Wednesday 19 September 2012

တစ်ကျော့ပြန် ၀ိမုတ္တိယုဂခေတ်

ဗုဒ္ဓသာသနာနှစ်ကို ယုဂခေတ် ငါးမျိုးစီနဲ့ ခွဲခြားထားပါတယ်။ ယုဂခေတ် တစ်ခုကို အနှစ် ငါးရာတိတိ ရှိပါတယ်။ အဲဒီ ယုဂခေတ်ကာလတွေကတော့...

၁။ ၀ိမုတ္တိယုဂခေတ်
ပရမတ်ကို ဦးထိပ်ထားပြီး ၀ိပဿနာတရားအားထုတ်ကြလို့ မဂ်ပေါက်ဖိုလ်ဝင် အရိယာတွေ များပြားတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီခေတ်ကာလကတော့ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ပြီး သာသနာ ၅၀၀ အထိ အကျုံးဝင်ပါတယ်။

၂။ သမာဓိယုဂခေတ်
ပညတ်နှင့်ပရမတ်နှစ်ခုလုံးကို ဦးတည်နေကြတဲ့အတွက် ဈာန်တန်ခိုးအဘိညာဉ်တွေ ထွန်းကားနေတဲ့ ခေတ်ဖြစ်ပါတယ်တယ်။ သာသနာအနှစ် ၅၀၀ ကနေ အနှစ် ၁၀၀၀ အထိ အကျုံးဝင်ပါတယ်။

၃။ သီလယုဂခေတ်
ပညတ်ကိုသာ အားထုတ်သူများတဲ့အတွက် ၀ါရိတ္တသီလ၊ စာရိတ္တသီလတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ခေတ်ဖြစ်ပါတယ်။ သာသနာအနှစ် ၁၀၀၀ ကနေ အနှစ် ၁၅၀၀ အထိ အကျုံးဝင်ပါတယ်။

၎။ သုတယုဂခေတ်
ပညတ်ကိုသာ အလေးပေးပြီး စာပေကျမ်းဂန်တို့ လေ့ကျက်ဖန်များတဲ့အတွက် စာတတ်ပေတတ် ပိဋကတ် အကျော်အမော်တွေ ထွန်းကားတဲ့ ခေတ်ဖြစ်ပါတယ်။ သာသနာ အနှစ် ၁၅၀၀ ကနေ အနှစ်၂၀၀၀ အထိ အကျုံးဝင်ပါတယ်။

၅။ ဒါနယုဂခေတ်
ပညတ်ကိုသာ အလေးပေးပြီး အလှူအတန်းတို့ကိုသာ ပြုလုပ်နေကြတဲ့ ဒါနရှင်များ ပေါ်ထွန်းပြီး အလှူမစဲ တသဲသဲ ဖြစ်နေတဲ့ ခေတ်ဖြစ်ပါတယ်။ သာသနာအနှစ် ၂၀၀၀ ကနေ အနှစ်၂၅၀၀ ထိ အကျုံးဝင်ပါတယ်။

အခုရောက်နေဆဲ သာသနာနှစ်ကတော့ ၂၅၅၆ ခုနှစ်ဖြစ်ပါတယ်။ ၀ိမုတ္တိခေတ်ကို တစ်ကျော့ပြန် ရောက်လာခြင်းပါဘဲ။ ဒီဝိမုတ္တိခေတ်က သာသနာနှစ် ၂၅၅၀ ကနေ အနှစ် ၃၀၀၀ ထိ အကျုံးဝင်ပါတယ်။ ဒါကြောင့် အခုလို တစ်ကျော့ပြန် ၀ိမုတ္တိခေတ် ဦးလှည့်လာတဲ့အချိန်မှာ အခွင့်အရေးကို လက်လွတ်မခံဘဲ ပရမတ်တရားတို့ကိုသာ အလေးပေးတဲ့ ၀ိပဿနာတရားများကို ကျင့်ကြံအားထုတ်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်ရရှိအောင် ကြိုးစားအားထုတ်ကြရင်ဖြင့် ရည်ရွယ်ချက် ပြည့်မြောက်နိုင်ပါတယ်။ အခုဆိုရင် မြန်မာပြည်တင်မကဘဲ ကမ္ဘာအရပ်ရပ်မှာပါ ၀ိပဿနာတရားစခန်းတွေ ပျံ့နှံ့တည်ရှိနေပါပြီ။ ပြည်တွင်းပြည်ပက ဗုဒ္ဓဘာသာဝင်များအတွက် ၀ိမုတ္တိခေတ်ဆိုတဲ့ တကယ့်အခွင့်အရေးထူးကြီးဟာ သာသနာနှစ် ၃၀၀၀ အထိ တည်ရှိနေပါမယ်။ အခွင့်အရေး ပေးခိုက် ယူထားလိုက်ကြရင် အကောင်းဆုံးပါဘဲ။ သာသနာနှစ် ၃၀၀၀ ပြည့်ပြီးနောက် တစ်ကျော့ ပြန်လာဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒါကြောင့် ဒီအခွင့်ထူးကြီးကို လက်ဝယ်ပိုင်ပိုင် ဆွဲကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

လင်္ကာ။
ဝိမုတ် သမာ၊ သီလာ သုတ၊ 
ဒါန မည်တွင်၊ ဤငါးအင်ကား
ခေါ်တွင်ယုဂ၊ ခေတ်ကာလတည်း။
(အင်္ဂါမောင်)


.
ကိုးကား။
အရှင်ကေလာသ
ကန္နီနည်း သမထ-၀ိပဿနာကျင့်စဉ်ကျမ်း
စာ၊ ၁၇၉-၁၈၀

အရှင်ဃောသိတ
တစ်ဘ၀သာသနာ
စာ၊ ၂၄၁


.

1 comment:

မေဓာဝီ said...

ဝိမုတ္တိယုဂပြီးရင် သမာဓိ၊ သီလ ... စသဖြင့် တကျော့ပြန်လည်ဦးမှာလား ဦးဇင်း။
ဗုဒ္ဓသာသနာနှစ် ငါးထောင်ကို ယုဂ ၅ မျိုးနဲ့ ခွဲရင် ယုဂ တခုကို တထောင်ဘာလို့ မခွဲတာလဲ သိချင်ပါတယ်။

ပြီးတော့ တပည့်တော် ကြားဖူး (ဖတ်ဖူး) ထားတဲ့ ယုဂတွေက
ကတယုဂ်၊ တြေတာယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ် တဲ့။
ကလိယုဂ်က သတ္တ၀ါအများစု တရားပျက်နေတဲ့ ဆုတ်ကပ် ခေတ် (ခုခေတ်) လို့ ဆိုထားတာမို့ ဦးဇင်းပြောတဲ့ ၀ိမုတ္တိယုဂ် (အရိယာတွေများပြားတဲ့ခေတ်) ဆိုတာနဲ့ ကလိယုဂ်ဆိုတာက relevant မဖြစ်သလိုမို့ ရှင်းပြပေးစေလိုပါတယ် ဦးဇင်းဘုရား။

ဦးတင်လျက် ...
မေဓာဝီ