ချဉ်ဟင်း စားခြင်းဟူသော အကြောင်း တရားကြောင့် ဗိုက်နာခြင်း ဦးခေါင်း ညောင်းညာ ကိုက်ခဲခြင်းဆိုတဲ့ အကျိုး တရားတွေကိုများ လက်တွေ့ ခံစားရတော့တာလား မသိဘူး ဟူ၍ ထိတ်လန့် တုန်လှုပ် နေမိလေသည်။

"မဖြစ်ချေဖူး... မဖြစ်ချေဖူး... အဲဒီနေ့က ချက်ထားတဲ့ မျှစ်ချဉ်ဟင်းက အများကြီး။ တစ်ဝက်ကို ပလပ်စတစ် ဘော့က်စ်ထဲ ထည့်ပြီး အခန့်သင့်တဲ့အခါ ထုတ်ယူ စားသောက်ဖို့ ဖရေဇာထဲ ထည့်ပြီး သိမ်းထားခဲ့တယ်။ ဘယ်သူမှ မစားခင် အဲဒီ မျှစ်ချဉ်ဟင်းကို ထုပ်ယူပြီး ၀ှဲပစ်လိုက်တာ ကောင်းမယ်။ တော်ကြာ အဲဒီ မျှစ်ချဉ်ကို စားမိပြီး နေမကောင်းတဲ့သူတွေရဲ့ သွေးကို ဓါတ်ခွဲကြည့်မှ သူ ထောင်နံ့ ရနေဦးမယ်။ ပြီးတော့ အဲဒီနေ့က မြို့ထဲက ဧည့်သည်တွေ လာကြတယ်။ သူတို့လဲ မျှစ်ချဉ်ဟင်း စားသွားကြတယ်။ သူတို့အကြောင်းကိုလဲ နားစွင့်နေဦးမှ.... ဘုရား.... ဘုရား...... မျှစ်ချဉ်...မျှစ်ချဉ်... တယ်လဲ သုခ ဒုက္ခတွေကို ပေးပါလားနော်"

ဟူ၍ ရှည်ထား ထွေပြားလှသည့် မျှစ်ချဉ် တမ်းချင်းကို ရေရွတ်ညီးတွားရင်း ဖရီဇာထဲ သိမ်းဆည်းထားတဲ့ မျှစ်ချဉ်ဟင်းကို အမှိုက်ပုံးထဲ ထည့်ဖို့ ရေခဲသေတ္တာကို ဆွဲဖွင့်မိလိုက်တဲ့အခါ ထူးဆန်းစွာပင် လတ်လတ်ဆတ်ဆတ် မျှစ်ချဉ် အစိမ်း တစ်ထုပ်ကို ပြန်တွေ့ရလေသည်။

အော်... ချက်ပြန်ရပေဦးတော့မည်။ သဒ္ဓါလို့ လာလှူထားတဲ့ အရာကို လွင့်ပစ်၍ မသင့်။ ချက်ကို ချက်ပြန်ရဦးတော့မည်။ သူသည် ထို မျှစ်ချဉ်ထုပ်ကလေးကို ကြည့်ပြီး ဓါတ်ဆီ ဓါတ်ဆံ တိတ်ခွေထဲက " ညီမရယ်... ညီမကို.. မောင်ကြီးက.. မြင်မြင်ချင်း.. မျှစ်ချဉ်... အကုန်ချက်တယ်ကွယ်" ဟူသော ဟာသစကားလိမ်လေး တစ်ခုကို သတိရသွားပြီး သူ သွားလေးပေါ်ရုံ စဉ်းငယ်မျှ ပြုံးမိလေတော့သတည်း။

.

