Saturday 24 October 2009

သတ္တိနှင့်ဗျတ္တိ

အရာဝတ္ထုဟူသမျှတွင် မြင်ရသောအပိုင်းနှင့်မမြင်ရသောအပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါရှိမြဲဖြစ်၏။ ပါဠိဝေါဟာရအားဖြင့် မြင်ရသောအပိုင်းကို ဗျတ္တိပိုင်းဟူ၍ ဆိုရ၏။ မမြင်ရသောအပိုင်းကို သတ္တိပိုင်းဟူ၍ ဆိုရ၏။ သိပ္ပံနယ်ပယ်၌ စွမ်းအင်နှင့်ဒြပ်သဖွယ်ပင်ဖြစ်၏။ သတ္တိပိုင်းသည် စွမ်းအင်နှင့်တူ၏။ ဗျတ္တိပိုင်းသည် ဒြပ်နှင့်တူ၏။ ဗုဒ္ဓအဘိဓမ္မာဝေါဟာရအားဖြင့် သတ္တိပိုင်းသည် ကံဖြစ်၍ ဗျတ္တိပိုင်းသည် ကမ္မဖလ (၀ါ) ကမ္မ၀ိပါကဖြစ်လေ၏။ လောကဝေါဟာရအားဖြင့် ဆိုရလျှင် ကံသည် အကြောင်းဖြစ်၍ ကမ္မဖလ (၀ါ) ကမ္မ၀ိပါကသည် အကျိုးဖြစ်၏။

သတ္တိပိုင်းနှင့်ဗျတ္တိပိုင်းတို့၏အကြား၌ အ၀ိဇ္ဇာက ကန့်လန့်ကာအဖြစ်ဆောင်ရွက်လေ၏။ အ၀ိဇ္ဇာသည် ဖုံးသော သတ္တိနှင့်ဖော်သောသတ္တိ နှစ်မျိုးလုံးကို ပိုင်ဆိုင်၏။ ဖုံးသောသတ္တိကို ပါဠိဝေါဟာရအားဖြင့် အာဝရဏဟူ၍ ဆိုရ၏။ ဖော်သော သတ္တိကို ၀ိက္ခေပဟူ၍ ဆိုရ၏။ သတ္တိနှစ်မျိုးလုံးကပင် တစ်နည်းနည်းဖြင့် အမှားကို သိအောင်ဆောင်ရွက်၏။ အမှားကို သိအောင်ဆောင်ရွက်ခြင်းဟူသည်မှာ အမှန်ကို အမှန်အတိုင်းမသိအောင် ဖုံးပြီး အမှားကို အမှန်ထင်ရလေအောင် ဖော်ခြင်းဖြစ်ပါ၏။ ။

မှတ်ချက်။
ဦးရွှေအောင်၏ ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့ စာမျက်နှာ ၁၀၄-၁၀၅ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။

...

No comments: