စီစဉ်ထားတဲ့အတိုင်း ဒီနေ့ အေပရယ်လ ၆ ရက်နေ့ သောကြာနေ့မှာ မြန်မာမုဒိတာလူငယ်များအဖွဲ့ဟာ မရမ်းချောင်း အနာကြီးရောဂါဂေဟာသို့ သွားရောက်ပြီး လိုအပ်ရာများကို သွားရောက်လှူဒါန်းကြပါတယ်။ ဓါတ်ပုံတွေ ကြည့်ရတာနဲ့တင် ၀မ်းသာကြည်နူးစရာ ကောင်းလှပါတယ်။ တကယ့်ကို မုဒိတာဖြစ်စရာ မြင်ကွင်းလေးပါဘဲ။ တစ်စိမ့်စိမ့်တစ်လိပ်လိပ် တက်လာတဲ့ ကြည်နူးမှုလှိုင်းတွေကို ခံစားမိပါတယ်။
အားလုံး မုဒိတာပွါးနိုင်ရန်အတွက် အလှူမှတ်တမ်းများကို မုဒိတာလူငယ်များအဖွဲ့ဘလော့ဂ်မှ ကူးယူမျှဝေ ပေးလိုက်ပါတယ်။ အားလုံးမုဒိတာတရား လက်ကိုင်ထားနိုင်ကြပါစေ။ ။
မရမ်းချောင်းဂေဟာအတွက်အလှုလေး လုပ်ကြမယ်လို့ စပြီးတိုင်ပင်တဲ့အချိန်က ကျွန်တော်တို့ရဲ့ ရရှိလာနိုင်တဲ့ အလှုငွေကို ခန့်မှန်းခဲ့ကြရာမှာ ၇သိန်းဝန်းကျင်လောက်ပဲ ဖြစ်ဖို့များတယ်ဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချခဲ့ ကြတယ်။အဲ့တာလေးနဲ့ ဆန်အိတ် လေး ငါးအိတ်လောက်ရယ်၊ ၀ှီးချဲလ်လေး နှစ်စီးလောက်ရယ်နဲ့ ပိုတာလေးကို ပဒေသာပင်ထဲထည့်မယ်ဆိုပြီး ဒီအလှုလေးကို အုတ်မြစ်စချတယ်။တကယ်လည်း အလှုခံလို့ပြီးရော ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ပမာဏက ကနဦး ကျွန်တော်တို့ခန့်မှန်းထားခဲ့တာထက် ခြောက်ဆကျော်လောက် ရရှိခဲ့တယ်။ မရမ်းချောင်းက ဝေဒနာ-ရှင်တွေရဲ့ ကံတရားကောင်းမှုကြောင့်ရယ် နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့ တိုင်းတာမရနိုင်တဲ့ သဒ္ဓါတရားတွေကြောင့် ကျွန်တော်တို့ဟာ ဒီအလှုငွေတွေနဲ့ မရမ်းချောင်းဂေဟာရဲ့ လက်ရှိလိုအပ်နေတဲ့ အရာလေးတွေ (ဂေဟာက တောင်းဆိုလာသလောက်အကုန်)ကို ဖြည့်ဆည်းနိုင်ခဲ့ တဲ့အပြင် ပိုလျှံနေတဲ့ အလှုငွေတွေကိုပါ ရာသက်ပန် ပဒေသာပင်ထဲ ထည့်ပေးနိုင်ခဲ့ပါပြီ။စိတ်ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်ဆိုတာထက် အဆပေါင်းများစွာ ရင်ထဲမှာဖြစ်နေတာကို စာစီပြလို့ မရနိုင်ပါဘူး။မနက်ကလည်း အစောကြီး အလုပ်ထဲကထွက်ပြီး ဒီနေ့မှာ သွားပြီးလှုပေးမဲ့ အဖွဲ့တွေကို မေတ္တာပို့ပြီး ဖုံးဆက်တယ်။သူတို့ တက်ကြွနေတဲ့ အသံတွေကို ကြားမိတော့ ကြက်သီးတွေတောင် ထမိတယ်။
ဒီနေ့မှာ ကိုကျော်စွာစိုးမြတ်နဲ့သမီးစံတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဆေးဝါးများ၊ ခေါင်းအုံးအလုံး(၈၀)၊ ၀ှီးချဲလ် (၁၀)စီး၊ ဆန်(၂၀)အိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ၂၅သိန်းကျော်ဖိုး အလှုပစ္စည်းများအား တင်ဆောင်ကာ ရန်ကုန်မှ နံနက် ခုနစ်နာရီခွဲအချိန်မှာ MMYG လူငယ်အင်အားစု (၃၀) ၀န်းကျင်နဲ့ ထွက်ခွာကြပါတယ်။နေ့လည်စာ ဒံပေါက်ကြွေးမှာ ဖြစ်တာမို့ မရမ်းချောင်းဂေဟာကို မနက် ဆယ်နာရီရောက်အောင် သွားခဲ့ကြပါ တယ်။

ကျော်စွာနဲ့ မိစံတို့ ဦးဆောင်တဲ့ MMYG အင်အားစု မရမ်းချောင်းဂေဟာကို ရောက်သွားကြပါပြီ..။
ခရီးရောက်မဆိုက်ပဲ ခဏနားပြီး သူတို့တွေ အလှုပစ္စည်းတွေ ကားပေါ်က ချကြပြီ။



သူတို့တွေ တကယ် ပင်ပန်းကြပြီ..



ဂေဟာမှ သန်စွမ်းတဲ့လူတစ်ချို့ လည်း ကူညီပေးကြပါတယ်..။
တစ်ဖက်က ပစ္စည်းတွေ ချနေတဲ့အချိန်မှာ ကျန်တဲ့တစ်ဖွဲ့က ဂေဟာက ဝေဒနာရှင်တွေအတွက် နေ့လည်စာ ပြင်ဆင်ကြပါတယ်။


ဒံပေါက်စားပွဲဝိုင်းကို လာရောက်နိုင်တဲ့ ဝေဒနာရှင်တွေ အလှုဒံပေါက်ကို စားဖို့ အဆင်သင့် ပြင်ဆင်ပြီးပါပြီ..
သူတို့တွေ အလှုထမင်းကို စားကာနီးအချိန်မှာ လက်အုပ်ချီနေကြတဲ့ပုံက ကျွန်တော့ရင်ကို မြှားတစ်စင်းနဲ့ ထုတ်ချင်းပေါက်အပစ်ခံလိုက်ရသလို ထိခိုက်ခံစားရစေတယ်။ကျွန်တော်တို့ အလှုအတွက် အထူးတလည် ဆုတောင်းပေးစရာ မလိုပါဘူး..။အထူးသဖြင့် လက်အုပ်ချီစရာ မလိုပါဘူး ခင်ဗျား..။
အနာရောဂါတွေ မြန်မြန်သက်သာပါစေဗျာ..၀ဋ်ကြွေးတွေဆိုလည်း ခဏတာပဲ ဖြစ်ပါစေ..။
လူကြီးတွေပြီးတော့ ကလေးတွေကို ကျွေးပါတယ်။ မရမ်းချောင်းကျေးရွာက ကလေးတွေ ဂေဟာမှာလာပြီး ဆော့ကစားနေကြဟန်တူရဲ့။


တကယ်တော့ ဒံပေါက်ထမင်းဆိုတာ မရမ်းချောင်းဂေဟာက ဝေဒနာသည်တွေ တစ်နှစ်လုံးနေမှ နှစ်ကြိမ်ပဲ စားခဲ့ဘူးပါတယ်တဲ့။အခုတော့ ကျွန်တော်တို့ MMYG က သူတို့အတွက် သုံးကြိမ်မြောက် ဒံပေါက်ထမင်းကို လှုဒါန်းနိုင်ခဲ့ပါပြီ။ဒီနေ့မှာ ဒီအလှု ဒီခရီးအတွက် ဒံပေါက်အလှုကို အမေရိကန်နိုင်ငံမှ ကိုဝေမိုးအောင်+မခင်မာဇင်တို့က သားဖြစ်သူ မောင်ကျော်ဇင်ဟိန်းရဲ့ မွေးနေ့အလှုအဖြစ် လှုဒါန်းပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မှ Feel Resturant Group မှ မေတ္တာဖြင့် အကောင်းဆုံး ချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်ခင်ဗျား။ ကိုဝေမိုးအောင် + မခင်မာဇင် နဲ့ သားဖြစ်သူ မောင်ကျော်ဇင်ဟိန်းတို့ ဒီမြင်ကွင်းကိုမြင်တွေ့ပြီး စိတ်နှလုံး ချမ်းမြေ့ကြပါစေ..မုဒိတာ ပွားနိုင်ကြပါစေ..
တကယ်တော့ ကျွန်တော် ဒီနေ့ညမှာ အကုန်လုံးကို တင်ပေးဖို့ပါပဲခင်ဗျား..။ဒါပေမဲ့ မီဂါဝပ်တွေ ပိုလျှံနေပါတယ်ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံက ရွှေမြို့တော်ကြီးမှာ မီးပျက်နေတဲ့အတွက် မြန်မာနိုင်ငံက ၀ိုင်းတော်သားတွေ ဓါတ်ပုံပို့ပေးဖို့ အခက်တွေ့နေကြလို့ပါခင်ဗျား..။ နောက်လာမဲ့ အပိုင်းမှာ ၀ှီးချဲအလှုရှင်များနဲ့ ပဒေသာပင်အတွက် ထည့်ဝင်ငွေအလှုဓါတ်ပုံများ၊ ဗွီဒီယိုဖိုင်များကို ဖော်ပြပေးပြီး နောက်ဆုံးအပိုင်းမှာ အလှုစာရင်း ရှင်းတမ်းကို တစ်ပါတည်း ဖော်ပြပေးပါ့မယ်..
အားလုံးချမ်းမြေ့ကြပါစေခင်ဗျား..
လေးစားစွာဖြင့်
MMYG ကိုယ်စား
ကိုရင်
15:47(GMT)
~~~~~~~~&&&&&~~~~~~~~ ဆက်ပါအုံးမည် ခင်ဗျား ~~~~~~~~&&&&&~~~~~~~~
No comments:
Post a Comment