ငယ်စဉ်တုန်းကတော့ ကစားခုန်စားမှုတွေက အဆုံးအမတွေထက် ပို အားသာခဲ့တယ်။ တစ်ခါ တစ်ခါ အဆုံးအမ စကားတွေက ရယ်စရာ ဟာသတစ်ခုအသွင် ဖြစ်ခဲ့တယ်။ တစ်ခါတစ်ခါမှာတော့ အဆုံးအမ စကားတစ်ခွန်း မှတ်မိရင် ဆယ်မှတ်ရတဲ့ ကျောက်သင်ပုန်းပေါ်က အပျော်တရားကို အဆုံးအမတွေက အန်မတုနိုင်ခဲ့ဘူး။ ကောက်စိုက်ပျိုးနှုတ် တောင်ယာခုတ်တွေနဲ့ ၀လုံးထဲ ၀င်ပတ်နေရသလို တောင်သူယဉ်ကျေးမှုဘ၀တွေထဲ အဆုံးအမစကားက တိုးမပေါက်ခဲ့ဘူး။ မောင်ပေါက်ကျိုင်းရဲ့ မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေ အသက်ရှည်ဆိုတဲ့ ထုံးဟောင်းလေးကို အိပ်ရာဝင်ပုံပြင်ထက် ပို မကျော်ခဲ့ဘူး။ အဆုံးအမစကားတွေက ဘ၀ခရီးအတွက် ဘယ်လို အသုံးဝင်မယ်ဆိုတာ ကလေးပီပီ ပုံဖော်ဖို့ အမှတ်မရခဲ့ဘူး။
ကိုယ်နှင့် ကိုယ့်ဝန်းကျင်၊ ကိုယ်နှင့်ခရီးသွားဖော်များ၊ အနီးအဝေးမှ ကိုယ်နှင့်ကိုယ်မဟုတ်တဲ့ အခြားသူများ။ မြင်စိတ် ကြားစိတ် နံစိတ် လျက်စိတ် ထိစိတ် စဉ်းစားစိတ်။ ၀ီထိတွေ အလီလီကျပြီးမှ ဆုံးမစကားတစ်ချို့ကို အမှတ်ရမိလိုက်တယ်။ မတိုက်ဆိုင်ခင်ထိတော့ ခါးတောင်းကျိုက်တစ်ခြား ဟိုဒင်းတစ်ခြား။ တိုက်ဆိုင်လာပြီဆိုရင်တော့ ဒီအဆုံးအမလေး ပရင့်ထုတ်ပြီး ခေါင်းရင်း ကပ်ထားဦးမှ။ ငါ့အတွက်များ သက်သက် ဆုံးမထားခဲ့လေသလား။ ဆရာသမားများရဲ့ စကားအချို့။ နှစ်ချို့ဝိုင်တွေလောက် အရသာရှိမရှိ။ မြည်းစမ်းကြည့်လိုက်ကြဦးစို့။
ငါ့ရှင်
ပုရွက်ဆိတ်ကိုက်တာကို
ဒဏ်ရာကြီး လုပ်မနေမိစေနဲ့။
ငါ့ရှင်
ကိုယ့်ကိုကိုယ် မိုက်လှပြီမထင်နဲ့
အားလုံးက ငါ့ရှင်ထက် ပိုမိုက်နေတာကို တွေ့ရလိမ့်မယ်။
ငါ့ရှင်
လမ်းမှန်ပေါ်ရောက်မှ
လမ်းမပျောက်စေနဲ့။
ငါ့ရှင်
ဘာဖြစ်ဖြစ်နေနေ
ဆရာဟာ ဆရာပါဘဲ။
ငါ့ရှင်
ဘယ်အခြေအနေရောက်ရောက်
ဘ၀ မမေ့နဲ့။
.