Wednesday 20 July 2011

သူနှင့် သင်္ကြန်သုံးမျိုး

ဒီနေ့ ညနေခင်း၌ အပြင်လမ်းလျှောက်ဖို့ လောင်းကုတ်ဝတ်ပြီး ကျောင်းထဲမှ ထွက်လိုက်သည်။ မိုးနဲနဲ ရွာနေသည်။ မိုးကာအင်္ကျီ ပြန်ဝင်ဝတ်ရင်ကောင်းမလား စဉ်းစားမိသေး၏။ သို့သော် မိုးက ခပ်ဖွဲဖွဲမို့ လောင်းကုတ်နဲ့ပင် ထွက်သွားလိုက်သည်။ လန်ဒန်မိုးက ရွာချင်တဲ့အချိန် ရွာချတတ်သည်။ လန်ဒန်မှာ နေလျှင် မိုးနဲ့ ကျင့်သားရသွားဖို့ လို၏။

လမ်းလျှောက်ပြီး ငါးပြလောက် ရောက်သည့် အခါ လမ်းကြားထဲမှ ကလေး သုံးယောက် ပြေးထွက်လာ၏။ လူဖြူ အင်္ဂလိပ် စစ်စစ် ကလေးတွေပင်။ ခြောက်နှစ် ခုနစ်နစ် အရွယ်လေးများ ဖြစ်၏။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းခလေး တစ်ယောက်။ ယောက်ျားလေးတွေ လက်ထဲမှာ သေနတ် တစ်ယောက် တစ်လက်စီ ကိုင်ထားကြ၏။ သေနတ်တွေကို ဖြုန်းကနဲ လှမ်းကြည့်လိုက်မိ၏။ အမျိုးအစားများကို မသိပေမဲ့ သေနတ် အရွယ်အစားက ခပ်ကြီးကြီးပင် ဖြစ်၏။ မိန်းခလေး လက်ထဲ၌မူ ဘာမှ မရှိ။ ဗလာ သက်သက်။ 

ထိုကလေးအုပ်စု သူ့အနီးသို့ ရောက်လာသည့်အခါ ယောက်ျားလေးနှစ်ယောက် သူ့ဘေးတစ်ဘက် တစ်ချက် နေရာယူလိုက်ကြပြီး သူ၏ ဘေးနှစ်ဘက်ကို သေနတ်ဖြင့် ချိန်ထားကြလေ၏။ ရုတ်တရက် သူကြောင်နေ၏။ ဘာလုပ်ရမည် မသိ။ ပတ်ဝန်းကျင် ခဏ တိတ်ဆိတ်သွား၏။ သို့သော် သူတို့က စပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ 

"တစ်ယောက် တစ်ချက်ဘဲ ပစ်မယ်" တဲ့

ဘုရားရေ။ ဒုက္ခ။ မိန်းခလေး မျက်နှာကို လှမ်းကြည့်လိုက်တော့ ပြုံးမလိုလို ဘာလိုလိုနဲ့။ ဒါနဲ့ သူလည်း မထူးတော့ပါဘူး ဆိုပြီး... ကဲ ပစ်စေဗျား ဟု ခွင့်ပေးလိုက်၏။ ထိုယောက်ျားလေးနှစ်ယောက်သည် ဘာကို ဆိုလိုမှန်း မသိ This is a human world ဟူ၍သာ ပြောပြီး သူ့ကို သေနတ်ဖြင့် ၀ိုင်းပစ်လေတော့၏။ သူတို့ ပထမ ပြောသည်မှာ တစ်ယောက် တစ်ချက်ဆိုပေမဲ့ တကယ်ပစ်တော့ အချက်ပေါင်း များစွာ ပစ်ခတ်လေ၏။ ထို ယောက်ျားလေး နှစ်ယောက်၏ လက်ချက်ဖြင့်ပင် သူ၏ လောင်းကုတ်တစ်ခုလုံး စိုရွှဲ နေလေတော့၏။ ဒီကလေးတွေ ဘယ်က ဘယ်လို သင်္ကြန်ရေပြွတ်သေနတ်တွေ ရခဲ့ကြပါလိမ့်။

သူလည်း ကလေးလေးတွေ ချစ်စရာကောင်းတာက တစ်ကြောင်း မိန်းခလေးမျက်နှာမှာ ခင်မင်လိုစိတ် ပြနေတာက တစ်ကြောင်းတို့ကြောင့် ကလေးလေးတွေရဲ့ နဖူးကို ကိုင်ပြီး ကျန်းမာချမ်းသာ ပျော်ရွှင်စေဖို့ Blessing လုပ်ပေးထားခဲ့၏။ သို့သော် ယောက်ျားလေး တစ်ယောက်မူ အလုပ်မခံချေ။ မိုးဖွဲဖွဲ ကုတ်အင်္ကျီရွှဲရွှဲဖြစ်သည့်အပြင် ကလေးတွေရဲ့ သင်္ကြန်သေနတ်ဒဏ်ကြောင့် ပိုပြီး စိုရွှဲခဲ့လေတော့၏။ 

ကလေးများကို ထားရစ်ခဲ့ပြီး ဆက်လက် ချီတက်သွားပြန်ရာ နေရာ တစ်ခု အရောက်၌ ကတုံး တုံးထားသည့် နီဂရိုး တစ်ယောက်သည် သူ ဦးတည်ရာ ရှေ့တည့်တည့်၌ သူ့ကို ကျောပေးပြီး ရပ်နေလေ၏။ တိုက်တိုက်ဆိုင်ဆိုင် သူက ထိုနီဂရိုးကို ကျော်အတက် ထိုနီဂရိုးကလဲ သူကျော်တက်ရာ လမ်းကြောင်းဘက် တံတွေးလှမ်း အထွေး။ သူ၏ မြန်ဆန်လှသော ခြေလှမ်းတို့ကို နောက် ဆုတ်ကာ ရှောင်လိုက်သော်လည်း အဖျားခတ်ကလေးတော့ ခတ်သွားသေး၏။  သူလဲ နီဂရိုးကို လှမ်းအကြည့် နီဂရိုးကလဲ သူ့ကို လှမ်းအကြည့်။ သူကလဲ နီဂရိုး ရန်ရှာလေမလားလို့ စိုးရိမ်။ နီဂရိုးကလဲ သူတံတွေးထွေးမိတာ အားနာ။ ပြီးတော့ နီဂရိုးက I am sooo sorry တဲ့။ သေချာ ကြည့်လိုက်တော့ အဲဒီ နီဂရိုးက မူးနေတာ။ တော်ပါသေးရဲ့ လူကို ရန်မရှာခဲ့လို့။ သူလဲ All right All right လို့ ပြောပြီး ခပ်သွက်သွက် ထွက်ခွါခဲ့ရလေ၏။ 

ခြုံကြည့်လိုက်တော့ မိုးရေကြောင့် သူ၏ လောင်းကုတ်အင်္ကျီ စိုရွှဲခဲ့၏။ ကလေးတွေရဲ့ သင်္ကြန်သေနတ်ကြောင့်လဲ သူ၏ လောင်းကုတ် စိုရွှဲခဲ့ရလေ၏။ ထို့နောက် နီဂရိုး၏ တံတွေးစကြောင့်လဲ သူ၏ လောင်းကုတ် အစိုဓါတ်ဝင်ခဲ့ရလေ၏။ ထိုနောက် သူလဲ ကြံကြံဖန်ဖန် စဉ်းစားမိလေ၏။ "တစ်ရက်ထဲ အချိန်ပိုင်းလေး အတွင်းမှာ အသွင်မတူတဲ့ သင်္ကြန်သုံးမျိုး အကျခံခဲ့ရပါပေါ့လား" ဟူ၍။  ။

.

1 comment:

Anonymous said...

ဤစာဖတ်၍ နိမိတ်ကောက်ရသော် စာရေးသူသည် နောက်ထပ် သင်္ကြန် ၃ ခါ ဘိလပ်တွင် နေရလတ္တံ့။
ထိုကာလအတွင်း ...
မိုးရေကဲ့သို့ ဘ၀၏ အေးမြမှုကို ရလတ္တံ့။
ကလေးငယ်များ၏ ချစ်ခင်မှုကို ရလတ္တံ့။
ဘာသာခြားများနှင့် သဟဇာတ ဖြစ်လတ္တံ့။

ဤကား အယူတော် မင်္ဂလာ ဦးနိုး၏ တပည့် ၁၂ ၀မ်းကွဲ အပေးတော် မင်္ဂလာဆောင် ပညာယှိ ဦးအိပ်၏ နိမိတ်ဖတ်ခြင်း ပေတည်း။

ဣစ္ဆိတံ ပတ္တိတံ တုယှံ ခိပ္ပ မေ၀ သမိစ္စတု။
အဟွတ် အဟွတ် အဟွတ်