Wednesday 27 March 2013

အခါလွန်နှင်း

လွန်ခဲ့တဲ့ စနေနေ့ (၂၃၊၀၃၊၂၀၁၃)မှာ လန်ဒန်ကနေ ဒေါက်တာနာဂသေနနဲ့ အတူထွက်လာခဲ့၏။ ဦးတည်ရာအရပ်ကား ဘာမင်ဂမ်ဗုဒ္ဓ၀ိဟာရတည်ရှိရာ ဘာမင်ဂမ်မြို့တော်သို့။ ဒေါက်တာနာဂသေနမှာ ထို ဘာမင်ဂမ်ဗုဒ္ဓ၀ိဟာရ ကျောင်းနေ သံဃာတစ်ပါးဖြစ်၏။ ၂၄၊၀၃၊၂၀၁၃ တနင်္ဂနွေနေ့မှာ ထိုကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဒေါက်တာဥတ္တရဥာဏ (အဂ္ဂမဟာပဏ္ဍိတ)၏ မွေးနေ့ဖြစ်၏။ စာရေးသူသည် ထိုမွေးနေ့ပွဲကို တက်ရောက်အားပေးရန်အတွက်  ဒေါက်တာနာဂသေန လန်ဒန်က အပြန် အတူတူလိုက်လာခဲ့ခြင်းဖြစ်၏။

နွေဦးကာလဆိုပေမဲ့ ဒီနှစ်မှာမှ ထူးထူးဆန်းဆန်း နှင်းတွေ ထူထူထဲထဲကျနေ၏။ လန်ဒန်မှာတော့ ဒီလောက်မကျ။ ဘာမင်ဂမ်မှာ ပိုကျ၏။ နေရာတိုင်း ဖြူဖြူဖွေးဖွေး။ ကြည်နူးစရာ။ မွေးနေ့ရှင်အတွက် သဘာဝတရားက အဖြူရောင်နှင်းကမ္ဘာတစ်ခု လက်ဆောင်ပေးခဲ့သည့် အလား။ အဖြူရောင်ကို ဘယ်ရှုဒေါင့်က ကြည့်ကြည့် စင်ကြယ်ခြင်း ဖြူစင်ခြင်း ရိုးသားခြင်း သန့်ပြန့်ခြင်းစတဲ့ အပြုသဘောဆောင် ပညတ်တွေချည်းပင်။

 မွေးနေ့ပွဲ၌ ၀န်းကျင်အားလုံး ဖြူစင်နေခြင်းသည် မွေးနေ့ရှင်အတွက် ဖြူစင်မှု၊ မွေးနေ့ပွဲ ကြွရောက်လာသူတို့၏ ဖြူစင်မှုကို ဖော်ညွန်းနေသယောင်။ ထိုမွေးနေ့ပွဲကို နှင်းကြောက်၍ မတက်ရောက်သူ ရှိသလို နှင်းချစ်၍ တက်ရောက်လာသူများ ရှိလေ၏။ နှင်း၏ ထုထည်သည် တစ်ပေထက် အပိုရှိပေမည်။ ထူထဲသော  နှင်းထု၊ ဝှေ့ယမ်းကျီစယ်နေသည့် လေညှင်း၊ အေးခဲလှသည့် အနှုတ် ၃ ဒီဂရီ။ ထိုသည်ပင် ဖြူစင်မှု ညင်သာမှု အေးချမ်းမှု၏ တဘောင်အတိတ် ဖြစ်မည်ထင့်။ ဟက်ပီးဘာ့သ်ဒေးပါ ဆရာအရှင်။

နှင်းကို အပြစ်မြင်သူက မြင်၏။ ချစ်ခင်သူက ခင်၏။ အပြစ်ဘဲမြင်မြင် အချစ်ဘဲ ခင်ခင် သဘာဝတရားကို လွန်ဆန်၍ မရစကောင်း။ နှင်းကျ၍ သွားရေးလာရေးခက်သည်ကို အပြစ်မြင်နေမဲ့အစား နှင်းတွေကြောင့် ၀န်းကျင်တစ်ခုလုံး လှပနေသည်ကို ချစ်ခင်လျှင် ပိုကောင်းမည်တည့်။ လှပတဲ့ နှင်းဆီပွင့်အနားမှာ ဆူးတွေရှိနေတဲ့အတွက် ပြစ်တင်ကဲ့ရဲ့နေမဲ့အစား ကြမ်းတမ်းလှတဲ့ ဆူးတွေအနားမှာ အလွန်လှပတဲ့ နှင်းဆီပွင့်လေးတွေ ရှိနေတာကိုဘဲ ချီးမွမ်းစကားဆိုလျှင် မကောင်းတုံလော။

