Monday, 24 May 2010

ဗီဇာသက်တမ်းတိုးဖို့ချီတက်ခြင်း

ကျောင်းသားဗီဇာနဲ့ နေထိုင်ရတဲ့ဘ၀ဆိုတော့လဲ တစ်နှစ်တစ်ခါလောက် ဗီဇာတိုးရတဲ့ကိစ္စက အာဝေဏိကဒုက္ခတစ်မျိုးပါဘဲ။ အရှေ့ နှင့်အနောက် ပညာသင်ယူမှု သင်ပေးမှုတွေ ကွဲပြားနားတဲ့အတွက် ငွေကြေးအမြောက်အမြားအကုန်အကျခံ အချိန်တွေကို အများကြီးပေးဆပ်ရင်း တကူးတကလာသင်ယူဖို့လာခဲ့တာတောင်မှ ဗီဇာကနှစ်များများမပေးဘူး။ မြန်မာနိုင်ငံဗြိတိသျှသံရုံးမှာ ဗီဇာဝင်တုန်းက ၁၄ လရခဲ့တယ်။ နောက်ထပ် မနှစ်က ထပ်တိုးတော့ ၁၄ လထပ်ရတယ်။ ဒီနှစ်တော့ ဘယ်နှစ်နှစ်ရမယ်မှန်း ကောင်းကောင်းမှန်းဆလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာမဲ့စက်တင်ဘာဆိုရင် မာစတာအတွက် ကိစ္စ၀ိစ္စက ပြီးသလောက်ဖြစ်နေလို့ပါဘဲ။ ဂေဇက်ဘဲ ထိုင်စောင့်နေရုံပါ။ နိုဝင်ဘာလမှာ ဂေဇက်ထွက်ပေးမယ်တဲ့။ ဒါဆို အခုမှတိုးထားတဲ့ ဗီဇာကို သူတို့ဘယ်လိုပေးမလဲ မသိဘူး။ မနှစ်ကလို ၁၄လ ပေးရင်တော့ ကံကောင်းတာပေါ့လေ။ လက်ရှိတက်လာတဲ့ ကင်မရွန်းအစိုးရကလဲ နိုင်ငံခြားသားတွေကို နှိပ်ကွပ်ဖို့တက်လာတဲ့ပုံမျိုးဘဲ။ အထူးသဖြင့်တော့ ကျောင်းသားဗီဇာသမားတွေ ခံရတာပါ။

အင်္ဂါမောင်တို့ တက်နေတဲ့ တက္ကသိုလ်က Status နဲနဲရှိတော့ ဗီဇာ ရီဂျက်အထုခံရမှာ ကြောက်စရာမလိုတော့ဘူးပေါ့။ တစ်ချို့ အပြင်ကျောင်းက ကျောင်းသူကျောင်းသားတွေဆို တက်နေတဲ့ကျောင်းရဲ့အခြေအနေအရ ဗီဇာရီဂျက်အထုခံကြရတယ်။ ပြီးတော့ ဒီထက်ပိုဆိုးတာက ယူကေမှာလဲ အလုပ်အကိုင်သိပ်အဆင်မပြေကြတော့ဘူးတဲ့။ အလုပ်ကရှား နေထိုင်စရိတ်ကများဆိုတော့ ကိုယ့်နိုင်ငံကိုယ် ပြန်ပြေးကြရတဲ့သူတွေလဲ မနည်းတော့ဘူး။

