Monday 25 June 2012

သမိုင်းဝင်

 ဒီနေ့ မနက် ၇ နာရီလောက် မိုဘိုင်းဖုန်းအသံ မြည်လာသည်။ စောစောစီးစီး ဆက်တာ ဘယ်သူများပါလိမ့်ဆိုပြီး ကောက်ကိုင်ကြည့်လိုက်တော့ သာသနရံသီဝိဟာရမှ ဦးသီလိဋ္ဌ။ နံနက်၁၀ နာရီလောက် အရောက် သူ့ကျောင်းကို ဆွမ်းစား ကြွပေးပါတဲ့။ ခါတိုင်းဆို တစ်လတန်သည် နှစ်လတန်သည် ကြိုတင်ပင့်နေကျ။ ခုမှ ဘာဖြစ်လို့ အခုဖုန်းဆက် အခုလာခဲ့ရမယ် ပြောနေပါလိမ့်။ အကြောင်းထူးတစ်ခုခုတော့ ရှိရမည်။ ဘာအတွက်လဲ မေးကြည့်လိုက်တော့ အထူးဆွမ်းကပ်ရှိလို့တဲ့။ လန်ဒန်မြို့တွင်းက သံဃာတွေလဲ အကုန် ကြွမယ်တဲ့။ သံဃာ့အရေးဘဲ ဖြစ်ရမယ်။ ဒီတော့ ကြွမယ်ပေါ့။

တနင်္လာနေ့တိုင်း ဆွမ်းလာကပ်နေကျ ဒကာလေးတစ်ယောက်ကို ဖုန်းဆက်ပြီး ဒီနေ့ ဆွမ်းလာမကပ်ဖို့ မေတ္တာရပ်ခံရသည်။ သူလဲ စီမံထားပြီးကောင်း ဖြစ်နေပေလိမ့်မည်။ အားတော့ ခပ်နာနာ။ သူ့ခမျာ စာရေးသူတို့ကျောင်းကို တနင်္လာနေ့တိုင်း ဆွမ်းလာကပ်သည်မှာ သုံးလေးနှစ်ပင် ရှိနေလေပြီ။ မတတ်နိုင်တော့။  ယခုကိစ္စသည် သံဃာများ အားလုံးစုဝေးရန်အတွက်ဆိုတော့ သံဃာကိုဘဲ ဦးစားပေးလိုက်သည်။ သမဂ္ဂါနံ တပေါ သုခေါ မဟုတ်ပါလား။

သာသနရံသီကျောင်းနှင့် စာရေးသူတို့ ကျောင်းသည် အလှမ်းအတော် ကွာဝေးသည်။ သာသနရံသီကျောင်းသည် ကောလင်းဒေးလ် ဘူတာရုံနားတွင် တည်ရှိသည်။ စာရေးသူတို့ကျောင်းသည် ဟောင်းစလိုးဝက်စ်တေရှင်နားတွင် တည်ရှိသည်။ ကုန်းကြောင်းလျှောက်ရတာ အပါအ၀င် ရထားနှစ်တန် စီးရသည်။ ပစ်ကာ့ဒလီလိုင်းရထားနှင့် နော့ဿန်လိုင်းတို့ ဖြစ်ကြသည်။ အသွားသက်သက် နှစ်နာရီခန့် ကြာသည်။ 

လုပ်စရာရှိတာလေးတွေ လုပ်ပြီး နာရီကို ကြည့်လိုက်တော့ မနက် ကိုးနာရီ ထိုးကာနီးနေပြီ။ ဘယ်လို နည်းနဲ့မှ သာသနရံသီကျောင်းကို ၁၀ နာရီ မရောက်နိုင်တော့။ ကမန်းကတမ်း ကျောင်းကနေ ထွက်ခဲ့သည်။ အတိုချုံးဆိုရသော် သာသနရံသီကျောင်းသို့ မနက် ၁၀နာရီ မိနစ် ၄၀ ခန့် ရောက်ရှိသွားသည်။ သံဃာများ အားလုံး စုံနေလေပြီ။ စာရေးသူက နောက်အကျဆုံး။ 

ကျောင်းအောက်ထပ် ဘုရားခန်းအတွင်း သံဃာများစုရုံးပြီး ဒကာမတစ်ယောက်အား သြ၀ါဒစကား ဆိုနေသည်ကို တွေ့ရလေသည်။ ထိုဒကာမကို နောက်ကျောမှ ကြည့်ပြီး မြင်ဖူးသလိုလို ခံစားမိသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် အဖြေသိသွားသည်။ ထိုဒကာမသည် အခြားသူ မဟုတ်။ နိုင်ငံခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်လေသည်။ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ 

စာရေးသူလည်း သံဃာတော်များကြားထဲ ၀င်ပြီး အရင်ရောက်နေကြသည့် ဆရာတော်များ ညွန်ပြသည့် နေရာ၌ ၀င်ထိုင်လိုက်သည်။  နောက်မှ သဘောပေါက်လိုက်သည်မှာ  ကြွရောက်လာကြသည့် သံဃာတော်များ အားလုံး တစ်ပါးစီ နိုဘယ်လ်ဆုရှင်အား  သြ၀ါဒစကား အနည်းငယ်စီ ပြောပေးနေကြခြင်းပင် ဖြစ်သည်။ စာရေးသူ ရောက်သည့်အချိန်တွင် ငါးပါးလောက် သြ၀ါဒမိန့်ပြီးနေလေပြီ။

 ကြွရောက်လာကြသည့် သံဃာ အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ဦးပဏ္ဍိတာဘိဝံသ (တိသရဏ၀ိဟာရ)
၂။ဦးဇနက (တိသရဏ၀ိဟာရ)
၃။ဦးလောကနာထ (တိသရဏ၀ိဟာရ)
၎။ဦးဥာဏ၀ံသ (တိသရဏ၀ိဟာရ)
၎။ဦးဝိသုတ (လန်ဒန်ဝိဟာရ)
၆။ဦးဥတ္တရ (သာသနရံသီဝိဟာရ)
၇။ဦးသီလိဋ္ဌ(သာသနရံသီဝိဟာရ)
၈။ဦးပညာစာရ(သာသနရံသီဝိဟာရ)
၉။ဦးအာဒိစ္စ (ရွှေကျင်ကျောင်း)
၁၀။ဦးနာဂသေန (ဘာမင်ဂမ်ဝိဟာရ)
၁၁။ဦးဇနက (စာရေးသူ) (သန္တိသုခဗုဒ္ဓဘာသာစင်တာ)
၁၂။ဦးက၀ိသာရ (မိုးကုတ်ဝိဟာရ)

ခဏအကြာတွင် သာသနရံသီဆရာတော်မှ စာရေးသူကို ညွန်ပြပြီး နိုဘယ်လ်ဆုရှင်အား မိတ်ဆက် စကားဆိုပေးသည်။ ထို့နောက် စာရေးသူကို သြ၀ါဒစကား အနည်းငယ် ပြောကြားပေးဖို့ တိုက်တွန်းသည်။ အလှည့်ကျ သြ၀ါဒပေးရမည် ဆိုတော့လဲ ပေးရုံဘဲပေါ့။ သို့သော် ရောက်မဆိုက် ဘယ်လို စကားပြောကြားရမည်မှန်း ခေါင်းထဲ ပေါ်မလာ ဖြစ်နေသည်။ နိုင်ငံ့ခေါင်းဆောင်ကို လူပုံအလယ်၌ သြ၀ါဒ စကား တဲ့။ နောက်ဆုံးတော့ လိုရင်းတိုရှင်းဘဲ ပေးဖြစ်လိုက်သည်။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် တိုင်းပြည်အကျိုး သာသနာ့အကျိုးကို ဒီထက်မက် ဆထက် ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ ဟု။ ဒကာမကြီးထံမှလဲ အသံကြားလိုက်ရသည်။ ပေးတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏ တဲ့။

ဆရာတော် သံဃာတော်များမှ သြ၀ါဒအသီးသီးပေးပြီးနောက် ဒကာမကြီးလည်း ဆရာတော်များ၏ သြ၀ါဒအတွက် ကျေးဇူးတင်ရှိပါကြောင်း သံဃာတော်များသည်လည်း နိုင်ငံအတွက် တစ်ဘက်တစ်လမ်းမှ အရေးပါကြောင်း တိုင်းပြည်တိုးတက်ရေးအတွက်လည်း သတိပညာကပ်ပြီး ကြိုးစားဆောင်ရွက်နေပါကြောင်း စသဖြင့် လျှောက်ထားပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ  ကြွရောက်လာကြသည့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပါသည်။ ဦးသီလိဋ္ဌဖုန်းဆက်ပြီး ပြောခဲ့သည့် အထူးဆွမ်းကပ်ရှိသည် ဆိုသည်ကို ယခုမှ သဘောပေါက်တော့သည်။ သည်ထက် ထူးသည့် အထူးဆွမ်းကား ရှိတော့အံ့မထင်။ နေ့ဆွမ်းကပ်အပြီး ခဏအကြာတွင် နိုဘယ်လ်ဆုရှင်သည် သာသနရံသီကျောင်းမှ အဖွဲ့လိုက် ထွက်ခွါသွားလေတော့သည်။ ဒကာမကြီး ကျန်းမာ ချမ်းသာ အသက်ရှည်ပါစေ။

လုံခြုံရေးအရ ဆရာတော်များအပါအ၀င် မည်သူ့ကိုမှ ကြိုတင် မသိရှိစေဘဲ ရှောင်တခင် စီစဉ်လိုက်ကြသည့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်၏ နေ့ဆွမ်းဆက်ကပ်ပွဲနှင့် ဆရာတော်များအား ကိုယ်တိုင်လာရောက် ဖူးမြှော်သည့် အခမ်းအနားကို တက်ရောက်လိုက်ရသည့်အတွက် စာရေးသူတစ်ယောက် ၀မ်းမြောက် ဂုဏ်ယူမဆုံး ဖြစ်နေမိပါတော့သည်။ ။
(စာရေးသူလဲ အသင့်ပါလာသည့် အိပ်ခ်ျတီစီ မိုဘိုင်းဖုန်းလေးဖြင့် ၀ါသနာအရ ဓါတ်ပုံအချို့ မှတ်တမ်း တင်နိုင်ခဲ့လေသည်။)


ဂုဏ်ပြုကဗျာ ပေးအပ်လွှာ

လက်အုပ်ချီကာ လျှောက်ကြားရာ



တရားဓမ္မ မိန့်မြွက်ဟ

ဆက်ကပ်လှူဖွယ် စာရေးခြယ်

ရွှင်ကြည်အပြုံး သူ့နှလုံး (ချစ်ခင်ဖွယ်ရာ သူ့မူယာ)


မင်္ဂလာပွါးတိုး ပရိတ်ကြိုး



ဝင်းဝင်းကြည်ဖြူ ဆီမီးလှူ


လှူဒါန်းပါရ ဆွမ်းဒါန



.


1 comment:

မေဓာဝီ said...

သတင်းထဲမှာ ကြည့်လိုက်ရတယ် ဘုရား။ ဦးနာဂနဲ့ ဦးဇင်းပုံလဲ သတင်းထဲမှာ မြင်လိုက်တာနဲ့ ဘလော့မှာ တင်မှာပဲထင်လို့ လာဖတ်ကြည့်တာ။
သမိုင်းဝင် ဆွမ်းစားပွဲအတွက် ၀မ်းသာ ဂုဏ်ယူမိပါတယ် ဦးဇင်း။ မှတ်တမ်းတင်ဓာတ်ပုံများလဲ ကောင်းပါ၏။