မနှစ်က ဒီအချိန်ဆို ပင်လယ်ကမ်းခြေမှာ တ၀ုန်းဝန်း တရုံးရုံး။ ရေကူးသူကကူး။ တေးကျူးသူက ကျူး။ အရည်မူးသူက မူး။ အ၀တ်အစားချွေတာဝတ်ပြီး နွေနေရောင်အောက်မှာ တုံးလုံးပက်လက် နေလှုံနေကြပြီပေါ့။ ဒီနှစ် ဒီအချိန် (နွေကာလ)မှာတော့ ကမ်းခြေအသာထားဦး။ ဟိုနားဒီနား လမ်းသလားရမှာတောင် အခွန်ဆောင်ရတော့မဲ့အလား။ အိမ်တွင်းပုန်းပြီး ကွေးနေကြလေရဲ့။ အေးချမ်း နွေးထွေးသည့် သဘောပင်။

ဒါဆို ဒီအချိန်မှာ လာမြူတဲ့ ဒီနှင်းကို ဘယ်လို နာမည်တပ်မလဲ။ လွယ်လိုက်သမှ။ ခေါင်းရှုပ်ခံစရာလို။ ဒီလိုလေး ကင်မွန်းတပ်လိုက်တယ်။ အခါလွန်နှင်းလို့။

ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်တွေကို တ၀တပြဲ ပျင်းရိအောင်သာ ရှုစားကြပေတော့။ ချဲ့ကြည့်လျှင်တော့  ပုံကြီးမြင်ရမည်ပင်။


ဘာမင်ဂမ်ဗုဒ္ဓ၀ိဟာရအတွင်းရှိ ဓမ္မတဠာက ကမ္ဘာအေးဘုရား
 
 
 
 
 
 
 
 

 ဘာမင်ဂမ်ဗုဒ္ဓ၀ိဟာရအနီးရှိ တစ်ဘက်ဆည်ကန်နှင့် ကန်ပတ်လမ်း
 
 
 
 

 ချဲ့ကြည့်ရင်တော့ ဟိုးးးးးဘက်ကမ်းမှာ ဘုရားရှိတယ်
 
 
 
 
 
 
 
 
 

နှင်းလူသား (ရေကန်သို့သွားရာလမ်းမပေါ်က အိမ်တစ်အိမ်ရှေ့)

ဘာမင်ဂမ်ဗုဒ္ဓ၀ိဟာရကျောင်းဆောင်များ 

ဘာမင်ဂမ်ဗုဒ္ဓ၀ိဟာရအတွင်းရှိ ဓမ္မတဠာက ကမ္ဘာအေးဘုရား
 
 
 
 

 ---------



 ဗီဒီယိုဖိုင်များ (အိုင်ဖုန်း ကင်မရာ နှင့် နီကွန်ဓါတ်ပုံကင်မရာဖြင့်သာ)
ဖိုင် (၁)

ဖိုင် (၂)



 ဖိုင် (၃)


ဖိုင် (၄)


ဖိုင် (၅)



အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

.

5 comments:

Dhammahita Foundation said...

this is memorable photos as you have described in your words and scripts. weldone! I like it, sadhu sadhu sadhu!

Dhammahita Foundation said...

very nice and natural views

Unknown said...

Thanks for your comment which makes me really encouraged for further posting on my blog.

Anonymous said...

နှင်းဖုံးနေတဲ့ မင်းဂန်ရွာ
နှင်းခနေတဲ့ စေတီတော်
နှင်းစားနေတဲ့ ခြင်္သေ့ကြီး
နှင်းတွေ…နှင်းတွေ…
အခါလွန်သလား…အလာလွန်သလား…မသိ။
ကြည့်ရတာ ကြည်နူးစရာ ကောင်းမှကောင်း..ဘုရား။

ဘာမင်ဂန်ဆရာတော်ကိုလည်း ဦးခိုက်ကြောင်းပါဘုရား။

အင်္ဂါမောင် said...

ဟုတ်ပါ့ ဆရာနတ်ရေ။ အခါလွန်သလား အလာလွန်သလားတော့ မသိဘူး။ ကြောက်ရလောက်အောင် ကြည်နူးဖို့ကောင်းတယ်။

သွားစရာမရှိ မင်းဂန်ရွာချည်း လှိမ့်သွားဖြစ်တော့ အဲဒီနားတ၀ိုက်က ဓါတ်ပုံတွေ ဟာ့ဒစ်စ်ခ်ထဲ ပြည့်လုနီးနီးရယ်။း)

မင်းဂန်ဆရာတော်ကို ဦးခိုက်ပူဇော်ခဲ့ကြောင်း အသိပေးလိုက်ပါ့မယ်။