Wednesday 6 October 2010

တကယ်ဆို...

တကယ်ဆို
ရတုအဆက်ဆက်
လက်ဆင့်ကမ်းနေသူပါ
နရီတွေ မပျောက်စေချင်ဘူး။

တကယ်ဆို
ငုရွှေဝါပါ
ကာလာရောယှက်ဖို့အတွက်
ဒီသဘက်ကို မခွါချပါရစေနဲ့။

တကယ်ဆို
ငါးပွင့်ကြယ်ထဲက
ကြယ်မှုံကြယ်မွှားလေးပါ
ဥက္ကာတွေ ၀င်မဆောင့်စေချင်ဘူး။

တကယ်ဆို
အရုဏ်အဖွင့်မှာ
တင့်တယ်ချင်သူပါ
တိမ်ညိုတွေကို အပြစ်မတင်ပါနဲ့။

တကယ်ဆို
ပီတိလေးကို
စားချင်ရုံသက်သက်လေးပါ
သောမနသ် ဒေါမနသ်တွေ
လွယ်အိတ်ထဲ မထည့်ချင်ဘူး။

တကယ်ဆို
အိုင်ဆိုလေးရှင်း ကြိုက်သူပါ
ဗိုင်းရပ်တွေ
လေမလွင့်လာပါစေနဲ့။

တကယ်ဆို
အလှမ်းကွာလွန်းပါတယ်
သင့်ဥစ္စာ
သင်သာ ပိုင်ပါစေလေ။

..

No comments: