ပထမသံင်္ဂါယနာတင်ပြီးနောက်တွင် အဇာတသတ်မင်းကြီးသည် အရှင်မဟာကဿပမထေရ်အား ယခု မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ဖြစ်သည်။ မြတ်စွာဘုရားက သာသနာတော်ကို အနှစ်ငါးထောင် ပိုင်းခြားထားတော်မူခဲ့သည်။ သာသနာတော်နှစ်နှင့်သက္ကရာဇ် မညီမညွတ်ဖြစ်ချိမ့်သည်။ ထို့ကြောင့် သာသနာတော်နှစ်နှင့်သက္ကရာဇ် တစ်ချက်တည်း ညီညွတ်အောင် သက္ကရာဇ်ကို ပြန်ထားတော်မူပါ ဟု လျှောက်၏။ ထို့ကြောင့် ရှင်မဟာကဿပသည် မဟာသက္ကရာဇ် ၁၄၈ မှ ၁၄၇ ကို ဖြိုဖျက်ပစ်ကာ ၁ ခုကြွင်း ပြုပြီး သာသနာတော်နှစ် ၁ ခု ဟု စတင်ရေတွက်စေလေသည်။ (ယခုအခါ၌ သာသနာတော်နှစ်မှာ ၂၅၅၆ ခုနှစ် ရှိပြီ ဖြစ်သည်။ စကားချပ်)။
ဖခင်ဘုရင်ဗိမ္ဗိသာရမင်းကြီးအား သတ်ဖြတ်ခဲ့သော အဇာတသတ်မင်းကြီးအား ၄င်း(အဇာတသတ်မင်းကြီး)၏ သားတော် ဥဒယဘဒ္ဒမင်းသားက သာသနာတော်နှစ် ၂၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။
ထိုဥဒယဘဒ္ဒမင်းအား ၄င်း(ဥဒယဘဒ္ဒ)မင်း၏ သားတော် အနုရုဒ္ဓါမင်းသားက သာသနာတော်နှစ် ၄၀ ပြည့်နှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။
ထို အနုရုဒ္ဓါမင်းအား ၄င်း(အနုရုဒ္ဓါမင်း)၏ သားတော် မုဏ္ဍမင်းသားက သာသနာတော်နှစ် ၄၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။
ထိုမုဏ္ဍမင်းအား ၄င်း(မုဏ္ဍမင်း)၏ သားတော် နာဂဒါသမင်းသားက သာသနာတော်နှစ် ၄၈ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။
ထိုနာဂဒါသမင်းအား ၄င်း(နာဂဒါသမင်း)၏ အမတ်ကြီးတစ်ဦးဖြစ်သော သုသုနာဂအမတ်ကြီးက သာသနာတော်နှစ် ၇၂ နှစ်တွင် လုပ်ကြံသတ်ဖြတ်၍ နန်းတက်သည်။ ဤတွင်မှ အဖသတ်သား ငါးဆက် နိဂုံးချုပ်သွားသည်။
ထိုအခြင်းအရာတို့ကို ကြည့်ရှုသုံးသပ်ပြီး အဖေကို သတ်ဖြတ်သောသားသည် မိမိ၏သားက မိမိအား ပြန်သတ်တတ်သည် ဟူသော နိယာမတစ်ခု ရရှိလိုက်သလို ခံစားမိသည်။ ။
ချုပ်။
-အဇာတသတ်မင်း
-ဥဒယဘဒ္ဒမင်း
-အနုရုဒ္ဓါမင်း
-မုဏ္ဍမင်း
-နာဂဒါသမင်း
လင်္ကာ။
အဇာ ဥဒ၊ နုရုဒ္ဓ၊ မုဏ္ဍ နာဂဒါ။
ဖသတ်နန်းတက်၊ မင်းငါးဆက်၊ မပျက်မှတ်ကြပါ။
(အင်္ဂါမောင်)
ကိုးကား။
မဲထီးဆရာတော်၏ ၀ံသဒီပနီ၊ စာ ၁၃-၁၄
.