Saturday, 7 May 2011

သူနှင့် သူ၏ မျှစ်ချဉ်ချက်ခြင်း

အချက်ကျတော့ ချက်ရပေတော့မည်။ ချက်ဖို့ စောင့်ခဲ့ရတဲ့ ရက်တွေကလဲ မနဲတော့။ ချက်ရဖို့ ရက်တွေကို ဆယ်မိုး ဆယ်နွေ စောင့်မျှော်ခဲ့ရတာ မဟုတ်ပေမဲ့ ပြက္ခဒိန် စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် အမှိုက်ပုံးထဲ ရောက်ခဲ့တဲ့ အထိတော့ စောင့်ခဲ့ရလေသည်။ သို့သော် ချက်ခွင့် မကြုံခဲ့။ ဟော အခုတော့ ကြုံရပါလေပြီ။ ဒါဖြင့် ဘာကို ချက်မှာလဲ။ မျှစ်ချဉ်တဲ့။ ဘယ်နေ့ ဘယ်ရက်က ဘယ်သူက ဘယ်သူနဲ့ လူကြုံပါးပြီး ဘယ်လိုက ဘယ်လို ရေခဲသေတ္တာထဲ ရောက်နေမှန်း မသိတဲ့ ပျဉ်းမနား မျှစ်ချဉ် ထုပ်ကလေး။

ချက်ခြင်းပြုတ်ခြင်းသည် သူနှင့် စိမ်းလှသည်တော့ မဟုတ်။ နယ်မြို့လေး တစ်မြို့က စာသင်သား ၃၀၀ လောက်ရှိတဲ့ စာသင်တိုက် ကလေးမှာ နေစဉ်ကစပြီး သူ ချက်ဖူးပြုတ်ဖူးခဲ့သည်။ အဲဒီ စာသင်တိုက်ကလေးကို သူ ကိုရင်ပိစိနိ ဘ၀လေးထဲက ရောက်ခဲ့သည်။ ကိုရင်ပိစိနိ ဘ၀မှ ရဟန်း တစ်ဝါထိ သူ ကျင်လည် ကျက်စားခဲ့လေသည်။ ရာထူးတွေကလဲ အဆင့်ဆင့် တက်ခဲ့သည်။ မီးဖိုဖို့ မီးမွေးစာ ပြုလုပ်ရခြင်း၊ ကြက်သွန်လှီးပေးရခြင်း၊ ဆန်ရေဆေးပေးရခြင်း၊ ရေနွေးကျိုပေးရခြင်း၊ ထမင်းဟင်း ချက်ပေးရခြင်း၊ လက်ထောက်ဘ၀ဖြင့် ချက်ရေးပြုတ်ရေးကို ဦးဆောင်ရခြင်း၊ ခေါင်းဆောင်ချုပ်ကြီး အနေနဲ့ ချက်ပြုတ် ကျွေးမွေးရေးကို ဦးဆောင်ခဲ့ရခြင်း အစရှိတဲ့ ငယ်သားဘ၀မှ စပြီး ၀ိုင်းခေါင်ဆောင်ဘ၀ အထိ သူ အတွေ့အကြုံ ရရှိခဲ့ဖူးလေသည်။ သံဃာ ၃၀၀ အင်အားကို ချက်ပြုတ် ကျွေးမွေးရေး တာဝန်ယူရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်။

လက်ထောက်ဘ၀ဖြင့် ၂ နှစ် ခေါင်းဆောင်ချုပ်ကြီး ဘ၀ဖြင့် ၂ နှစ်၊ စုစုပေါင်း ၄ နှစ်တိတိ သူ ခေါင်းဆောင်ပေးခဲ့ရသည်။ ညနေပိုင်း၌ ဆန်ရေဆေးထားရခြင်း၊ သုံးရေ ဖြည့်ထားရခြင်း၊ ထင်းပေါက်ကွဲထားရခြင်း စသည်တို့ကို ပြုလုပ်ရပြီး မနက်ခင်း ၃ နာရီဝန်းကျင်လောက် အိပ်ရာမှ ထပြီး ထမင်းချက် ဟင်းချက် လုပ်ငန်းများကို ဇယ်တောက်သလို ပြုလုပ်စီမံရသည်။ တိုက်အုပ် စာချ စာသင် သံဃာတော် အပါး ၃၀၀ လုံးအတွက် မနက် ၆ နာရီ အရုဏ်ဆွမ်းအမီ ချက်ပြုတ်ပေးရသည်မှာ ခေါင်းဆောင် လုပ်တဲ့ သူ့အဖို့  ဦးဏှောက် အတော်လေး စားခဲ့ရသည်။ 

ထမင်းနှပ်ခြင်း၊ မနှပ်ခြင်း၊ မီးတူးခြင်း၊ မာခြင်း၊ ပျော့ဖတ်ဖတ်ဖြစ်ခြင်းတို့ဖြင့် ကြုံတွေ့ရလျှင် တာဝန်အားလုံးတို့သည် သူ့ခေါင်းပေါ်သို့ ကျရောက်မြဲ ဖြစ်သည်။ ထို့ကြောင့် ဧရာမထမင်းအိုးကြီးကို ချက်ပြီး ပတ်ရည်မိအောင် နှပ်ပေးရသည်။ ဧရာမ ဟင်းအိုးကြီးကို ချိုချဉ်ငန်ပေါ့ သူ မကြာခဏ ဆားမြည်းပေးရသည်။ သူ ချက်ပြုတ်တာဝန်ယူစဉ်မှာ သံဃာတော်တို့ ကျေနပ်မှု ရရှိလျှင် သူဝမ်းသာသည်။ သံဃာတော်တို့ သူ့ချက်ပြုတ်စာကြောင့် ၀မ်းလျော ၀မ်းပျက် ဖြစ်ကြလျှင် သူ အလွန်ဝမ်းနည်းရသည်။

သူ ဦးဆောင်သည့် ချက်ပြုတ်ရေးအဖွဲ့တွင် တပ်သား ၇ ယောက်ပါဝင်ခဲ့သည်။ ကိုရင်ငယ်ကလေးနှစ်ပါး၊ ကိုရင်လတ်သုံးပါး၊ ကိုရင်ကြီး နှစ်ပါး ဖြစ်သည်။ ကိုရင်ငယ်ကလေး နှစ်ပါးမှာ မီးမွေးစာ လုပ်ဖို့၊ တိုက်အုပ် စာချဆရာတော်များ ဆွမ်းပေးလျှင် အနားမှာ နေပြီး သောက်ရေသုံးရေ လက်သုတ်ပုဝါ ကပ်လှူဖို့ ဖြစ်သည်။ ကိုရင်လတ် သုံးပါးမှာ ရေထမ်းခြင်း၊ ဆန်ဂိုထောင်မှ ဆန်ထုတ်ခြင်း၊ ဆန်ရေဆေးခြင်း စသည်တို့ကို ပြုလုပ်ဖို့ ဖြစ်သည်။ ကိုရင်ကြီး နှစ်ပါးမှာ လက်ထောက်နဲ့ ခေါင်းဆောင် တာဝန်ဖြစ်သည်။ နေရာတိုင်း သူတို့ ပါဝင်ရသည်။

ခေါင်းဆောင်ဆိုပေမဲ့ စာသင်သား ဘ၀ပေမို့ နိုးစက်ပေးဖို့ နာရီလေး တစ်လုံးမျှပင် သူမရှိခဲ့။ သူဦးဆောင်သည့် အဖွဲ့သည် နှစ်လခွဲလောက်ဆိုလျှင် တစ်ကြိမ် တာဝန်ကျသည်။ ထိုသို့ တာဝန်ကျသည့်အခါ မနက်စောစောထဖို့ နိုးစက်လိုသည်။ သို့သော် သူ့မှာ နိုးစက်မရှိ။ စာကျက်စာအံ ပြုလုပ်ထားခဲ့ရသည့် ပင်ပန်းမှုကြောင့် ကြက်ဘယ်နှစ်သားတွန်တွန် သူမနိုးနိုင်။ ထို့ကြောင့် သူ နိုးစက် လိုသည်။ ထို့ကြောင့်ပင် နိုးစက်နာရီရှိသည့် ကိုရင် ဦးဇင်းများထံ အသနားခံပြီး နိုးစက် ငှားရသည်။ 

ထိုစာသင်တိုက်တွင် ထိုအချိန်က ဦးဇင်းအပါး ၁၀၀၊ ကိုရင်အပါး ၂၀၀ ခန့်ရှိသည်။ ကိုရင်များက ချက်ပြုတ်ရေး တာဝန်ယူရသည်။ ဦးဇင်းများက ပြင်ဆင်ရေး တာဝန်ယူရသည်။ အလှည့်အတူ တာဝန်ကျကြသည့် ကိုရင်အဖွဲ့နှင့်ဦးဇင်းအဖွဲ့သည် ဟာမိုနီ ဖြစ်ဖို့လိုသည်။ ဟာမိုနီ မဖြစ်လျှင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပညာပြပြီး နောက်ဆုံးတော့ သံဃာတော်တွေ ဆွမ်းဘုဉ်းပေးရ အဆင်မပြေ ဖြစ်တတ်သည်။ 

ထိုဖြစ်စဉ် အားလုံးတို့သည် သူကြီးပြင်းလာခဲ့ရာ စာသင်တိုက်တစ်ခုမှ သူ၏ ချက်ပြုတ်စီမံရေး အတွေ့အကြုံများပင် ဖြစ်သည်။

အဲဒီလို ချက်ပြုတ်ရေး အတွေ့အကြုံအပြည့်အ၀ ရှိခဲ့ပေမဲ့လဲ သူသည် မျှစ်ချဉ်ဟင်းကို ဘယ်သောအခါကမှ ချက်ပြုတ်ဖူးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် မျှစ်ချဉ်ဟင်းတစ်ခွက် ဖြစ်ဖို့ အကြံပေး အရာရှိ တစ်ယောက် သူ လိုအပ်နေသည်။ သူ လန်ဒန် ရောက်ပြီး အခန့်သင့်တဲ့အခါ စီမံ ချက်ပြုတ်တတ်ပေမဲ့ စားဝတ်နေရေး အားလုံး ပြည့်စုံအောင် ထားပေးသည့် ကျောင်းဒကာ၏ ကျေးဇူးကြောင့် မချက်ပြုတ်ခဲ့သည်မှာ အတော်လေး ကြာသွားလေပြီ။ ကျောင်းဒကာကြီးက တရုတ်စားသောက်ဆိုင် ပိုင်ရှင်ဖြစ်တဲ့အတွက် တရုတ်အစားအစာများကို နေ့တိုင်းနီးပါး စားသုံးနေရလေသည်။ နီးစပ်ရာ မြန်မာ ဒကာဒကာမများကလဲ မြန်မာအစားအစာများဖြင့် မကြာခဏ လာရောက် လှူဒါန်းကြလေသည်။ ရံဖန်ရံခါ အိန္ဒိယကုလား၊ သီဟိုဠ်ကုလားများကလဲ သူတို့ အစားအစာများကို လာရောက် ကပ်လှူတတ်ကြလေသည်။ ထို့ကြောင့် သူ ချက်ပြုတ်ခွင့် မရခဲ့သည်မှာ ရာသီတွေ အတော်ပင် နှောင်းခဲ့လေပြီ။

ဒီနေ့တော့ ဆွမ်းလာကပ်တဲ့သူလဲ မရှိ။ ရေခဲသေတ္တာထဲမှာလဲ ဆွမ်းဟင်း များများစားစားမရှိ။ မျက်စိ ကစားကြည့်လိုက်တော့ ရေခဲသေတ္တာ အောက်ဆင့်မှာ မျှစ်ချဉ်ထုပ်တစ်ထုပ် တွေ့ရသည်။ ထိုသည်ပင်လျှင် သူ၏ ချက်ပြုတ်ရေး ပြုလုပ်မှုအတွက် နိဒါန်းပင် ဖြစ်ပေတော့သည်။ မျှစ်ချဉ်ကို စားချင့်စဖွယ်ဖြစ်အောင် ဘယ်လို ချက်ရမလဲ။ သူ စဉ်းစားသည်။ ထပ်ကာ ထပ်ကာ စဉ်းစားသည်။ သို့သော် အဖြေကား နတ္ထိ။ ထို့ကြောင့် ဂျပန်က အကြံပေးအရာရှိတစ်ယောက်ထံ သူ အကြံတောင်းလေသည်။ မျှစ်ချဉ်ကို သက်သတ်လွတ် ချက်ချင်တယ်၊ အဲဒါ ဘယ်လို ချက်မလဲ လို့ သူလှမ်းမေးဖြစ်သည်။ မျှစ်ချဉ်ကို သက်သတ်လွတ် ချက်လေ့မရှိဟု သူဖြေသည်။ ဗုဒ္ဓေါ။ ဒုက္ခော။

သက်သတ်လွတ် ချက်ချင်သည့် သူသည် သတ်သက်လွတ် စားသူ မဟုတ်ပေ။ အသားကို ဆိုင်တွင် ၀ယ်ရမှာ ရှက်ရွံ့သောကြောင့် သက်သတ်လွတ် ချက်ဖို့ ဆုံးဖြတ်ခြင်းပင်ဖြစ်သည်။ မျှစ်ချဉ်ချက်လျှင် အနဲဆုံးတော့ ပုဇွန်ခြောက်လောက် ထည့်ချက်မှ ပိုကောင်းတယ် ဟု ဂျပန်က အသိမိတ်ဆွေရဲ့ အကြံပေးချက်အရ မြန်မာနိုင်ငံဖြစ် ပုဇွန်ခြောက် စစ်စစ်ဖြင့် မျှစ်ချဉ်ချက်ခြင်း အမှုကို သူ စတင်ပြုလုပ်လေသည်။ ထိုမျှစ်ချဉ်ဟင်းသည် ကျောင်းတိုက်ရှိ သံဃာကုန် ဆက်ကပ် လှူဒါန်းဖို့ ဖြစ်သည်။ ဟင်းကောင်း မကောင်းခြင်းကို သူ ဆုံးဖြတ်မည်မဟုတ်၊ ကျောင်းရှိ သံဃာများက ဆုံးဖြစ်ပေးလိမ့်မည်။ ဒါဖြင့် ကျောင်းမှာ သံဃာ ဘယ်နှစ်ပါးလောက် ရှိသလဲဟု မေးကောင်း မေးကြပါလိမ့်မည်။ ဟုတ်ကဲ့ပါ။ အခုလက်ရှိ ကျောင်းမှာ သူအပါအ၀င် သံဃာ နှစ်ပါး တိတိ ရှိနေပါသည်။း)))

ဂျပန်က အကြံပေးအရာရှိ ပြောပြသည့်အတိုင်း နေ့ဆွမ်းအတွက် မျှစ်ချဉ်ချက်ခြင်းကို သူ စတင်ပြုလုပ်လေသည်။ ရှေးဦးစွာ ကြက်သွန် ဖြူနီ ဂျင်း ငရုပ်သီးစိမ်းတို့ကို စီမံထားသည်။ ထို့နောက် ဆီအိုးတည်ပြီး ဆီကျက်သည့်အခါ အရောင်တင်မှုန့် ထည့်သည်။ ထို့နောက် ကြက်သွန်ဖြူနီ ငရုပ်သီးစိမ်း ဂျင်းတို့ကို ဆီသပ်သည်။ ထို့နောက် အသင့် လှီးဖြတ်ထားသည့် မျှစ်ချဉ်ဖတ်တို့ကို အိုးထဲ ပစ်ထည့်လိုက်သည်။ အဲ... ပုဇွန်ခြောက် ခပ်များများလဲ သူ ပစ်ထည့်လိုက်သေးသည်။ အနည်းငယ် ကြာသည့်အခါ အရည်များများရဖို့ ရေတစ်လီတာလောက် သူ လောင်းထည့်လိုက်သည်။ 

တစ်ဗွက်ဗွက်ဆူပွက်လာပြီး အနှံ့ထွက်လာသည်။ သို့သော် ဆားမြည်းကြည့်လိုက်တော့ ပေါ့ရွှတ်ရွတ်။ အဲဒီတော့မှ သူ သတိရသွားသည်။ ဆားနှင့် အချိုမှုန့် သူထည့်ဖို့ မေ့ခဲ့သည်။ အဲဒီတော့မှ ဆား ငန်ပြာရည် နှင့် အချိုမှုန့်တို့ကို သူ ထပ်ထည့်လိုက်သည်။ ဆားထပ်မြည်းကြည့်လိုက်တော့ တစ်ခုခုတော့ တစ်ခုခု လိုနေမှန်း သူသိသည်။ သို့သော် ဘာလိုနေမှန်း သူ မသိတော့။ သို့သော် နဲနဲတော့ အရသာ ရှိသယောင်ယောင်။

မျှစ်ချဉ်ချက်ခြင်းကို သူ ကျောင်းအောက်ထပ် မီးဖိုခန်းထဲ၌ ပြုလုပ်သည်။ မနက် ၁၁ နာရီ ထိုးတော့ အပေါ်ထပ်က သံဃာတစ်ပါး ဆွမ်းစားဖို့ ဆင်းလာသည်။ သူ၏ မျှစ်ချဉ်ဟင်းကား ကျက်ပြီလော မကျက်သေးလော သူကိုယ်တိုင် မသိ။ မျှစ်ချဉ်ချက်ခြင်းကို အချိန်ဘယ်လောက် ယူရသလဲ လို့ သူ မမေးခဲ့မိသည်ကို နောင်တ ရနေမိသည်။ ဦးဇင်းရေ... မျှစ်ချဉ်တော့ ဂျပန်က အသိမိတ်ဆွေ အကူအညီနဲ့ ချက်လိုက်ပြီ၊ ကောင်းမကောင်းတော့ စားကြည့်မှဘဲ သိတော့မယ် ဟု  သူပြောလိုက်တဲ့အခါ အဲဒီ ဦးဇင်းက အပေါ်ထပ်ကနေပြီး အနံ့တွေ မွှေးတက်လာတာ သတိထားမိတယ်။ စားကောင်းလောက်ပါတယ်။ ဘာမှ မပူပါနဲ့။ ဆား ငံပြာရည် အချိုမှုန့် ထည့်လိုက်တယ် မဟုတ်လား။ အဲဒါတွေ ပါရင် စားလို့ ဖြစ်ပါတယ် ဟု  ပြန်ပြောသည်။

မျှစ်ချဉ်ဟင်း ပူပူနွေးနွေးလေးကို သူအပါအ၀င် သံဃာနှစ်ပါး စတင်သုံးဆောင်သည်။ သူချက်တဲ့ ဟင်းမို့ သူကတော့ သုံးလေးဇွန်း ဆက်သောက်လိုက်သည်။ ကျန်တဲ့ ဦးဇင်းကလဲ စမ်းသောက်ကြည့်သည်။ ကောင်း မကောင်း ဘာမှ မပြော။ ပုဇွန်ခြောက် အရှိန်နဲ့မို့ အရည်ကတော့ သောက်လို့ကောင်းသည်။ အဖတ်ကို မြည်းကြည့်လိုက်တော့ မျက်နှာရှုံ့မတတ် ချဉ်တူးတူး ဖြစ်နေသည်။ ထို့ကြောင့် နှစ်ပါးလုံး အဖတ်မစားဘဲ အရည်ကိုသာ နင်းကန်လှိမ့်သောက်ကြလေသည်။ အဲဒီ ဦးဇင်းတစ်ပါးရဲ့ နောက်ဆုံး မှတ်ချက်ကတော့ ကိုယ့်တော့် မျှစ်ချဉ်ဟင်းက စွန်တန်ခြောက် ဟင်းရည်သောက်ရသလိုပါဘဲ။ အဖတ်မစားရဘဲ အရည်ချည်း သောက်နေရတယ် ဟူ၍ ဖြစ်သည်။

ထို့ကြောင့် နေ့ဆွမ်းစားပြီးသွားတဲ့အခါ အဲဒီ မျှစ်ချဉ်ဟင်းကို သူ ပြန်ပြီး မော်ဒီဖိုင်း လုပ်သည်။ ရေခဲသေတ္တာထဲက ကြက်သားဟင်းတစ်ခွက်ကို ယူပြီး မျှစ်ချဉ်အိုးထဲ သူပစ်ထည့်လိုက်သည်။ ထို့နောက် သူထည့်ဖို့ မေ့နေသည့် ငရုပ်သီး(ဟင်းချက်)မှုန့်ကို ထပ်ထည့်လိုက်သည်။ ထို ငရုပ်သီးမှုန့်ထည့်ဖို့ ဂျပန်က အကြံပေးအရာရှိက ပြောခဲ့ပြီး ဖြစ်သည်။ သို့သော် သူ၏ ပမာဒလေခကြောင့် ထည့်ဖို့ မေ့ခဲ့သည်။ ကြက်သားဟင်းနဲ့ ငရုပ်သီးမှုန့်ကို ထည့်ပြီး မီးမျှင်းမျှင်းလေးဖြင့် ခပ်ကြာကြာလေး နှပ်လိုက်တဲ့အခါ အဆင်း အနံ့ အရသာ လုံးဝ ပြည့်စုံသွားတဲ့ မျှစ်ချဉ်ဟင်း ကောင်းကောင်းတစ်ခွက် ဖြစ်သွားလေသည်။ ထို့နောက် မနက်ဖန် နေ့ဆွမ်းစားချိန်ရောက်စေချင်လှပြီဟု သူ စဉ်းစားနေမိလေတော့သည်။

စားသောက်လို့ ပြီးသွားပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘာ ဖြစ်လာနိုင်သလဲတော့ စောင့်ကြည့်ရပေဦးမည်။ ၀မ်းလျော ၀မ်းပျက် ဗိုက်နာ ပျို့အန် ညောင်းညာ၊ ဘာတွေ ဖြစ်လာလိမ့်ဦးမလဲ။ သူ စောင့်ကြည့်ရပေဦးမည်။ ဘာမှ မဖြစ်ဖူးဆိုရင် သူနှင့် သူ၏ မျှစ်ချဉ်ချက်ခြင်း အောင်မြင်ပြီဟု ပြောရပေမည်။ စမ်းသပ်ကာလမို့ မျှစ်ချဉ် ချက်ခြင်းလုပ်ငန်း၌ တာဝန် အပြည့်အ၀ကား သူ မယူနိုင်သေးချေ။ ပုံပြင်လေး တစ်ပုဒ် သူ  ကြားဖူးသည်။

စစ်ကိုင်းတောင်ရိုး၌ နေထိုင်ကြသည့် သီလရှင်လေးများသည် ဆွမ်းဟင်း အစားအသောက် ခက်ခဲလှသည့် အတွက် အနီးဝန်းကျင်ရှိ ဘောစကိုင်း အဝေရာ တရုတ်စကားပွင့် စတဲ့ ဟင်းသီးဟင်းရွက်များကိုသာ ရှာကြံ ချက်ပြုတ် စားသောက်ရလေသည်တဲ့။ သို့သော် ဘယ်အသီးအရွက်သည် အဆိပ်အတောက် ဖြစ်သည်၊ ဘယ်အသီးအရွက်သည် အဆိပ်အတောက် မဖြစ်ဟူ၍ သူတို့ မသိရှာကြပေ။ ထို့ကြောင့် အသီးအရွက် အထူးအဆန်း တစ်ခုခု ချက်ပြုတ်ပြီးသည့် အခါတိုင်း အနီးအနားရှိ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းသို့ အရင်သွားပြီး ဆက်ကပ်လှူဒါန်းလေ့ ရှိကြသည်တဲ့။ သူတို့ဟင်းကို ဘုန်းပေးပြီး ဘယ်ဘုန်းကြီးတွေ ဘာဖြစ်သွားကြသလဲ၊ အဆိပ်သင့် သွားကြသလား၊ ၀မ်းလျော ၀မ်းပျက် ဖြစ်သွားကြသလား၊ အော့ အန်ကြသလားဆိုတာကို တစ်ရက်လုံး နားစွင့်နေကြသည်တဲ့။ နောက်တစ်နေ့ ရောက်လို့ ဘာသတင်းမှ မကြားရတော့တဲ့ အခါမှ သူတို့ဟင်းကို စားလို့သောက်လို့ ရတဲ့ ဟင်းစာရင်းထဲ ထည့်သွင်းပြီး ချက်ပြုတ် စားသောက်ကြသည်တဲ့။ ဘုန်းကြီးပေမဲ့ သီလရှင်တွေရဲ့ အစမ်းသပ်ခံ ဖြစ်ကြရရှာလေသည်။ (ဤကား သူငယ်ချင်း တစ်ပါးထံမှ ရယ်စရာအဖြစ် ကြားဖူးခြင်းပင်ဖြစ်သည်။)။

သူ ချက်ပြုတ်သည့် မျှစ်ချဉ်ကို သူနှင့် အခြားဦးဇင်းတစ်ပါး စားသုံးပြီးလေပြီ။ အခုထက်ထိတော့ ဗိုက်အောင့် ဗိုက်နာ သူ မဖြစ်သေး။ အပေါ်ထပ်က ဦးဇင်းထံမှလဲ ငြီးငြူသံ၊ အိမ်သာ ခဏခဏ တက်သံ  အော့အန်သံ ဘာမှမကြားရသေး။ အောင်မြင်ခါတော့ နီးပေပြီ။ သို့သော် ပိုသေချာအောင်တော့ နောက်တစ်နေ့ မနက်ခင်းထိ စောင့်ကြည့်ရပေဦးတော့မည်။ ၀မ်းလျော ၀မ်းနာ အော့အန် မူးဝေ ဘာမှမဖြစ်ဖူးဆိုရင်တော့ သူနှင့် သူ၏ မျှစ်ချဉ်ချက်ခြင်း လုံးဝ အောင်မြင်ပြီဟု မှတ်ယူရမည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင်တော့ ဦးပုညရဲ့ "အစွယ်ကို လိုသူက မိဖုရား၊ အသွား စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်" ဟူသည့် ဆဒ္ဒန်ဆင်မင်း ဇာတ်ပန်းကုံးအလိုက်လေးဖြင့်....

"စားသုံးလိုသူက ဘုန်းကြီး၊ သုံးနည်းပေးသူ  ဂျပန်လင်းလက်၊ ဟင်းချက်သူ ဘုရားကျနော်"

ဟူ၍ စားသုံးသူကော၊ အကြံပေးသူကော၊ မျှစ်ချဉ်ချက်သူကော အပြစ်မလွတ်တဲ့ အကြောင်း သူ ပြောကောင်း ပြောပေတော့မည်။ :D :D :D ။ သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ။ သတ္တ၀ါတိုင်း အာဟာရလျှင် မှီခိုရာ ရှိပေတော့သတည်း။


မပြည့်စုံခင် စားခဲ့သည့် ပုံ  


ပြည့်စုံပြီး မစားရသေးသည့် ပုံများ