လုပ်စရာတွေ များလာရင် အချိန်က မလောက်၊ အချိန်တွေ အများအပြား ရလာပြန်ရင်လဲ ဘာမှ မလုပ်ဖြစ်။ ဘုမသိ ဘမသိနဲ့ အချိန်ရဲ့ ဆွဲခေါ်ရာနောက် မျောပါလာရင်း အသက်ပင် အတော်လေး ရခဲ့လေပြီ။ အမှတ်မထင် ပေါင်ချိန်စက်ပေါ် မတ်တပ်ရပ်ကြည့်လိုက်မိသည်။ အလေးချိန်ပင် အတော်လေး တက်လာပြီကော။ ဒါ တိုးတက်ခြင်းပေပဲလား။ ဟင့် အင်း မဟုတ်သေးဘူး။ ဟုတ်ရင်လဲ ဒါဟာ ကိလေသာ တိုးတက်ခြင်းဘဲ ဖြစ်ရမယ်။ ခန္ဓာကိုယ် ၀ိတ်တက်လာရင်း ကုသိုလ်တရားတွေ တိုးတက်ကြစတမ်းဆို ဒီ အနောက်တိုင်းက လူဖြူလူမဲတွေ ကုသိုလ်အထုပ်အပိုးတွေကို ကုသိုလ်စုဘဏ်ထဲ ထည့်လို့ မနိုင်လောက်အောင် များပြားနေလောက်ပြီ။
ရဟန်းဆိုရင် ကြုံလှီမှ တင့်တယ်၏ တဲ့။ ဒီလို နီတိတွေ ရှိခဲ့ပေမဲ့ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ပြည့်ဖြိုးလာတာကို ကျေနပ်နှစ်သက်နေမိတာပါလိမ့်။ ခန္ဓာကိုယ် ၀ဖြိုးလာရင် ၀ိတ်တက်လာမယ်။ ခန္ဓာကိုယ် လေးလံလာမယ်။ လေးလံတာများလာရင် ကျွံကျတတ်တယ်။ ဘယ်အထိ ကျွံကျ နိုင်သလဲ ဆိုတော့ အပါယ်ဘေးဘုံထိ။ လေးလံတဲ့ အရာဝတ္ထုဟာ မြင့်ရာမှ နိမ့်ရာသို့ ကျဆင်းတတ်သည်လေ။ ကိလေသာဝန်ထုပ်တွေနဲ့ လေးလံနေသရွေ့တော့ တွင်းနက်နက်ထဲ ကျွံကျမှာ ကျိန်းသေပင်ဖြစ်သည်။
ဒါဖြင့် အစားအစာကို ဒိုက်ယက်လုပ်ပြီး ဖီဇီကယ်အိပ်စ်ဆာဆိုက် ပုံမှန်လုပ်ရမည်လား။ ဤသို့လဲ မဟုတ်ပါချေ။ ကိုယ်ခန္ဓာ ၀ိတ်တက်လာတာကို ထိန်းဖို့ ဒီလောက် အရေးမကြီးပါ။ အရေးကြီးသည်မှာ ခန္ဓာကိုယ် ၀ိတ်တက်လာသည်နှင့်အမျှ ကိလေသာ ၀ိတ်မတက်လာစေဖို့ဘဲ ဖြစ်သည်။ ကိလေသာ ၀ိတ်တွေ လျော့ပါးသွားစေဖို့ ပို အရေးကြီးသည်။ ၀ိတ်တွေ ပေါ့ပါးသွားမှ မြေကြီးဆွဲငင်အား အားပျော့လာပြီး ခန္ဓာကိုယ် ပေါ့ပါးလာမည်လေ။ ခန္ဓာကိုယ် ပေါ့ပါးလာမှ အထက်အထက်ဘုံများဆီသို့ လွတ်လွတ်လပ်လပ် ပျံတက်နိုင်မည် မဟုတ်ပါလား။ ဒါဖြင့် ခန္ဓာကိုယ် ပေါ့ပါးလာအောင် ဘယ်လိုလုပ်ကြမလဲ။ စိတ်ထိန်းကိရိယာလေး တပ်ဆင်ထားရုံပင် ဖြစ်၏။
