Saturday, 24 October 2009
သတ္တိနှင့်ဗျတ္တိ
အရာဝတ္ထုဟူသမျှတွင် မြင်ရသောအပိုင်းနှင့်မမြင်ရသောအပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါရှိမြဲဖြစ်၏။ ပါဠိဝေါဟာရအားဖြင့် မြင်ရသောအပိုင်းကို ဗျတ္တိပိုင်းဟူ၍ ဆိုရ၏။ မမြင်ရသောအပိုင်းကို သတ္တိပိုင်းဟူ၍ ဆိုရ၏။ သိပ္ပံနယ်ပယ်၌ စွမ်းအင်နှင့်ဒြပ်သဖွယ်ပင်ဖြစ်၏။ သတ္တိပိုင်းသည် စွမ်းအင်နှင့်တူ၏။ ဗျတ္တိပိုင်းသည် ဒြပ်နှင့်တူ၏။ ဗုဒ္ဓအဘိဓမ္မာဝေါဟာရအားဖြင့် သတ္တိပိုင်းသည် ကံဖြစ်၍ ဗျတ္တိပိုင်းသည် ကမ္မဖလ (၀ါ) ကမ္မ၀ိပါကဖြစ်လေ၏။ လောကဝေါဟာရအားဖြင့် ဆိုရလျှင် ကံသည် အကြောင်းဖြစ်၍ ကမ္မဖလ (၀ါ) ကမ္မ၀ိပါကသည် အကျိုးဖြစ်၏။
သတ္တိပိုင်းနှင့်ဗျတ္တိပိုင်းတို့၏အကြား၌ အ၀ိဇ္ဇာက ကန့်လန့်ကာအဖြစ်ဆောင်ရွက်လေ၏။ အ၀ိဇ္ဇာသည် ဖုံးသော သတ္တိနှင့်ဖော်သောသတ္တိ နှစ်မျိုးလုံးကို ပိုင်ဆိုင်၏။ ဖုံးသောသတ္တိကို ပါဠိဝေါဟာရအားဖြင့် အာဝရဏဟူ၍ ဆိုရ၏။ ဖော်သော သတ္တိကို ၀ိက္ခေပဟူ၍ ဆိုရ၏။ သတ္တိနှစ်မျိုးလုံးကပင် တစ်နည်းနည်းဖြင့် အမှားကို သိအောင်ဆောင်ရွက်၏။ အမှားကို သိအောင်ဆောင်ရွက်ခြင်းဟူသည်မှာ အမှန်ကို အမှန်အတိုင်းမသိအောင် ဖုံးပြီး အမှားကို အမှန်ထင်ရလေအောင် ဖော်ခြင်းဖြစ်ပါ၏။ ။
မှတ်ချက်။
ဦးရွှေအောင်၏ ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့ စာမျက်နှာ ၁၀၄-၁၀၅ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။
...
Friday, 23 October 2009
ဒိဋ္ဌိသုံးမျိုး
နတ္ထိက၀ါဒဟူသည်
အကျိုးကို ပယ်သော ၀ါဒဖြစ်၏။ ဤလောက၌  အကြောင်းနှင့်အကျိုးဟူ၍ နှစ်မျိုးရှိသော်လည်း နတ္ထိက၀ါဒီက အကြောင်းကိုသာ လက်ခံ၏။ အကျိုးကို လက်မခံ။ အကြောင်းနှင့်အကျိုး နှစ်မျိုးတို့တွင် အကြောင်းသည်သာ ပဓာနဖြစ်၏။ အကျိုးသည် ပဓာနမဟုတ်။ ထို့ကြောင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင် မိမိလုပ်နေသော လုပ်ငန်းကို ပြီးဆုံးအောင်သာ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ လုပ်ရန် လိုအပ်၏။ တရားသည် မတရားသည် ဟူ၍မရှိ။ ငါက နောက်ကျသည်၊ သူက အလျင်ဦးသည်၊ ထို့ကြောင့် သူ့ကို ကျော်ပြီး ငါကအခွင့်အရေးယူရန်မသင့်ဟူ၍ စဉ်းစားရန်မလို။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား၊ နက်ဖန်ခါဟူ၍မရှိဟု နတ္ထိက၀ါဒက သွန်သင်၏။ ထို့ကြောင့် ထိုအလုပ်မှ ထွက်ပေါ်လာသော အကျိုးတရားအပေါ် တစ်စုံတစ်ရာ တွေးတော စဉ်းစားရန်မလိုဟူ၍ အကျိုးတရားကို နတ္ထိက၀ါဒက ပယ်၏။ လမ်းစဉ်နှင့် ပန်းတိုင်တွင် လမ်းစဉ်သာ ပဓာနဖြစ်၏။ ဤ၀ါဒကို ရှေးခေတ်တွင် အဇိတကေသကမ္ဗလဆရာကြီးက ယူ၏။
အကြိယ၀ါဒဟူသည်
အကြောင်းကိုပယ်သော ၀ါဒဖြစ်၏။ ဤလောက၌ အကျိုးသာ ပဓာနဖြစ်၏။ မိမိလိုသော အကျိုးကို ရမည်ဆိုလျှင် လိမ်၍ပဲရရ၊ လုပ်၍ပဲရရ၊ နောက်ဆုံးအဖကို သတ်မှပဲရရ အားလုံးမှန်သည်ချည်းဖြစ်သည်။ အကျိုးကို ရမှတော့ အကြောင်းမှန်၍ရခြင်းသာဖြစ်၏။ လမ်းစဉ်နှင့်ပန်းတိုင်တွင် ပန်းတိုင်သာ ပဓာနဖြစ်၏။ ဤ၀ါဒကို ရှေးခေတ်တွင် ပုရာဏကဿပဆရာကြီးက ယူ၏။
အဟေတုက၀ါဒဟူသည်
အကြောင်းနှင့်အကျိုး နှစ်မျိုးလုံးကို ပယ်သော ၀ါဒဖြစ်၏။ ဤလောက၌ အကြောင်းလည်းပဓာနမဟုတ်၊ အကျိုးလည်းပဓာနမဟုတ်။ အားလုံးသူဖြစ်ချင်နေသလို ဖြစ်နေကြ၏။ အကြောင်းကောင်းသော်လည်း အကျိုးကောင်းချင်မှကောင်း၏။ အကြောင်းမကောင်းသော်လည်း အကျိုးကောင်ချင်ရင် ကောင်း၏။ ထို့ကြောင့် အကြောင်းအကျိုးနိယာမတွင် ဘာမျှပုံသေသတ်မှတ်၍မရ။ လမ်းစဉ်နှင့်ပန်းတိုင်တွင် လမ်းစဉ်လည်း ပဓာနမကျ။ ပန်းတိုင်လည်းပဓာနမကျ။ ကောင်းသည်ထင်လျှင် လုပ်သင့်သည်ချည်းဖြစ်၏။ နောက်ဆံတင်းမနေသင့်။ လုပ်သာလုပ်။ ဤသို့ အဟေတုက၀ါဒက ဆိုသည်။ ဤ၀ါဒကို ရှေးခေတ်တွင် မက္ခလိဂေါသာလဆရာကြီးက ယူ၏။
မှတ်ချက်။
ဦးရွေအောင်၏ ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့ စာအုပ်၊ စာမျက်နှာ ၁၅ မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။
...
Wednesday, 21 October 2009
မှတ်စု ၎
ဒီနေ့ ည ၁၁ နာရီခန့်၌ သုတ္တန်ဒေသနာတော်တွေကို ရွတ်ဖတ်ရင်း စဉ်းစားမိသည်မှာ...
မနေ့က အမေဆုံးတာ ကိုးနှစ်တိတိပြည့်တဲ့နေ့မှာ ညီတော်မောင်က ရွာပြန်သွားပြီး အမေ အဖေအတွက် ကုသိုလ်ကောင်းမှုလုပ်တယ်။
အင်္ဂါမောင် အင်္ဂလန်က ပြန်ပြီးနောက်ပိုင်းမှာ အမေအဖေကိုသာ မရွယ်ရွယ်ဘဲ ကွယ်လွန်ပြီးတဲ့ နှစ်ဖက် အဘိုးအဘွားတွေကိုပါ ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ရင် ကောင်းမယ်။ ဒါကြောင့် နှစ်ဖက်ဆွေမျိုးတွေကို စည်းလုံးရမယ်။ ဒါမှ စုစုစည်းစည်းဖြစ်ကြမှာ။
အဲဒီလိုလေး စဉ်းစားမိတာပါ။ အကောင်အထည် ဖော်ဖြစ်မလားတော့ မသိပါဘူး။
...
Tuesday, 20 October 2009
မှတ်စု ၃
ဒီနေ့
အမေဆုံးတာ ကိုးနှစ်တိတိပြည့်တဲ့နေ့။
အမေက ၁၃၆၂ ခု၊ တန်ဆောင်မုန်းလဆန်း ၃ ရက်နေ့မှာ ဆုံးပါးသွားတယ်။
ကိုးနှစ်ဆိုပေမဲ့ စိတ်ထဲမှာ မနေ့ကလိုဘဲ မြင်ယောင်နေမိသေးတယ်။
ပညာရေးအတွက် သားသုံးယောက် သာသနာ့ဘောင်မှာ နေထိုင်ပြီး အဝေးတစ်နေရာမှာ ရောက်နေခဲ့တယ်။
အိမ်မှာ သူ့သားနှစ်ယောက်နဲ့ဘဲ အမေ့ဘ၀ ရုန်းကန်လှုပ်ရှားခဲ့ရတယ်။
ဒုတိယသား သာသနာ့ဘောင်က ထွက်ခွါသွားပြီး ထိုင်းနိုင်ငံထဲရောက်သွားတာ နှစ်ပေါင်း မနည်းတော့ဘူး။
လူဝတ်ကြောင်ဖြစ်သွားပေမဲ့ အမေတစ်ခါမှ သူ့ကို လူဝတ်နဲ့ မြင်ဖူးမသွားရှာဘူး။
ယနေ့ထက်ထိ ဒုတိယသားပေါ်မလာခဲ့ဘူး။ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိ။
အမေသေခါနီးမှာ ဒုတိယသားက လွဲရင် ကျန်တဲ့သားလေးယောက်လုံး အမေ့အနားမှာ ရှိနေခဲ့တယ်။
ဒုတိယသားကို မျှော်နေရင်း အမေအသက်ရှည်ခဲ့ပုံရတယ်။ အမှန်ဆို ရောဂါကျွမ်းနေတာကြာပြီ။
အမေ့ဖြစ်အင်ကို ကြည့်ပြီး ဒုတိယသားကို အင်္ဂါမောင် ဒေါသဖြစ်မိတယ်။
ဒါပေမဲ့ သူကိုယ်တိုင်လဲ လူ့လောကထဲ ရှိလားမရှိလားတော့ မပြောတတ်တော့ပါ။
ဒီနေ့
အမေ့ကို အရမ်းသတိရတယ်။
အကို (ဒုတိယသား)ကိုလဲ သတိရတယ်။
အဖေကိုလဲ သတိရတယ်။
အားလုံးကို သတိရနေပြီး စိတ်အစဉ်က အိမ်ခြေသုံးဆယ်သာသာလေးရှိတဲ့ အင်္ဂါမောင်တို့ ရွာလေးကို သတိရနေမိပါတော့တယ်။
ဒီနေ့ ညီအငယ်ဆုံး(ဦးဇင်း)က ဦးဆောင်ပြီး ကိုးနှစ်မြောက် အမေ့နှစ်ပတ်လည်ကို ရွာမှာလုပ်တယ်။
အင်္ဂါမောင်လဲ နိုင်သလောက် ထည့်ဝင်လိုက်တယ်။
ကထိန်ပွဲပါ တွဲပြီး ကျင်းပမယ်တဲ့။ အခုအချိန်ဆို နှစ်ပတ်လည်ကော ကထိန်ပွဲကော ရေစက်ချပြီးရောပေါ့။
အမေ
သားတို့ပေးဝေတဲ့အမျှကို ရယူပြီး နတ်ချမ်းသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ပါစေသတည်း။
...
Thursday, 8 October 2009
မှတ်စု ၂
စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျောင်းအပ်ခဲ့တယ်။
အောက်တိုဘာ ၁ ရက်၊ ၂ ရက်တွေမှာလဲ အော်ရီယင်တေးရှင်း လုပ်တုန်းပါဘဲ။ ဒါကြောင့် တက္ကသိုလ်ထဲ မသွားဖြစ်လိုက်ဘူး။ ညနေပိုင်းတွေမှာ တွေ့ဆုံပွဲတွေရှိတယ်တဲ့။ အသောက်အစားတွေပါတယ်ဆိုလို့ မသွားလိုက်တော့ပါဘူး။
အောက်တိုဘာ ၃ ရက်မှာ ပ၀ါရဏာပြုပွဲရှိတယ်။ လန်ဒန်မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ တစ်နှစ်စီ အလှည့်ကျ ပ၀ါရဏာပြုလုပ်ကြတယ်တဲ့။ ဒီနှစ်ကတော့ အင်္ဂါမောင်တို့ သန္တိသုခကျောင်းမှာ ပ၀ါရဏာကျင်းပပါတယ်။
ပ၀ါရဏာပြုပြီး ဘာမင်ဂမ်ကထိန်ကို ညအိပ်သွားတယ်။ အောက်တိုဘာ ၄ ရက်နေ့ ညနေ ပြန်လာခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ တက္ကသိုလ်ထဲသွားပြီး courses တွေရွေးထားခဲ့ form သွားတင်တယ်။ မနက်ပိုင်းကထဲက ထွက်သွားတာပါ။ ညနေ ငါးနာရီမှာ အတန်းရှိတယ်ဆိုလို့ တစ်နေ့လုံးစာကြည့်တိုက်ထဲ ထိုင်စောင့်နေခဲ့ပါတယ်။ ငါးနာရီအချိန်ရောက်တော့ ဆရာမ မလာလို့ အတန်းမရှိပါဘူး။ စိတ်ညစ်ခဲ့ရပါတယ်။
အောက်တိုဘာ ၆ ရက်မှာ အတန်းမရှိဘူး။ ကျောင်းမှာဘဲ စာတွေဖတ်နေလိုက်တယ်။
ဒီနေ့ ၇ ရက်နေ့မှာ အတန်းရှိပါတယ်။ မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီထိပါ။
အတန်းပြီးတော့ ပြန်လာခဲ့ပါတယ်။ မိုးအရမ်းရွာလို့ ထီးဆောင်းခဲ့ရကြောင်းပါ။