အမရပူရမြို့တည် နန်းတည် ပုဂံမင်းကိုးကွယ်သည့် သာသနာပိုင် မှန်ကင်းဆရာတော်ဘုရားကြီး ရေးသားတော်မူသော ပဋိပတ်ကျင့်စဉ် နှင့် သဘာဝတ္ထဒီပနီကျမ်း
ရန်ကုန်
၁၉၇၇၊ သြဂုတ်လ (ပထမအကြိမ်)
ထိုစာအုပ်၏ နိဒါန်းနှင့်နိဂုံးအရ မှန်ကင်းဆရာတော်သည် ၁၁၇၉ ခု ၀ါကျွတ်ပြီးစအချိန်၌ အမရပူရမှ ရန်ကုန်သို့ ရွှေတိဂုံဘုရားဖူးရန် ဆင်းလာခဲ့၏။ ထို အချိန်က ဦးမြတ်သူအမည်ရှိ ဒကာတစ်ယောက်က တရားအားထုတ်နည်း ရေးပေးရန် တောင်းပန်သည့်အတွက် ဤပဋိပတ်ကျင့်စဉ်အမည်ရှိကျမ်းကို ထိုခုနှစ်၌ပင် ပုရပိုက်တင်၍ ရေးသားခဲ့၏။ ထိုမှနောက်၌ ဦးမြတ်သူနှင့် စေတနာရှင်များက ပေထက်အက္ခရာ တင်ကြ၍ ၁၁၇၉ ခု ပြာသိုလ်လဆုတ် နှစ်ရက်နေ့ နေ့သုံးချက်တီးအချိန်မှ စတင်ပြီး ပေထုပ်အဖြစ် တည်ရှိသည်။
ဒါန သီလ သရဏဂုံအကြောင်းဖြစ်သည့် သဘာဝဒီပနီ ခေါ် သဘာဝတ္ထဒီပနီကို ၁၁၇၈ (ပသျှူ မုနိ ရူပ ရူပေ) တန်ဆောင်မုန်းလဆန်း ကိုးရက် သုံးချက်တီးအချိန်တွင် ရေးပြီးသည်။ (ဤကျမ်းကိုလည်း ရွှေတိဂုံဖူးစဉ်က ရန်ကုန်တွင်ရေးခဲ့သည်။ ရန်ကုန်သွားသည့်နှစ်က ၁၁၇၉၊ ဤကျမ်းကို ရေးသည့်နှစ်က ၁၁၇၈ ဖြစ်နေသည်။ ဆင်ခြင်ရန်ဖြစ်သည်။)
အချို့ပေစာများ၌ အချိန်အတိအကျ နာရီ ဘ၀ါးပါမကျန် ရေးထားသည်ကို တွေ့ရလေ၏။ မိမိရေးသည့် ကျမ်းနှင့်တစ်ခြားကျမ်း ကျမ်းတူဖြစ်လျှင် မည်သူက ပို၍ အရင်ရေးသည်ကို သိစေလို၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ တောင်ဘီလာဆရာတော် ရေးသည့် ၀ိနည်းငါးကျမ်းနိဿယသည် ရွှေဥမင်ဆရာတော်ရေးသည့် ၀ိနည်းငါးကျမ်းနဲ့ တိုက်ဆိုင်နေ၍ မီးသဂြိဲုဟ်လိုက်သည်ဟု မှတ်သားဖူး၏။ ထို့အတူ ယခုကာလ ရဟန်းခံရာ၌လည်း အချိန်ကို ဘ၀ါးက စပြီး တိုင်းကြလေ၏။ (ဘ၀ါးအစား စက္ကန့်ကိုလဲ မှတ်ကြ၏။)။ ရဟန်းဖြစ်ရက် တူနေလျှင် အချိန်စော၍ ရဟန်းဖြစ်သည့် သူက သိက္ခာပိုကြီးကြောင်း သိရအောင်ပင်ဖြစ်၏။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က ရေးသားခဲ့သည့် စာမူဆိုစေကာမူ တရားဘာဝနာထုံမွှမ်းသူတို့ အဖို့ ဖတ်မှတ်သင့်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပေသည်။ ထိုစာအုပ်ထဲမှ ဘောဇဉ်အတိုင်းအရှည်၊ ကမ္မဋ္ဌာန်းနှင့်အချိန်၊ မေတ္တာပို့ပါဠိတွေထဲ စကားလုံးလေးတွေရဲ့ အဓိပ္ပါယ် နှင့် အာနာပါနကို အခြေခံ၍ ရှုမှတ်ရသော သမထဘာဝနာနည်း ၀ိပဿနာဘာဝနာနည်းတို့ကို အမြွှက်မျှ ထုတ်နှုတ်ကူးယူ တင်ပြပေးလိုက်ပါသည်။ (အင်္ဂါမောင်)
ဘောဇဉ်အတိုင်းအရှည် (စာမျက်နှာ ၂၉)
အာဟာရကို သုံးဆောင်သည့် ကာလအဆုံး၌ လေးလုပ်ငါးလုပ်တန်သည်ကို လျော့၍စားပြီးလျှင် ရေကိုသာ သောက်ရာ၏။ ဤကဲ့သို့ သုံးဆောင်သည်ရှိသော် ကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်အား ချမ်းသာစွာနေခြင်းငှါ လျောက်ပတ်၏ ဟု ကျမ်းဂန်လာသည်။ (စာမျက်နှာ၊၂၉)
ကမ္မဋ္ဌာန်းနှင့်အချိန် (စာမျက်နှာ ၂၉)
ဥပုသ်သီလ ခံယူပြီးလျှင် ရှေးဦးစွာ နေ့တစ်ချက်တီးတိုင် သီလာနုဿတိကမ္မဋ္ဌာန်းတစ်ပါးတည်းကိုသာ သိမ်းဆည်းရာသည်။ တစ်ချက်တီးကနေ နှစ်ချက်တီးတိုင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို သိမ်းဆည်းရာသည်။ နှစ်ချက်တီးကနေ သုံးချက်တီးတိုင် မရနဿတိကမ္မဋ္ဌာန်းကို သိမ်းဆည်းရာသည်။ နေ့သုံးချက်တီးကနေ နေ့နာရီ ကုန်ဆုံးသည့်တိုင်အောင် အနိစ္စ အစရှိသော သဘောကို ၀ိပဿနာဥာဏ်ဖြင့် သိမ်းဆည်းရာသည်။ ညဥ့်သုံးယာမ်တွင် ပထမယာမ်အတွင်း၌ မေတ္တာကမ္မဋ္ဌာန်းကို သိမ်းဆည်းရာသည်။ ဒုတိယယာမ်အဖို့၌ အိပ်ခြင်းကို ပြုရာ၏။ တတိယယာမ်အဖို့၌ အာနာပါနကမ္မဋ္ဌာန်းကိုသိမ်းဆည်းရာသည်။
မေတ္တာပို့ပါဠိတွေထဲက သက်ရှိသတ္တ၀ါတွေ (စာ၊ ၁၄၆ မှ ၁၄၈ အထိ)
ရူပါဒီသု သဉ္ဇန္တီတိ သတ္တာ။
ရူပါရုံအစရှိသော ကာမဂုဏ်ငါးပါးတို့၌ ကပ်ငြိတတ်သောကြောင့် သတ္တမည်၏။ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့်တကွ ပုဂ္ဂိုလ် ၁၂ ယောက်ရ၏။ ပုထုဇဉ်ဘ၀က ကပ်ငြိခဲ့ဖူးသောကြောင့် ခီဏာသ၀လည်း အထင်ရုဠှီအားဖြင့် သတ္တမည်၏။
ပါဏန္တိ အဿာသပဿာသသမတ္တေန ဇီဝန္တီတိ ပါဏာ။
ထွက်သက်ဝင်သက်မျှဖြင့် ရှင်တတ်သောကြောင့် ပါဏမည်၏။ အမိဝမ်း၌ကိန်းသောသူ၊ ရေနစ်နေသောသူ၊ တွေဝေမိန်းမောနေသောသူ၊ သေသောသူ၊ နိရောဓသမာပတ်ဝင်စားသောသူ၊ စတုတ္ထဈာန်ဝင်စားဆဲ ကာမပုဂ္ဂိုလ်၊ ရူပအရူပပုဂ္ဂိုလ်။ ဤ ခုနစ်ယောက်မှ တစ်ပါး ကြွင်းသောပုဂ္ဂိုလ်ရ၏။
ဘ၀န္တီတိ ဘူတာ။
ထင်ရှားဖြစ်တတ်သောကြောင့် ဘူတမည်၏။ အမိဝမ်း၌ ကိန်းသောသူမှ တစ်ပါး ရုပ်နာမ်နှစ်ပါး ရှိသော ပုဂ္ဂိုလ်အားလုံးရ၏။
ပုံ ဂစ္ဆန္တီတိ ပုဂ္ဂလာ။
ငရဲသို့ သွားတတ်သောကြောင့် ပုဂ္ဂိုလ်မည်၏။ အပါယ်လားကြောင်း မကင်းသော ပုထုဇဉ်လေးယောက်ရ၏။
အတ္တဘာဝေသု ပရိယာပန္နာ အတ္တဘာဝရိယာပန္နာ။
ခန္ဓာငါးပါးဟု ဆိုအပ်သော အတ္တဘော၌ အကျုံးဝင်သောကြောင့် အတ္တဘာဝပရိယာပန္နမည်၏။ အရူပပုဂ္ဂိုလ်မှကြွင်းသော အလုံးစုံသော ပုဂ္ဂိုလ်ရ၏။
ကာမေ ဣစ္ဆတီတိ ဣတ္ထီ။
ကာမဂုဏ်တို့ကို အလိုရှိတတ်သောကြောင့် ဣတ္ထိမည်၏။
မာတာပိတူနံ ဟဒယံ ပူရေတီတိ ပုရိသော။
အမိအဘတို့၏ နှလုံးကို ပြည့်စေတတ်သောကြောင့် ပုရိသမည်၏။
အရေ ကိလေသေ ၀ိဒ္ဓံသေန္တီတိ အရိယာ။
ရန်သူဖြစ်သော ကိလေသာတို့ကို ပဟာနသတ္တိဖြင့် ဖျက်ဆီးတတ်သောကြောင့် အရိယာမည်၏။
န အရိယာ အနရိယာ။
ကိလေသာတို့ကို ဖျက်ဆီးတတ်ကုန်သည် မဟုတ်သောကြောင့် အနရိယာမည်၏။
ဒိဗ(ဗ)န္တိ ပဉ္စဂုဏေဟိ ကီဠန္တီတိ ဒေ၀ါ။
ကာမဂုဏ်ငါးပါးတို့ဖြင့် မြူးထူးမွေ့လျော်တတ်သောကြောင့် ဒိဝါမည်၏။
မနော ဥဿံ ဧတေသန္တီတိ မနုဿာ။
(မဂ်တည်းဟူသော သီတင်းသုံးခြင်း၏ အစွမ်းဖြင့်) မြတ်သောစိတ်ရှိသောကြောင့် မနုဿမည်၏။
ဝိနိပတန္တိ ၀ိဂစ္ဆန္တီတိ ၀ိနိပါတိကာ။
စည်းစိမ်မှ ရံခါကင်းတတ်သောကြောင့် ၀ိနိပါတိကမည်၏။ ပုဂ္ဂိုလ် တစ်ကျိပ်နှစ်ယောက်ရ၏။
အာနာပါန သမထနည်း ၀ိပဿနာနည်း (စာမျက်နှာ ၉၀ မှ ၁၂၄ ထိ)
အာနာပါနကမ္မဋ္ဌာန်းပွါးများနည်းကား...
အာနကား ထွက်သက်တည်း။ ပါနကား ၀င်သက်တည်း။ ထွက်သက်ဝင်သက်ဟူသည်လည်း ပရမတ္ထအားဖြင့် စိတ္တဇ၀ါယောဓါတ်တည်း။ ထွက်သက်၏အစကား ချက်၊ အလယ်ကား ရင်၊ အဆုံးကား နှာခေါင်းဖျား နှုတ်သီးဖျားတည်း။ ၀င်သက်၏အစကား နှာခေါင်းဖျား နှုတ်သီးဖျား၊ အလယ်ကား ရင်၊ အဆုံးကား ချက်တည်း။ ထိုကမ္မဋ္ဌာန်းကို သိမ်းဆည်းသည့်ကာလ ဆိတ်ငြိမ်ရာ၌ ထက်ဝယ်ခွေနေပြီးလျှင် မိမိစိတ်ကို နှာခေါင်းဝ နှုတ်ခမ်းဝ၌ တံခါးစောင့်သော ယောက်ျားကဲ့သို့ သတိတည်းဟူသော ကြိုးဖြင့် ဖွဲ့စည်းပြီးလျှင် ငါးကြိမ်အောက် ရေတွက်ခြင်းကို မပြုအပ်။ ဆယ်ကြိမ်အထက်လည်း ရေတွက်ခြင်းကို မပြုအပ်။ စင်စစ်သော်ကား တစ်ခု နှစ်ခု သုံးခု လေးခု ငါးခုဟူ၍လည်းကောင်း၊ ခြောက်ခုထိသော်လည်းကောင်း ခုနစ်ခုထိသော်လည်းကောင်း ရှစ်ခုထိသော်လည်းကောင်း ကိုးခုထိသော်လည်းကောင်း ရေတွက်ရာ၏။ ရေတွက်သည့်ကာလ စပါးခြင်သော ယောက်ျားကဲ့သို့ ရှည်စွာသော ထွက်သက် ၀င်သက်ကို ဖြစ်စေ၍ နှေးနှေးရေတွက်ရာ၏။ ဤသို့ ရေတွက်ဖန်များသည်ရှိသော် ရုန့်ရင်း ကြမ်းတမ်းသော ထွက်သက်ဝင်သက်သည် သိမ်မွေ့ခြင်းသို့ ရောက်ရာ၏။ သိမ်မွေ့သည့်ကာ နှေးနှေးရေတွက်ခြင်းကို ပယ်၍ နွားကျောင်းသား၏ ရေတွက်ခြင်းကဲ့သို့ လျင်စွာ လျင်စွာ ရေတွက်ရာ၏။ ဤကဲ့သို့ ရေတွက်ဖန် များလတ်သော် ထိုအာနာပါနကို အာရုံပြု၍ ဖြစ်သော သမာဓိသည် တည်သည်သာလျှင်ဖြစ်၏။ မိမိ၏ ကရဇကာယဟုဆိုအပ်သော ရုပ်သည်လည်း ၀ါဂွမ်းဆိုင်ကဲ့သို့ ပေါးပါးခြင်း အဓွန့်ရှည်သော ခရီးကို မပင်မပန်းသွားနိုင်ခြင်း ရူပကာယ၏ ကျင်နာခြင်းမှ ကင်းခြင်း ၀တ္ထုရုပ်၏ ကြည်လင်ခြင်းသို့ ရောက်၏။
ဝိပဿနာသို့ တက်ရာသော နည်းကား..
ထွက်သက်ဝင်သက်ဖြစ်သော စိတ္တဇ၀ါယောဓါတ်သည် မိမိချည်းမဖြစ်။ ကြွင်းသော မဟာဘုတ် သုံးပါး ၀ဏ္ဏ ဂန္ဓ ရသ သြဇာနှင့်တကွ ရုပ် ၂၀ ကိုလည်း ရသင့်၏။ (ထို ၂၀ ကို မရှင်းလင်း)။ ထို သည် ရူပက္ခန္ဓာမည်၏။ ထိုသည် အာရုံသာ ဖြစ်သည်။ အာရမ္မဏိကဖြစ်သောတရားကို စူးစမ်းသည်ရှိသော် လောကီ ၈၁ စေ ၅၂ ဟု ဆိုအပ်သော နာမ်တရားကိုလည်း ရသင့်၏။ ထိုတွင် ဝေဒနာသည် ဝေဒနက္ခန္ဓာမည်၏။ သညာသည်....၏။ ဝေ.သဉ်မှ ကြွင်းသော စေ ၅၀ သည် သင်္ခါရ..မည်၏။ လောကီ ၈၁ သည် ၀ိညာ.. . မည်၏။ ဤခန္ဓာငါးပါးသည် ခဏမတည် ကုန်တတ် ပျက်တတ်သောကြောင့် အနိစ္စမည်၏။ ဥပါဒ် ဌီ ဘင်တို့ဖြင့် မပြတ်နှိပ်စက်အပ်သည်ဖြစ်၍ ဒုက္ခမည်၏။ ငါ၏ခန္ဓာငါးပါးသည် မပျက်စီးစေပါလင့်ဟု တောင့်တ၍ မရ၊ ပျက်စီးချိန်တန်လျှင် အလိုအလျှောက်ပျက်စီးသည်ဖြစ်၍ အလိုသို့ မလိုက်တတ်သောကြောင့် အနတ္တမည်၏။ ရှုဖန်များလတ်သော် ခန္ဓာငါးပါးဟု ဆိုအပ်သော ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း နိဗိ(ဗ)ဒါဥာဏ်ဖြစ်၏။ ထိုဥာဏ်သည် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ(ဗ)ာန်ရခြင်း၏ အကြောင်းရင်း ဖြစ်၏။ ဤကဲ့သို့ ၀ိပဿနာလမ်းသို့ တက်ရာ၏။ (အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန)။
ထို့အတူ...
အတိတ် အနာဂါတ် ပစ္စပ္ပုန်တို့၌ ဖြစ်သော ခန္ဓာငါးပါး၊ အတွင်းအာယတနခြောက်ပါး၊ အပြင်အာယတန ခြောက်ပါး၊ ၀ိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ဝေဒနာ ခြောက်ပါး၊ သညာ ခြောက်ပါး၊ စေတနာ ခြောက်ပါး၊ တဏှာ ခြောက်ပါး၊ ၀ိတက် ခြောက်ပါး၊ ၀ိစာရ ခြောက်ပါး၊ ဓါတ် ခြောက်ပါး၊ ကသိုဏ်း ဆယ်ပါး၊ ဒွတ္တိ့သကာယ သုံးဆယ့်ခြောက်ပါး၊ အာယတန ဆယ့်နှစ်ပါး၊ ဓါတ် ဆယ့်ရှစ်ပါး၊ ဣနြေ္ဒ ဆယ့်ကိုးပါး၊ ဓါတ်သုံးပါး၊ ဘ၀ ကိုးပါး၊ ဈာန်လေးပါး၊ ၀ိမုတ္တိလေးပါး၊ အရူပသမာပတ် လေးပါး၊ ပဋိစ္စသမုပ္ပါဒ် ဆယ့်နှစ်ပါးတို့လည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော လက္ခဏာတို့သို့ တင်၍ ဆင်ခြင်သည့် ၀ိပဿနာတက်လမ်းများစွာလည်းရှိသေး၏။
.
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သာသနာ့တာဝန်ကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နိုင်ကြပါစေ။ (အင်္ဂါမောင်)
.