စိတ်ထိန်းကိရိယာလေး တပ်ဆင်ထားကြပါလို့ ဒကာဒကာမများကို လမ်းညွန်ပေးနေမိပေမဲ့ ကိုယ်တိုင် စိတ်မထိန်းနိုင်တာက ပိုခက်နေသည်။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုသလို ဖြစ်နေမှာလဲ တွေးတွေးပြီး ရှက်ရွံ့နေမိသည်။ အရညဂတ (တောရိပ်တောင်ရိပ်ထဲ)၊ ရုက္ခမူလဂတ(သစ်ပင်ခြေရင်း)၊ သုညာဂါရဂတ (ဆိတ်ငြိမ်တိတ်ဆိတ်တဲ့ အရပ်)။ ဒီလို အရပ်တွေမှာ တရားအားထုတ်လေ့ရှိကြတဲ့ သူတော်စင်တွေကို လက်အုပ် အတန်တန် ချီနေမိသည်။ ကိုယ်တိုင်က ဆူညံသံတွေနဲ့ ကျင့်သားရနေပြီ မဟုတ်လား။ ပြီးတော့ ဆိတ်ငြိမ်ရာ အရပ်သည် ဖောက်ပြန်လိုသူတို့အတွက် ဖောက်ပြန်မှုကို ပို ဖြစ်စေ၏ တဲ့။ ကိုယ်တိုင်ကရော ဆိတ်ငြိမ်ရာ အရပ်မှာ စိတ်ငြိမ်နိုင်ပါ့မလား။
ကျောင်းနဘေးက ဖြတ်သန်းသွားလာနေကျ ကားသံများ၊ ကျောင်းခေါင်းမိုးတည့်တည့် ပျံသန်းသွာနေကျ လေယာဉ်သံများ၊ တီဗီက ထုတ်လွှင့်တင်ဆက်နေတဲ့ ဘရိတ်ကင်းနယူးစ် များ။ အဲဒါတွေကို နေ့စဉ် မကြားရရင် တစ်ခုခု လိုအပ်နေသလို ခံစားနေတတ်ခဲ့လေပြီ။ စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏ တဲ့။ ဟုတ်သည်။ ထိုထိုဤဤ အာရုံတို့၌ မွေ့လျော်ပျော်ပိုက် နေလေ့ရှိနေပြီကော။
ဝမ်းနှုတ်ဆေး စားသင့်နေလေပြီ။ ကိလေသာ အညစ်အကြေးတွေကို သွန်ထုတ်ပစ်စေတဲ့ ၀မ်းနှုတ်ဆေးကို ဆိုလိုခြင်း ဖြစ်သည်။ ထို့နောက် စိတ်ကို မှတ်ကျောက်တင်ပေးရမည်။ ခန္ဓာကိုယ်ရော စိတ်ရော ပေါ့ပါးလန်းဆန်းနေမှ အအေးဓါတ်ကို ရမည်ဖြစ်၏။ အအေးဓါတ်ရရှိသည့် မျက်နှာသည် ကြည်လင်တောက်ပနေတတ်သည်။ ထို့ကြောင့် နိရောဓသမာတ်မှ ထခါစ ရဟန္တာပုဂ္ဂိုလ်များ၏ မျက်နှာတော်သည် အလွန်ကြည်လင်နေတတ်ကြသည်။
စိတ်ကို ဘယ်လို မှတ်ကျောက်တင်မလဲ။ အလွယ်ဆုံး အရှင်းဆုံးကတော့ မိမိပြုလုပ်သည့် အပြုအမူ လုပ်ရပ်တို့ကို ပုညကိရိယာဝတ္ထုဆယ်ပါးနဲ့ ချိန်ထိုးကြည့်ရမည်။ သုစရိုက်တရား ဆယ်ပါးနဲ့ ချိန်ထိုးကြည့်ရမည်။ အနည်းဆုံးတော့ ငါးပါးသီလနဲ့ ချိန်ထိုးနှိုင်းယှဉ်ပေးရမည် ဖြစ်၏။ အဲဒီ စံတွေနဲ့ မညီသေးလျှင် ညီအောင် ညှိပေးရမည်။ ညှိပေးနိုင်မှ ကိလေသာ အညစ်အကြေးတွေကို တဖြေးဖြေး ချွတ်ဆေးနိုင်မည် ဖြစ်သည်။ ကိလေသာ အညစ်အကြေးတွေကို ချွတ်ဆေးနိုင်ပါစေလို့ ယခုလို ဘလော့ဒေး၌ အမှတ်တရ ဆန္ဒပြုတိုက်တွန်းလိုက်ပါသည်။ ။
...