Friday, 23 October 2009

ဒိဋ္ဌိသုံးမျိုး

နတ္ထိက၀ါဒဟူသည်
အကျိုးကို ပယ်သော ၀ါဒဖြစ်၏။ ဤလောက၌  အကြောင်းနှင့်အကျိုးဟူ၍ နှစ်မျိုးရှိသော်လည်း နတ္ထိက၀ါဒီက အကြောင်းကိုသာ လက်ခံ၏။ အကျိုးကို လက်မခံ။ အကြောင်းနှင့်အကျိုး နှစ်မျိုးတို့တွင် အကြောင်းသည်သာ ပဓာနဖြစ်၏။ အကျိုးသည် ပဓာနမဟုတ်။ ထို့ကြောင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင် မိမိလုပ်နေသော လုပ်ငန်းကို ပြီးဆုံးအောင်သာ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ လုပ်ရန် လိုအပ်၏။ တရားသည် မတရားသည် ဟူ၍မရှိ။ ငါက နောက်ကျသည်၊ သူက အလျင်ဦးသည်၊ ထို့ကြောင့် သူ့ကို ကျော်ပြီး ငါကအခွင့်အရေးယူရန်မသင့်ဟူ၍ စဉ်းစားရန်မလို။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား၊ နက်ဖန်ခါဟူ၍မရှိဟု နတ္ထိက၀ါဒက သွန်သင်၏။ ထို့ကြောင့် ထိုအလုပ်မှ ထွက်ပေါ်လာသော အကျိုးတရားအပေါ် တစ်စုံတစ်ရာ တွေးတော စဉ်းစားရန်မလိုဟူ၍ အကျိုးတရားကို နတ္ထိက၀ါဒက ပယ်၏။ လမ်းစဉ်နှင့် ပန်းတိုင်တွင် လမ်းစဉ်သာ ပဓာနဖြစ်၏။ ဤ၀ါဒကို ရှေးခေတ်တွင် အဇိတကေသကမ္ဗလဆရာကြီးက ယူ၏။

အကြိယ၀ါဒဟူသည်
အကြောင်းကိုပယ်သော ၀ါဒဖြစ်၏။ ဤလောက၌ အကျိုးသာ ပဓာနဖြစ်၏။ မိမိလိုသော အကျိုးကို ရမည်ဆိုလျှင် လိမ်၍ပဲရရ၊ လုပ်၍ပဲရရ၊ နောက်ဆုံးအဖကို သတ်မှပဲရရ အားလုံးမှန်သည်ချည်းဖြစ်သည်။ အကျိုးကို ရမှတော့ အကြောင်းမှန်၍ရခြင်းသာဖြစ်၏။ လမ်းစဉ်နှင့်ပန်းတိုင်တွင် ပန်းတိုင်သာ ပဓာနဖြစ်၏။ ဤ၀ါဒကို ရှေးခေတ်တွင် ပုရာဏကဿပဆရာကြီးက ယူ၏။

အဟေတုက၀ါဒဟူသည်
အကြောင်းနှင့်အကျိုး နှစ်မျိုးလုံးကို ပယ်သော ၀ါဒဖြစ်၏။ ဤလောက၌ အကြောင်းလည်းပဓာနမဟုတ်၊ အကျိုးလည်းပဓာနမဟုတ်။ အားလုံးသူဖြစ်ချင်နေသလို ဖြစ်နေကြ၏။ အကြောင်းကောင်းသော်လည်း အကျိုးကောင်းချင်မှကောင်း၏။ အကြောင်းမကောင်းသော်လည်း အကျိုးကောင်ချင်ရင် ကောင်း၏။ ထို့ကြောင့် အကြောင်းအကျိုးနိယာမတွင် ဘာမျှပုံသေသတ်မှတ်၍မရ။ လမ်းစဉ်နှင့်ပန်းတိုင်တွင် လမ်းစဉ်လည်း ပဓာနမကျ။ ပန်းတိုင်လည်းပဓာနမကျ။ ကောင်းသည်ထင်လျှင် လုပ်သင့်သည်ချည်းဖြစ်၏။ နောက်ဆံတင်းမနေသင့်။ လုပ်သာလုပ်။ ဤသို့ အဟေတုက၀ါဒက ဆိုသည်။ ဤ၀ါဒကို ရှေးခေတ်တွင် မက္ခလိဂေါသာလဆရာကြီးက ယူ၏။

မှတ်ချက်။
ဦးရွေအောင်၏ ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့ စာအုပ်၊ စာမျက်နှာ ၁၅ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။

...

No comments: