အမှတ်မထင် အမေးခံလိုက်ရသည့်အတွက် ဦးဇင်းလေးဝိမလခမျာ နေ့လည်ကြောင်တောင် မိုးကြိုးပစ်ခံလိုက်ရသလို မူးကနဲ မိုက်ကနဲ ဖြစ်သွားသည်။ မျှော်လင့်မထားသည့် မေးခွန်းဖြစ်သည့်အတွက် ပိုခံစားရသည်။ မေးရက်လိုက်လေခြင်း။
ဦးဇင်းလေးဝိမလနှင့်အင်္ဂါမောင်သည် ဇာတိတူဖြစ်သည်။ ထို့ကြောင့်လည်း သူ့အကြောင်းကို အင်္ဂါမောင်ကောင်းကောင်းသိသည်။ သူသည် ရိုးသားသည်။ အေးအေးဆေးဆေးနေတတ်သည်။ ကူညီတတ်သည်။ သနားတတ်သည်။ အားနာတတ်သည်။ သူသည် ဇာတိရပ်ရွာမှထွက်ခွါလာပြီး ရန်ကုန်မြို့ရှိ စာသင်တိုက်တစ်ခု၌ ပရိယတ္တိစာပေများကို သင်ယူနေသူဖြစ်သည်။ ထိုကျောင်းတိုက်အတွင်းတွင် အနယ်နယ်အရပ်ရပ်မှ ဆွမ်းကျွေးဆွမ်းကပ်လာကြသည့် ဒကာ ဒကာမများအတွက် ဧည့်သည်ကျောင်းဆောင် သီးသန့်ရှိသည်။ ဧည့်သည်များသည် ဆွမ်းကပ်ရင်း ဘုရားဖူးရင်းလာကြသည့်အတွက် သီတင်း တစ်ပတ် နှစ်ပတ်ခန့် ကြာရှည်စွာ တည်းခို နေတတ်ကြသည်။
ဦးအုန်းမောင်+ဒေါ်သိန်းကြည်တို့သည် အင်္ဂါမောင်တို့ရွာနှင့်မိုင် ၂၀ ခန့်ကွာဝေးသော ရွာတစ်ရွာမှ လင်မယားစုံတွဲဖြစ်သည်။ အင်္ဂါမောင်တို့နှင့်နယ်တူသည်။ ရပ်ရွာဇာတိကွဲသည်။ သူတို့တွင် သားယောက်ျားမရှိ။ အေးခင် အေးတင် ထွေးခင်ဟူသော သမီးမိန်းခလေး သုံးယောက်သာ ရှိသည်။ တစ်နေ့တွင် ထိုလင်မယားစုံတွဲသည် ဦးဇင်းလေးဝိမလရှိရာ ရန်ကုန်စာသင်တိုက်သို့ ဆွမ်းလာကပ်ကြသည်။ နယ်တူဖြစ်သည့်အတွက် ဦးဇင်းလေးဝိမလနှင့်ထိုလင်မယားတို့သည် အရင်းနှီးကြီးရင်းနှီးသွားကြလေသည်။
ထိုရင်းနှီးမှုကို အကြောင်းပြု၍ ဒေါ်သိန်းကြည်သည် ရန်ကုန်သို့ မကြာခဏအလည်အပတ်လာရောက်တတ်သည်။ ဘုရားဖူးခရီးလာရင်း ကုန်ကူးကုန်ဝယ်ပြုလုပ်သည်။ ရန်ကုန်လာတိုင်း ဦးဇင်းလေးဝိမလရှိရာ ကျောင်းတိုက်၌တည်းခိုသည်။ တစ်ခါလာရင် သမီးတစ်ယောက် ခေါ်လာသည်။ နွေရာသီ စာသင်ရပ်နားချိန်နှင့်ကြုံလျှင် ဦးဇင်းလေးဝိမလသည် ထိုသားအမိတို့ကို ကျိုက်ထီးရိုး သာမည မော်လမြိုင်စသည့် ဘုရားဖူးခရီးများလိုက်ပို့လေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဦးဇင်းလေးဝိမလသည် ဒေါ်သိန်းကြည်တို့ သားအမိအားလုံးနှင့် မောင်နှမပမာ ရင်းနှီးသွားလေတော့သည်။
သမီးအငယ်ဆုံးထွေးခင်သည် ဆယ်တန်းအဆင့်ရောက်ရှိနေပြီ။ သမီးလတ်အေးတင်ခမျာမှာတော့ ဆယ်တန်းခဏခဏကျသည့်အတွက် ပညာရေးနှင့်အကျိုးမပေးဟုဆိုကာ ကျောင်းထွက်ပြီးမိဘများကို ကူညီလုပ်ကိုင်ပေးနေသည်။ အကြီးမ အေးခင်ကတော့ ဆယ်တန်းအောင်မြင်ပြီး သံလျင်သမကောလိပ်၌ ကျောင်းတက်နေသည်။ အေးခင်သည် ကျောင်းပိတ်ရက်၌ ဦးဇင်းလေးဝိမလထံသို့ အလည်အပတ်လာရောက်တတ်သည်။ တစ်ခါတစ်ရံ မိန်းခလေး သူငယ်ချင်းများဖြင့်လာသည်။ တစ်ခါတစ်ရံ ယောက်ျားလေးသူငယ်ချင်းများဖြင့်လာသည်။ တစ်ခါတစ်ရံ ကောင်လေးတစ်ယောက်နှင့်အတူ ပေါက်ချလာတတ်သည်။
အေးခင်သည် ကျောင်းပြီးဆုံးပြီး ဒီဂရီဘွဲ့တံဆိပ် ရရှိသွားပြီဖြစ်သည်။ မြို့၌ နှစ်များစွာနေပြီးသည့်နောက် မြို့ကို ခင်တွယ်သွားသည်။ မိဘရပ်ထံ၌ အခြေချနေထိုင်လိုစိတ်မရှိတော့ပေ။ ထို့ကြောင့် ဘွဲ့နှင်းသဘင်အပြီးမှာ ရပ်ရွာသို့ ခဏပြန်ပြီး ရန်ကုန်၌ အလုပ်လုပ်မည်ဟု အကြောင်းပြကာ မိဘတို့ကို ခွဲခွါ၍ ရန်ကုန်သို့ ပြန်ဆင်းခဲ့လေသည်။
အေးခင်သည် အကြီးဆုံးသမီးဖြစ်သည့်အလျောက် မိဘအိမ်၌နေထိုင်စဉ် စံပြသမီးကြီးဖြစ်ခဲ့သည်။ အနေအထိုင်ကျစ်လစ်သည်။ ဆယ်တန်းအောင်သည့်တိုင် ရည်းစားထားဖို့ လုံးဝစိတ်မ၀င်စားခဲ့ပေ။ လာရောက်ချဉ်းကပ်သူတို့ကို အော်ဟစ် ငေါက်ငမ်းပြီး အိမ်ပြန်လာတတ်သည်။ မိဘက အကဲစမ်းလိုသည့်အတွက် ယောက်ျားလေးတွေအကြောင်းပြောသည့်အခါမှာပင် မိဘတို့ကို မပြောရန် တားမြစ်တတ်သည်။ ထို့ကြောင့်လည်း မိဘတို့သည် အေးခင်အပေါ် ရာနှုန်းပြည့်ယုံကြည်နေကြသည်။ ဘယ်နေရာရောက်ရောက် အေးခင်တစ်ယောက် ပေါက်လွတ်ပဲစားမဖြစ်ဟူ၍ လှေနံဓါးထစ် မှတ်ထားလိုက်ကြလေသည်။
" "အမေ.. အဖေ..'' သမီး ရန်ကုန်မှာ အလုပ်ကောင်းကောင်း ရှာတွေ့ထားပြီးပြီ။ တစ်လကို စရိတ်ငြိမ်း ၃ သိန်းလောက်ရမယ်။ သမီး သူငယ်ချင်းတွေနှင့်အတူလုပ်ရမယ်။ အလုပ်ရုံမှာ အိပ် အလုပ်ရုံမှာစား။ အားလုံးအဆင်ပြေတယ်။ သမီးကို ရန်ကုန်မှာ အလုပ်လုပ်ဖို့ ခွင့်ပြုပါ"
ထိုသို့သော အေးခင်၏ စကားများကြောင့် မိဘများက စိတ်ချလက်ချစွာဖြင့် အေးခင်ကို ရန်ကုန်သို့ သွားခွင့်ပြုလိုက်လေသည်။ အေးခင်တစ်ယောက် ရန်ကုန်ကိုပြန်ဆင်းလာသည်ကို ဦးဇင်းလေးဝိမလ လုံးဝမသိလိုက်ရှာပေ။ အေးခင် ရန်ကုန်ပြန်ရောက်ပြီး နှစ်လကျော်ကြာ၍ အနေအထိုင်အဆင်မပြေဖြစ်ကာ ဆင်းရဲဒုက္ခရောက်နေသည့်အခါမှပင် အေးခင် ရန်ကုန်ပြန်ရောက်နေကြောင်း ဦးဇင်းလေးဝိမလ သိရှိခွင့်ရလိုက်လေသည်။
အနီး၌ရှိနေသော ဦးဇင်းလေးဝိမလနှင့်အဆက်အသွယ်မလုပ်သော အေးခင်တစ်ယောက် နယ်မှ သူမအမေနှင့်တော့ အဆက်အသွယ်ရှိပုံရသည်။ ဒေါ်သိန်းကြည်မှ ဦးဇင်းလေးဝိမလထံဖုန်းဆက်ပြီး သူ့သမီးကို ကြည့်ရှုစောင့်ရှောက်ထားစေလိုကြောင်း၊ ရန်ကုန်ရောက်နေတာ နှစ်လလောက်ရှိနေပြီဖြစ်ကြောင်း၊ မကြာခင်ရက်အတွင်း ဦးဇင်းလေးထံရောက်လာမည်ဖြစ်ကြောင်း၊ အစစအရာရာ ပြောဆိုဆုံးမနိုင်ပါကြောင်းဖြင့် ဖုန်းဆက်အကူအညီတောင်းလာသည်။ ဒုက္ခရောက်မှ ကူညီမဲ့သူကို သတိရခြင်းသည် လူတို့၏သဘောတံထွာပင်တည်း။
နဂိုကမှ အကူအညီပေးတတ်သော သနားညှာတာတတ်သော ဦးဇင်းလေးဝိမလသည် အေးခင်ကို အကူအညီပေးဖို့ စဉ်းစားရလေပြီ။ အေးခင်ကို ကျောင်းအတွင်းဧည့်ဆောင်၌ လက်ခံထားဖို့ရန်မှာ ရေရှည်အနေအားဖြင့် မသင့်တော်ပေ။ ရန်ကုန်၌လည်း ဦးဇင်းလေး၏ အသိမိတ်ဆွေ တစ်အိမ်မှ မရှိချေ။ အေးခင်ကို မကူညီနိုင်ပြန်ပါကလည်း မိဝေးဖဝေးအေးခင်တစ်ယောက် ဘ၀လမ်းစပျောက်သွားမှာ စိုးရိမ်ရသည်။ အတွေးပွါးရလေပြီတည်း။
ကံအားလျော်စွာပင် တိုက်အုပ်ဆရာတော်၏ မယ်တော်တို့အဖွဲ့ ဘုရားဖူးရောက်လာကြပြီး ဘုရားဖူးအဖွဲ့ပြန်သွားကြသော်လည်း မယ်တော်မှာ နားနားနေနေ ရန်ကုန်မှာ နေဦးမည်ဟု သိရသည်။ ထို့ကြောင့် ဦးဇင်းလေးဝိမလသည် ထိုတိုက်အုပ်ဆရာတော်၏ မယ်တော်ထံသွားပြီး အေးခင်အတွက် အကူအညီသွားတောင်းသည်။ တိုက်အုပ်ဆရာတော်ကိုလည်း အသိပေးလျောက်ထားလိုက်သည်။ မယ်တော်ကလည်း သူနှင့်အတူအဖော်ရ၍ ၀မ်းသာစွာ လက်ခံသည်။ စာသင်တိုက်အတွင်းရှိ ဧည့်ကျောင်းဆောင်၌ မယ်တော်နှင့်အတူ အေးခင် အတူတူနေလေသည်။ အေးခင်အတွက် ဦးဇင်းလေးဝိမလ တဒင်္ဂစိတ်အေးရလေပြီတည်း။
အစပထမ၌ အေးခင်သည် မယ်တော်နှင့်အတူ ခပ်ကုတ်ကုတ် နေထိုင်လေသည်။ သို့သော် အနေကြာလာသည်နှင့်အမျှ အနေအထိုင်ဖောက်လာလေသည်။ အပြင်ထွက်တာ များလာသည်။ အသွားအလာ စိပ်လာသည်။ တစ်ခါတစ်ရံ ယောက်ျားလေးသူငယ်ချင်းများကို စာသင်တိုက်အတွင်းသို့ ခေါ်ဆောင်လာသည်။ တစ်ခါတစ်ရံ ယောက်ျားလေးများနှင့်အတူတူအပြင်ထွက်လည်ပြီး ညမိုးချုပ်မှ ပြန်ရောက်လာလေသည်။ ပို၍ဆိုးသည်မှာ အေးခင်နှင့်ကောင်လေးတစ်ယောက် အပြင်မှာ မကြာခဏတစ်တွဲတွဲလုပ်နေခြင်းကို တွေ့မြင်နေရခြင်းပင်ဖြစ်သည်။
အေးခင်သည် သူနေထိုင်သည့်နေရာကိုပင် ဘုန်းကြီးကျောင်းဟု မထင်မှတ်သယောင်ရှိနေလေသည်။ မယ်တော်ကြီး၏ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ဆိုးချင်တိုင်းဆိုးနေလေသည်။ အေးခင်ကို ဟိုနေရာမှာတွေ့ခဲ့သည်၊ ဒီနေရာမှာ တွေ့ခဲ့သည်၊ ဘုရားစောင်းတန်းအတွင်းမှာပင် သူ့ကောင်လေးနှင့်ချစ်ရည်လူးနေကြသည်ဟူသော သတင်းပေးစကားများသည် ဦးဇင်းလေး ၀ိမလ မကြားချင်မှ အဆုံးဖြစ်လေသည်။ နောက်မှ တစ်ဆင့်စကားဖြင့် သိရှိရသည်မှာ အေးခင်တစ်ယောက် ရန်ကုန်ဆင်းပြီးကထဲက ထိုကောင်လေးနှင့်အခန်းငှားပြီး အတူတူနေခဲ့ကြသည်တဲ့။ အလုပ်အကိုင်အဆင်ပြေနိုးနိုးနဲ့ အချိန်တွေသာ ကုန်ဆုံးသွားခဲ့သည်၊ အလုပ်လက်မဲ့ပင်ဖြစ်နေခဲ့ကြသည်တဲ့။ ထို့ကြောင့် ကြံရာမရသည့်အဆုံး ဦးဇင်းလေးဝိမလထံ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်တဲ့။ ရင်လေးဖွယ်ပင်တည်း။
အေးခင်၏ မကောင်းသတင်းများ၊ သူ့ကောင်လေးနှင့်နေ့စဉ်တစ်ပူးတွဲတွဲ လုပ်နေခြင်းများကို ကြားသိရှိပြီး ဦးဇင်းလေးဝိမလက အေးခင်ကို ခေါ်ကာ ဆုံးမစကားဆိုလေသည်။ တနယ်တကြေးမှာ နေထိုင်ရတဲ့အခါ ထိန်းထိန်းသိမ်းသိမ်းနေသင့်ကြောင်း၊ မိန်းခလေးဆိုတာ ပန်းကောင်းတစ်ပွင့်ဖြစ်သင့်ကြောင်း၊ တစ်ချက်ကလေးမှားသွားရင် တစ်ဘ၀လုံး ပျက်စီးသွားနိုင်ကြောင်း၊ နယ်က မိဘနှစ်ပါးမျက်နှာကို ထောက်ထားသင့်ကြောင်း၊ အခုနေတဲ့ နေရာက ကျောင်းတိုင်ဘုန်းကြီးနှင့်မယ်တော်တို့ကိုလဲ မျက်နှာမပျက်စေသင့်ကြောင်းများ၊ နောက်တစ်ခါရှုပ်ရှုပ်ပွေပွေသတင်းကြားရင် မိဘနှစ်ပါးကို အသိပေးမည်ဖြစ်ကြောင်းများကို ဦးဇင်းလေးဝိမလက အေးခင်အား သတိပေးဆုံးမလေသည်။ ထိုအခါ၌ အေးခင်သည် အထက်ကရေးခဲ့သည့်အတိုင်း ကက်ကက်လန်အောင် ဦးဇင်းလေးဝိမလအား ရန်တွေ့ငြူစူနေလေတော့သည်။

"ဦးဇင်း.. တပည့်တော်မကို ကြိုက်နေတာ မဟုတ်လား။ ဒါကြောင့်မို့ တပည့်တော်မကို ချုပ်ခြယ်နေတာ မဟုတ်လား"
ဦးဇင်းလေးဝိမလ စိတ်အညစ်ကြီးညစ်သွားလေတော့သည်။ အေးခင်သည် တစ်ဇွတ်ထိုးဆန်လွန်းလှသည်။ စကားကို အဆင်ခြင်မဲ့စွာ ပြောလေသည်။ ကျေးဇူးဆိုသည့်စကားကို မေ့ထားဟန်ရှိသည်။ အချစ်အတွက် မျက်စိကန်းသွားခြင်းပင်ဖြစ်မည်။ သူ့မိဘနှစ်ပါး မျက်နှာကို ထောက်ထားပြီး အေးခင်အား ဦးဇင်းလေးဝိမလ ငွေကြေးအကုန်အကျခံကာ ကူညီပေးခဲ့သည်။ ဧည့်ကျောင်းဆောင်၌ သူနေခွင့်ရရန် ဆရာတော်နှင့်မယ်တော်တို့အား အသနားခံ ခယတောင်းပန်ခဲ့ရသည်။ သူ့ဘ၀ လုံခြုံစေရေးအတွက် ဦးဇင်းလေးဝိမလ အမြဲတမ်းစဉ်းစားနေခဲ့ရသည်။ ထိုသည်ကို အေးခင်တစ်ယောက် သိဟန်မတူ။ သူထင်ရာကိုသာ တစ်ဇွတ်ထိုး ပြုလုပ်နေလေတော့သည်။
သုံးလခန့် နေထိုင်ပြီးနောက် အေးခင်တစ်ယောက် သူ၏ အမျိုးသမီးသူငယ်ချင်းတစ်ယောက်နှင့်အတူ အခန်းငှားပြီး နေထိုင်တော့မည်ဟုဆိုကာ ထိုစာသင်တိုက်မှ ထွက်ခွါသွားလေသည်။ တိုက်အုပ်ဆရာတော်ကိုလည်း ကန်တော့သွားသည်။ မယ်တော်ကြီးကိုလည်း ကန်တော့သွားခဲ့သည်။ ပြီးနောက် ဦးဇင်းလေးဝိမလကိုလည်း လာကန်တော့သည်။ မှားခဲ့တာရှိရင် ခွင့်လွတ်ဖို့အကြောင်း၊ စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း၊ သူ့အတွက် အသုံးပြုထားသည့် ပိုက်ဆံကိုလည်း အဆင်ပြေရင် လာဆပ်မည်ဖြစ်ကြောင်းဖြင့် သူပြောချင်တာ ပြောဆိုပြီးနောက် ထွက်ခွါသွားလေသည်။ သို့သော် သူ့မျက်နှာကြည့်ရသည်မှာ မှုန်ရီရီပင်ဖြစ်လေသည်။
နွေကာလရောက်ပြီမို့ ပထမပြန်စာမေးပွဲများ ပြီးဆုံးလေပြီ။ စာသင်တိုက်ကြီး၏ ပုံမှန်လည်ပတ်မှုကို အနားပေးထားချိန်ဖြစ်သည်။ ထိုအချိန်၌ စာသင်သားများ မိဘရပ်ထံသို့ ပြန်လိုက ပြန်နိုင်ကြသည်။ မပြန်ချင်ကလည်း နားနားနေနေ စာသင်တိုက်အတွင်းမှာပင် နေထိုင်နိုင်ကြသည်။ ဦးဇင်းလေးဝိမလသည် သူ၏ဇာတိရပ်ရွာသို့ အင်္ဂါမောင်နှင့်အတူပြန်ခဲ့ကြလေသည်။ ရပ်ရွာသို့ရောက်ပြီး တစ်ပတ်ခန့်အကြာ၌ အေးခင်၏ မိဘများဆီသို့ အင်္ဂါမောင်နှင့်အတူ သွားခဲ့ကြလေသည်။
ထိုရွာရောက်ရောက်ချင်း ရွာဦးကျောင်း၌ခဏနားပြီး အေးခင်၏ မိဘများအိမ်သို့ အင်္ဂါမောင်နှင့်ပင် အတူတူသွားခဲ့ကြလေသည်။ ရည်ရွယ်ချက်ကတော့ အားပေးစကားပြောပေးဖို့ပင်ဖြစ်သည်။ အလ္လာသလ္လာပစကားပြောရင်း အေးခင်တစ်ယောက် ရန်ကုန်မှာ အဆင်ပြေကြောင်း၊ နေကောင်းကျန်းမာကြောင်း၊ အလုပ်အကိုင်ရ၍ စာသင်တိုက်အတွင်းက ပြောင်းရွှေ့ သွားပြီဖြစ်ကြောင်း၊ သူအကူအညီလိုရင် ကူညီပေးဖို့ အဆင်သင့်ဖြစ်ကြောင်း၊ သူ့အတွက် ဘာမှ ပူပင်စရာမလိုကြောင်း စသည့် အပြုသဘောစကားများဆိုဖို့ပင်ဖြစ်သည်။ ထိုစကားများကို ကြားရပြီး အေးခင်၏ မိဘများ ပြုံးပျော်နေလောက်သည်ဟုလည်း စိတ်တွင်းမှ တွေးတောနေမိသည်။
သို့သော်...
အထင်နှင့်အမြင်သည် စင်စင်ကြီးလွဲနေလေပြီတည်း။ သူတို့ခင်းကျင်းပေးသည့် နေရာမှာ ထိုင်လို့မှ မပြီးသေးခင် အေးခင်၏အမေက ဦးဇင်းလေးဝိမလအား စကားစစ်ထိုးလေတော့၏။
"ဦးဇင်းလုပ်ရပ်က ကောင်းသလား။ အကူအညီလိုလို့ အားကိုးတကြီး ခခယယတောင်းမိပါတယ်။ အခုလို လုပ်စရာလား။ သမီးနှင့်ဦးဇင်းက တူတန်လို့လား။ သမီးကကော ဦးဇင်းကို ကြိုက်ဦးမတဲ့လား။ သေချာစဉ်းစားပြီးလဲ လုပ်ပါ ဦးဇင်းရယ်။ ကိုယ့်ကို အားကိုးပြီး မှီခိုလာတဲ့သူကို အခုလို မဖွယ်မရာ ချစ်ရေးကြိုက်ရေး ပြောသင့်သလား။ ဦးဇင်းမို့လို့နော်။ လူသာဆိုရင် တပည့်တော်မအကြောင်း ကောင်းကောင်းသိသွားမယ်"
အေးခင်၏ အမေတစ်ယောက် ရပ်ဝေးမှမောပန်းစွာလာရောက်သူအား ဆီးကြိုပြီး ခြေထောက်ဖြင့် ကန်ကြောက်နေလေပြီ။ ဦးဇင်းလေးဝိမလ၏ အရှိုက်တည့်တည့်ပင်ဖြစ်သည်။
"ဒကာမကြီး ဘာစကားတွေပြောနေတာလဲ"
"မသိချင်ယောင်ဆောင်မနေပါနဲ့။ ဦးဇင်းလုပ်ရပ် ဦးဇင်းကိုယ်တိုင် သိမှာပါ"
ဦးဇင်းလေးဝိမလ သဘောပေါက်လိုက်ပါပြီ။ အေးခင်၏ လက်ချက်ပင်ဖြစ်မည်။ အေးခင်၏ သတင်းအမှားပေးမှုကို သူ၏ မိဘနှစ်ပါး ယုံစားမိနေခြင်းပင်ဖြစ်မည်။ သူတို့၏ သမီးအတွက် ဦးဇင်းဝိမလကိုပင် ပေါ်တင်ကြီးကျိန်ဆဲနေလေပြီ။ ကြောက်မက်ဖွယ်ကောင်းလေစွ။ လူတွေရဲ့ အတ္တများပင်တည်း။ အကူအညီလို၍ တစ်စာစာ ပူဆာတုန်းကလည်း သူတို့မိသားစု၊ အကူအညီယူတုန်းကလည်း သူတို့မိသားစုပင်။ အခုလဲ အဖြစ်မှန်ကို မသိဘဲ အငြိုးကြီးစွာ ရန်တွေ့နေပြန်လေပြီ။ အင်္ဂါမောင်လည်း စိတ်ကသိကအောက်ဖြစ်သွားသည်။ သူငယ်ချင်းဖြစ်သူ ဦးဇင်းလေးဝိမလ၏ စိတ်ဓါတ်ကို အင်္ဂါမောင်အသိဆုံးပင်ဖြစ်သည်။ ဦးဇင်းလေးဝိမလသည် ကူညီတတ်သည်။ ရိုင်းပင်းတတ်သည်။ ပြုံးရွှင်စွာ နေတတ်သည်၊ ဟော့ဟော့ရမ်းရမ်းလည်းမရှိပေ။ အင်္ဂါမောင်လည်း မနေသာ၍ ၀င်ပြောလိုက်မိသည်။
"ဒကာမကြီး.. အဲဒီလို မပြောပါနဲ့။ ဦးဇင်းသူငယ်ချင်းအကြောင်း ဦးဇင်းအသိဆုံးပါ။ အေးခင်အတွက် သူ ခခယယ ဆရာတော်ဆီခွင့်တောင်းပြီး စာသင်တိုက်အတွင်းမှာ နေခွင့်ရအောင်လဲ လုပ်ပေးခဲ့တယ်။ လိုအပ်တဲ့အကူအညီတွေကိုလဲ ငွေရေးကြေးရေးကအစ အများကြီးပေးခဲ့တယ်။ အခု ဒကာမကြီးတို့က အေးခင်ရဲ့စကားကိုဘဲ ယုံပြီး တစ်ဘက်သတ်ကြီး ဦးဇင်းလေးဝိမလကို စွပ်စွဲပြောဆိုနေတာ။ အမှန်ဆို အေးခင်ဆိုးခဲ့ပေခဲ့လေခဲ့လို့ ဦးဇင်းလေးဝိမလက ဆုံးမစကားဆိုခဲ့တာပါ။ အဲဒါကို အေးခင်က မကြိုက်လို့ သူထင်ရာလျောက်ပြောနေတာပါ"
"ဦးဇင်း ကြားကနေ ၀င်မပြောပါနဲ့။ ဒီကိစ္စက ဦးဇင်းနှင့်ဘာမှမဆိုင်ပါဘူး။ တပည့်တော်မတို့မိသားစုနှင့် ဦးဇင်းလေးဝိမလအကြား ဖြစ်ပျက်တဲ့ကိစ္စပါ"
"အေးလေ.. ဒါဖြင့်လဲ.. ပြေလည်အောင်ပြောကြဆိုကြပေါ့။ ဦးဇင်းတို့ကတော့ ဒကာမကြီးတို့ကို ၀မ်းသာအားရတွေ့ချင်ကြလွန်းလို့ လာခဲ့ကြတာပါ"
ဦးဇင်းလေးဝိမလကား မျက်လွှာကို ချထားပြီး တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။ အင်္ဂါမောင်သာ သူ့နေရာမှာဆို အခြေအနေပိုဆိုးမှာ သေချာသည်။ ယခုပွဲကို သူထိန်းထားနိုင်သည်။ အခြေအတင် စကားပြောမနေပေ။ အေးခင့်အမေကို စိတ်ကြိုက် ပြောခွင့်ပြုထားလေသည်။ သူ၏တည်ကြည်မှုသည် လေးစားဖွယ်ကောင်းလေစွ။ အေးခင့်အမေ၏ အပြစ်တင်စကား အားလုံးပြီးဆုံးသွားမှ ဦးဇင်းလေးဝိမလက စကားစဆိုလေသည်။
"ဒကာမကြီး.. ဦးဇင်းက ကိုယ့်လိပ်ပြာ ကိုယ်ယုံတယ်။ စိတ်လဲသန့်တယ်။ အခုကိစ္စဟာ အထင်လွဲမှားမှုသာဖြစ်တယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ဦးဇင်းမပြောလိုပါဘူး။ ဒကာမကြီး ရန်ကုန်ရောက်ရင် ဦးဇင်းတို့ စာသင်တိုက်က စာသင်သားရဟန်းသာမဏေ အားလုံးကို မေးကြည့်ပါ။ ပြီးတော့ ဒကာမကြီးရဲ့ သမီး အေးခင်ကိုလဲ ချော့မော့ပြီး မေးကြည့်ပါ။ ဒကာမကြီးတို့ နားလည်လာလိမ့်မယ်လို့ ဦးဇင်းမျှော်လင့်ပါတယ်။ ကဲ.. ဦးဇင်းတို့ ပြန်ကြွတော့မယ်။ ရွာဦးကျောင်းဆရာတော်နဲ့တောင် စကားအေးအေးဆေးဆေး မပြောဖြစ်ခဲ့သေးဘူး။ ကိစ္စအားလုံး ပြေပြေလည်ဖြစ်ပြီးမှဘဲ ပြန်တွေ့ကြတာပေါ့"
ထိုကဲ့သို့ ပြောဆိုနှုတ်ဆက်ပြီး အေးခင်မိဘအိမ်မှ ပြန်လာခဲ့ကြသည်။ အေးခင်၏ မိဘများသည် ရေတစ်ခွက်လောက် ဧည့်ခံတိုက်ဖို့နေနေသာသာ ရှိခိုးအရိုအသေကိုပင် မပြုခဲ့ကြပေ။ အတ္တနှင့်မာန ပေါင်းစပ်လိုက်သည့်အခါ လူသတ္တ၀ါတို့၏ စိတ်သည် ကြောက်မက်ဖွယ်ကောင်းလေစွ။ အပြန်လမ်း၌ ဦးဇင်းလေးဝိမလသည် စကားအနည်းငယ်မျှမဆိုဘဲ ရေငုံနှုတ်ပိတ်ဖြစ်နေလေ၏။ ထိုရွာဘုန်းတော်ကြီးကျောင်း၌ တစ်ညကျိန်းစက်ပြီး နောက်တစ်နေ့မနက် စောစောထကာ မိမိတို့ဇာတိရပ်ရွာသို့ ပြန်ခဲ့ကြလေတော့၏။ အခြေနှစ်ချောင်းကို အကယ်ကောင်းခဲ့သည့် ဦးဇင်းလေးဝိမလသည် ဘ၀မှာ မကြုံကြိုက်ခဲ့ဖူးသည့် ပြဿနာကြီးနှင့် ကြုံခဲ့ရလေပြီ။ စိတ်ဓါတ်များ ကျခဲ့ရလေပြီ။ လူ့သဘောများကို အံသြခဲ့ရလေပြီ။ တည်ကြည်နေသည့် သူ၏စိတ်အစဉ်ကို အေးခင်၏ မိသားစုများက ရိုက်ချိုးဖျက်ဆီးပစ်လိုက်ကြလေပြီတည်း။
သာသနာတော်ကို ကြည်ညို အားကိုးကြသည့် မိသားစုပင်ဖြစ်လင့်ကစား မိမိတို့၏ မိသားစုအရေးနှင့်ပတ်သက်လာလျှင် သာသနာ့မျက်နှာ၊ ကျေးဇူးရှင်မျက်နှာ၊ ပတ်ဝန်းကျင် မျက်နှာကို အလေးဂရုမပြုကြတော့ဘဲ ဆင်ကန်းတောတိုးသကဲ့သို့ ထင်ရာမြင်ရာကိုသာ ပြုလုပ်တတ်ကြသည့် လူ့အတ္တ လူ့မာနတို့ကို သင်ခန်းစာယူရင်း ဤပို့စ်ကို ရေးသားလိုက်ရခြင်းပင်ဖြစ်ပေတော့သည်။ ။
စာကြွင်း။
နောက်ဆုံးကြားသိရသည်မှာ အေးခင်သည် ထိုကောင်လေးနှင့်ပင် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရနေပြီဖြစ်ကြောင်း၊ သူ၏ လင်ယောက်ျား၊ သူ၏ မိဘများနှင့်အတူ ဦးဇင်းလေးဝိမလထံ လာရောက်ပြီး တရှုပ်ရှုပ်ငိုကြွေးကာ သူတို့အမှားများကို ခွင့်လွတ်ပေးစေလိုကြောင်း၊ သမီးအပူမိပြီး ကြမ်းတမ်းစွာ ပြောမှားဆိုမှား ရှိခဲ့သည်များကို တောင်းပန်ကြောင်း၊ နောက်နောင်ကိုလဲ ဦးဇင်းလေးဝိမလနှင့် မိသားစုကဲ့သို့ပင် ချစ်ချစ်ခင်ခင်နေချင်ကြောင်း၊ ထိုအကြောင်းများကို အင်္ဂါမောင်အားလည်း ရှင်းပြပေးစေလိုကြောင်းစသဖြင့် ဦးဇင်းလေးဝိမလအား လာရောက်အသနားခံကြောင်း သိရှိရလေသည်။ ဦးဇင်းလေးဝိမလသည်လည်း နားလည်စွာ ခေါင်းညိတ်လက်ခံလိုက်သည်ဟူသတတ်။ ။
..
No comments:
Post a Comment