လုပ်ဆောင်ချက်ထက် သမိုင်းကျန်ရစ်ဖို့ စိတ်ကူးများတဲ့ သူ့စိတ်ကို သူ နဲနဲတော့ ရှက်မိသား။ လုပ်ချင်စိတ် သန္ဓေရှိပေမဲ့ သန္ဓေနောက် အဓိပတိက ခပ်ပါးပါးလေးသာ လိုက်လာတဲ့အတွက် ဆုံးဖြတ်ချက်တိုင်း ချီတုံချတုံ ဖြစ်နေသည်ကို သူအမုန်းဆုံးဖြစ်သည်။ သို့သော် မုန်းလျှက်နဲ့ပင် ချီတုံချတုံက စည်းချက်မှန်နေပြန်သည်။ သက်ပြင်းချခြင်းဟာ သူ့အတွက် လမ်းကြောင်းပေါ် တစ်စိုက်မတ်မတ်တွန်းပို့ပေးတဲ့ တွန်းအားတစ်ခု ဆိုလျှင် သူ့ အတ္ထုပ္ပတ္တိ သူ ရဲရဲကြီး ရေးခဲ့ပြီးသည်မှာ ကြာရော့မည်။ လုပ်ဆောင်ချက်နဲနဲနဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ ပလူပျံနေရင် ရှက်ဖွယ်လိလိ မဟုတ်တုံလော။
ဘယ်လောက်ထိ သူ သမိုင်းဝင် အမှတ်တရ ဖြစ်ချင်သနည်း။
ဂျူလိုင် ၂၂ ရက် (၂၀၁၁)နေ့ သူ လန်ဒန်တက္ကသိုလ်၌ မာစတာဘွဲ့ယူသည်။ ဘွဲ့နှင်းသဘင် တက်ဖို့ ဘွဲ့ယူကျောင်းသား တစ်ယောက်က ဧည့်သည် နှစ်ယောက် ခေါ်ယူခွင့်ရှိသည်။ ဘွဲ့ယူ နှစ်ပါးဖြစ်သည်။ သူနှင့် သူ၏ သူငယ်ချင်း။ ဧည့်သည် စုစုပေါင်း ၄ ယောက် ခေါ်သွားဖြစ်သည်။ အမျိုးသား ၃ ယောက် နှင့် အမျိုးသမီး ၁ ယောက်။ အမျိုးသမီးတစ်ယောက်က လွဲရင် ကျန်တဲ့ အမျိုးသား ၃ ယောက်လုံး ကင်မရာမင်းများ ဖြစ်ကြသည်။ ဗီဒီယို ကင်မရာမင်းက တစ်ယောက်၊ ဓါတ်ပုံကင်မရာ မင်းက နှစ်ယောက်။ ဒီကြားထဲ ဘွဲ့ယူကျောင်းသားတွေအတွက် အထူးအော်ဒါမှာပြီး ရိုက်ရတဲ့ ပရိုဖက်ရှင်နယ် ဓါတ်ပုံတိုက်မှာက ဈေးအကြီးဆုံး အမျိုးအစားနဲ့ ရိုက်ယူခဲ့သေးသည်။ ထိုဓါတ်ပုံတိုက်က ဘွဲ့နှင်းသဘင်နားမှာ ခဏလာဖွင့်ပေးသည်။ စတာလင်ပေါင် ၁၇၇ ပေါင် ပေးရသည်။ အဲဒီလောက်ထိ အမှတ်တရသမိုင်းဝင်ချင်တာကလား။ သို့ပေမဲ့ သူ့ကိုယ်သူ ဆင်ခြေပေးတာလေး ရှိသေးသည်။ ဓါတ်ပုံမစားတဲ့ အတွက် ပုံပေါင်း ၁၀၀ လောက်ရိုက်မှ တစ်ပုံ ကောင်းကောင်း ထွက်သည်တဲ့လေ။
ကင်မရာမင်း သုံးယောက်၊ ဖရိုဖက်ရှင်နယ်ဓါတ်ပုံဆရာတစ်ယောက်နဲ့ ရိုက်ရတာတင် အားမရသေးတဲ့အတွက် ဘွဲ့ဝတ်စုံကို နောက်ထပ် တစ်ပတ်စာအတွက် ပေါင် ၂၀ ပေးပြီး ငှားယူခဲ့သေးသည်။ အွန်လိုင်းက ငှားကထဲက တစ်ပတ်စာအတွက် ပေါင် ၂၀ ပေးသွင်းထားခဲ့သည်။ နေထိုင်ရာ ဘုန်းကြီးကျောင်းရောက်တော့ အသိဒကာ ဒကာမများနှင့် ဓါတ်ပုံ ထပ်ရိုက်ပြန်သည်။ ထို့နောက် ဘုန်းကြီးကျောင်းအနီးရှိ ဓါတ်ပုံတိုက်၌ တစ်ပုံ ၁၈ ပေါင်နှုန်းဖြင့် နှစ်ပုံ ထပ်ရိုက်လိုက်သေးသည်။ အော်... အကျီးတန် မှန်ကြိုက်ဆိုသလိုပ၊ ရုပ်မလှပေမဲ့ ဓါတ်ပုံရိုက်တော့ ၀ါသနာပါသား။
ဘာပြောပြော ဒီနေ့ ပရိုဖက်ရှင်နယ်ဓါတ်ပုံတိုက်မှာ ၁၇၇ ပေါင်ပေးပြီး ရိုက်ခဲ့သည့် ဓါတ်ပုံတွေ ရသည်။ ရွိုင်ရယ်မေးလ် အထူးစာပို့စနစ်ဖြင့် ရောက်လာသည်။ ဘွဲ့ယူပြီးနောက် ရက်ပေါင်း ၅၀ ခန့်လောက်မှ ရောက်လာခြင်းဖြစ်သည်။ ဖရိန်ကြီးကြီးနဲ့က တစ်ပုံ၊ စက္ကူဘောင်အကြီးနဲ့က သုံးပုံ၊ စက္ကူဘောင်အသေးလေးနဲ့က ငါးပုံ၊ ဿမ်ဘ်နေးလ် လုပ်ပေးထားတာက နှစ်ပုံ။ စုစုပေါင်း ၁၁ ပုံရသည်။ ထပ်ပြီး ကူးချင်သေးရင် စက္ကူဘောင်အကြီးနဲ့ဆို တစ်ပုံ ဆယ်ပေါင်နှုန်းနဲ့ ကူးနိုင်သေးတဲ့အကြောင်းလဲ ကြော်ငြာ စာရွက်ကလေး ထည့်ပေးခဲ့သေးသည်။ အော်ဒါမှာထားခဲ့တုန်းက ဓါတ်ပုံအတွက် စီဒီကော မင်မိုရီစတစ်ခ်ပါ မှာထားသည်။ သို့သော် ဓါတ်ပုံတွေနဲ့ အတူတူရောက်မလာသေးချေ။ နောက်ထပ် ၁၄ ရက်အတွင်း ပို့ပေးမယ်လို့ အမှာစာပါသည်။
ဘာမဟုတ်တဲ့ မာစတာဘွဲ့လေးအတွက် ရိုက်လိုက်တဲ့ ဓါတ်ပုံတွေပါလား။ ဒီဂျစ်တယ် ခေတ်မို့ တော်ပါသေးရဲ့။ ဟိုတုန်းကလို ဂျောက်ဂျက် ကင်မရာနဲ့ဆို ဒီလောက်များပြားလှတဲ့ ဓါတ်ပုံတွေ ဘယ်မှာ ဘယ်လို သိမ်းဆည်းထားနိုင်ပါ့လဲ။ ဘွဲ့ယူသမိုင်းတော့ ဓါတ်ပုံတွေကြောင့် ကျန်ရစ်ခဲ့သည် ထားပါဦး။ ဘ၀သမိုင်းကိုကော ဘာနဲ့ရေးမလဲ။ ဘယ်လို ရေးမလဲ။ မျိုးဆက်သစ် လူငယ်တွေ အတုယူစရာ အားကျစရာ စံပြပြုစရာဖြစ်အောင် ဘယ်လို လုပ်ဆောင်ချက်တွေ ထားရစ်ခဲ့မလဲ။ တစ်ကိုယ်ကောင်း အတွက်ဆိုရင်တော့ ဒီနေ့သမိုင်းကို ဒီလိုရေးလိုက်တဲ့အတွက် အနာဂါတ်မှာ မျက်နှာမပြရဲလောက်အောင် ရှက်စရာ ကောင်းပေလိမ့်မည်တည်း။
အတတ်ပညာ အသိပညာ ရှေ့တန်းရောက်နေသူများ ကိုယ်ကျိုးသက်သက်မကြည့်ဘဲ နိုင်ရာ တာဝန်ကို နိုင်သလောက် ထမ်းဆောင်နိုင်ကြပါစေကြောင်း တောင်းဆုပန်လျှက်။ ။
.