မနှစ်တုန်းကဗီဇာတိုးတုန်းကတော့ Croydonကို သွားရပါတယ်။ နေရာကျွမ်းကျင်မှုမရှိတာကတစ်ကြောင်း အင်္ဂလိပ်စကားကို နားမလည်မှာ စိုးရိမ်တာကတစ်ကြောင်းတို့ကြောင့် သူငယ်ချင်းတစ်ပါးဖြစ်တဲ့ ဦးတောသနကို အကူအညီတောင်းပြီး ခေါ်ယူသွားခဲ့ရပါတယ်။ ပြီးတော့ မနှစ်တုန်းက အင်္ဂါမောင်တက်နေတဲ့ ကျောင်းက အင်္ဂလိပ်စာသက်သက်သင်ပေးတဲ့ကျောင်းပါ။ ဒါကြောင့် ဗီဇာသက်တမ်းတိုးဖို့ကိစ္စကို စာတိုက်က apply မလုပ်ရဲဘူး။ ရီဂျက်အထုခံရမှာစိုးလို့ပါ။ စာတိုက်ကပို့လိုက်ရင် သူတို့အတွက် စစ်ဆေးချိန်ပိုရတယ်လေ။ ရစ်ချင်ရင် ရစ်လို့ရတာပေါ့။ လူကိုယ်တိုင်သွားလိုက်တော့ သူတို့ရစ်ချိန်သိပ်မရှိတော့ဘူး။ ပြီးတော့ အခြေအနေအရပ်ရပ်ကို ကျကျနနရှင်းပြလို့ရတယ်လေ။ ဒါကြောင့်မို့ မနှစ်တုန်းက ဗီဇာရုံးကို ကိုယ်တိုင်သွားပြီး သက်တမ်းတိုးခဲ့ပါတယ်။ စာတိုက်ကပို့ရင် ၂၉၀ပေါင်၊ ကိုယ်တိုင်သွားတွေ့ရင် ပေါင် ၅၀၀ပါ။ ဒါပေမဲ့ ကိုယ်တိုင်သွားတွေ့တာက ဗီဇာရတာ ပိုမြန်ပါတယ်။

ဒီနှစ်ကတော့ ဗီဇာသက်တမ်းတိုးရမဲ့ ဈေးနှုန်းတွေ ဈေးတက်သွားပါပြီ။ စာတိုက်က ပို့ရင် ၃၅၇ ပေါင်ကျပြီး လူကိုယ်တိုင်သွားရင်တော့ ၅၆၅ပေါင် ဖြစ်သွားပါပြီ။ ဒီလိုဈေးတက်ပေမဲ့လဲ ဗီဇာသက်တမ်းတိုးတဲ့သူတွေကတော့ ကြိတ်ကြိတ်တိုးနေဆဲပါဘဲ။ ဒါကြောင့်လဲ ဒီနှစ်မှာ ဗီဇာသက်တမ်းတိုးလို့ရတဲ့ နေရာတွေ
တိုးချဲ့ လိုက်ပါတယ်။ အဲဒီအထဲမှာ Elephant and castle ဆိုတဲ့ လန်ဒန်မြို့လယ်က နေရာအပါအ၀င်ပေါ့။ Home Office Biometric Enrolment Centre တစ်ခုအနေနဲ့ တိုးချဲ့လိုက်တာပါ။ မနှစ်တုန်းကဆို Croydon မှာရှိတဲ့ Lunar House ကိုဘဲ အားလုံးသွားကြရတယ်။

ဒီနှစ်ကတော့ အင်္ဂါမောင်တို့ တက်နေတဲ့ လန်ဒန်တက္ကသိုလ်ရဲ့ထောက်ခံမှုနဲ့ဘဲ စာတိုက်ကနေတစ်ဆင့် ဗီဇာတင်လိုက်တာပါ။ ဗီဇာကြေးကိုလဲ Postal Order နဲ့ ပို့ရတယ်။ စာတိုက်ကပို့ပြီးမကြာခင်မှာဘဲ တစ်ပတ်အတွင်း အကြောင်းကြားစာရောက်လာပါတယ်။ Appointment လုပ်ဖို့ပေါ့။ ဒါနဲ့ဘဲ ဒီနေ့ကို ရွေးလိုက်ကြတယ်လေ။ အင်္ဂါမောင်တို့ စာမေးပွဲအပြီးနဲ့ ချိန်ကိုက်ပြီး ရွေးလိုက်တာပါ။ ဒါတောင်မှ မနက်ဖန် Viva ရှိသေးတယ်။ 

ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ Elephant and Castleကို ချီတက်ဖို့ အင်္ဂါမောင်တို့ နေထိုင်တဲ့ သန္တိသုခ၀ိဟာရကနေ ထွက်ခွါခဲ့ကြပါတယ်။ သူငယ်ချင်းဖြစ်သူ ဦးခေမာစာရောပေါ့။ သူနှင့်အင်္ဂါမောင်နှင့်က ဗီဇာသက်တမ်းတစ်ရက်ထဲ ကုန်ကြတာလေ။ တစ်ရက်ထဲကုန်ဆို မြန်မာနိုင်ငံက ထွက်လာကထဲက တစ်ရက်ထဲအတူတူထွက်လာခဲ့ကြတာကိုး။ Appointment က အင်္ဂါမောင်အတွက် နံနက် ၁၀း၂၀။ ဦးခေမာစာရအတွက်က နံနက် ၉း၅၀ ပါ။ ဒါပေမဲ့ နာရီဝက်ကြိုရောက်ဖို့ သူတို့မှာထားပါတယ်။ Elephant and Castle ကို နံနက် ၉ နာရီမထိုးခင် ရောက်ရှိသွားပါတယ်။ ရုံးတည်နေရာက Elephant and Castle station နဲ့နီးနီးလေးမှာပါဘဲ။ Hannibal House တဲ့။ အထပ်တွေ အများကြီးရှိတယ်။ မြေညီထပ်နှင့်ဘေ့စ်မင့်န်တ်မှာ ဈေးတွေရောင်းတယ်။ ရုံးက ၉ ထပ်မြောက်မှာပါ။

စောစောရောက်သွားတော့ စောစောအဆင်ပြေသွားပါတယ်။ အရင်ချိန်းတဲ့သူတွေ မရောက်သေးတဲ့အတွက် ၁၀ နာရီကျော်ထိစောင့်မနေလိုက်ရပါဘူး။ ကိုးနာရီခွဲဝန်းကျင်လောက်မှာဘဲ အင်္ဂါမောင်တို့ နှစ်ယောက်လုံး Finger print နှိပ်ခြင်းနှင့် ဓါတ်ပုံရိုက်ခြင်းကိစ္စပြီးပြတ်ခဲ့ပါတယ်။ နာရီဝက်စောရောက်ဖို့ ပြောထားတာ ဒီလိုအဖြစ်မျိုးတွေ ခဏခဏဖြစ်လို့ထင်တယ်။ အင်္ဂါမောင်တို့အတွက်တော့ အဆင်ပြေသွားတာပေါ့။ ရုံးက ကိုးထပ်မှာဆိုတော့ အပေါ်စီးကနေ ရှုခင်းတွေ ကြည့်လို့ကောင်းတယ်။ လန်ဒန်အိုင်းကြီးကိုလဲ မြင်ရတယ်လေ။ ဒါကြောင့် လက်ယားလာတာနဲ့ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။ 

စာတိုက်က ပို့လာမဲ့ ဗီဇာသက်တမ်းကို စောင့်မျှော်ရင်း အင်္ဂါမောင်လဲ ဣတိပိ သော ဘဂ၀ါတွေ ခဏခဏရွတ်ဖြစ်နေလေရဲ့။ ဒါမှ ဗီဇာများများရပြီး ပညာများများ သင်ယူနိုင်မှာ မဟုတ်လား။ မာစတာပြီးဆုံးသည့်တိုင် အင်္ဂလိပ်စာကို Accademic ကျကျရေးသားနည်းကို လေ့လာသင်ယူချင်သေးတယ်။ အခြေအနေနှင့်အချိန်အခါကို ကြည့်ပြီး ဆုံးဖြတ်ရတော့မှာပေါ့လေ။

....

No comments: