Thursday 4 June 2009

ပညာတော်သင်

အဲဒီနေ့က ထူးထူးခြားခြား နှင်းတွေဝေနေသည်။
နှင်းမြူတို့ဖြင့်ဖုန်းလွှမ်းထားသည့် စွယ်တော်မြတ်စေတီမှ လွင့်ပျံလာသည့် ဆည်းလည်းသံလေးတွေက နားဝင်ပီယံ ဖြစ်လှသည်။ ညီညာစွာ စိုက်ပျိုးထားသည့် ရေတမာပင်ထက်မှ စာကလေးမြည်သံ၊ အဝေးဆီမှ ချိုးငှက်ကူသံ၊ ဥသြတွန်သံ၊ ခိုညီးသံတို့ဖြင့် စတင်လိုက်သည့် နေ့သစ်ကလေးသည် လွန်စွာမှ ကြည်နူးဖွယ် ဖြစ်နေသည်။

လေပြေလေညှင်းလေးတွေ ဆော့ကစားမှုကြောင့် အဆောင်ဘေးရှိ ဗောဓိပင်ပျိုထက်မှ အရွက်အချင်းချင်း ထိခိုက်သံ တရှဲရှဲမြည်သံလေးက ရင်ထဲ တစ်မျိုးအေးမြစေသည်။ အခန်းဝ၌ချိတ်ဆွဲထားသည့် အလှဆင်ဆည်းလည်းသံလေးကလဲ တိတ်ဆိတ်မှုကို အခွင့်မပေးပေ။ တေးသံသာလျက်ပင်ရှိသည်။

မနက်ခင်းရဲ့  အေးမြမှုကို နှစ်သက်စွာ စားသုံးရင်း ကျွန်ုပ်စားကြည့်စားပွဲ၌ ထိုင်လိုက်သည်။ ၁၀ နာရီမှာ အတန်းတစ်တန်းဝင်ရမှာမို့ ကြိုတင်ပြင်ဆင်ဖို့ဖြစ်သည်။ အထောက်အကူပြုစာအုပ်တစ်အုပ်ကို စာအုပ်စင်မှ ဆွဲယူပြီး လှန်လောဖတ်ရှုနေခိုက်..

"အင်္ဂါမောင်ရေ.. သတင်းထူးပါတယ်။ မင်း နိုင်ငံခြားကို ပညာတော်သင်သွားရမယ်။
တကယ့်နိုင်ငံကြီးကို သွားရမှာ
"

အသိမိတ်ဆွေတစ်ယောက် အခန်းထဲလာရောက်ပြီး ဖောက်သည်ချခြင်းဖြစ်သည်။ ဤကဲ့သို့ သတင်းများကို မကြာခဏကြားရတတ်သည်။ လွန်ခဲ့သော သုံးနှစ်ခန့်ကလဲ ကျွန်ုပ်ကို ဂျပန်တက္ကသိုလ်တစ်ခုသို့ ပညာတော်သင်သွားဖို့ဆိုပြီး အသိလာပေးသေးသည်။ ထို့ကြောင့်ကျွန်ုပ် ဂျပန်စကားများကို ကြိုတင်လေ့လာခဲ့သည်။ သို့သော် ထိုအစီအစဉ်သည် နာရီများစွာ၏ ၀ါးမြိုမှုအောက် ၀င်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။

ယခု သတင်းသည်လည်း ယခင်အစီအစဉ်ကဲ့သို့ပင် များမကြာမီ မှေးမှိန်သွားလိမ့်မည်ဟု ကျွန်ုပ်ထင်ခဲ့သည်။ ထို့ကြောင့်လည်း ကျွန်ုပ် စိတ်လှုပ်ရှားမှုကင်းစွာဖြင့် အချိန်တွေကို ကျော်ဖြတ်ခဲ့သည်။ သို့သော်.. သို့သော် အိပ်မက်သည် အပြင်၌ လက်တွေ့ဖြစ်သွားခဲ့သည်။ အစည်းအဝေးမကြာမကြာခေါ်သည်။ နိုင်ငံခြား ပညာတော်သင်သွားဖို့ သေချာသွားပြီ။ ကျွန်ုပ်အပါအ၀င် ငါးပါးတိတိ ပညာတော်သင်သွားရမည်။

သွားရမည့်နိုင်ငံက အမေရိကား။ တက္ကသိုလ်က လော့စ်အိမ်ဂျလိမြို့ရှိ တက္ကသိုလ်တစ်ခု။ သွားရမည့်အချိန်က Camp နှစ်လပြီးရင် တစ်ခါတည်းသွားဖို့ဖြစ်သည်။ ဒီလောက်မြန်ဆန်ပြန်တော့လဲ ကျွန်ုပ် တစ်ခုခုကို ကြိုတင်လွမ်းဆွေးနေသယောင်ခံစားရသည်။ နိဗ္ဗာန်သွားရမှာတောင် အိမ်က မယားကို သွားတိုင်ပင်ချင်သေးသည့်သူလို ကျွန်ုပ်သည်လည်း အမေရိကားမသွားခင် အရပ်ပြန်ပြီး မိတ်ဆွေများကို နှုတ်ဆက်ချင်သေးသည်။

၂၀၀၇ ဇန်န၀ါရီလ ၂၂ ရက်နေ့၌ အင်္ဂလိပ်စာ အထူးသင်တန်းအဖြစ် Camp အစီအစဉ်ကို စတင်ခဲ့သည်။ ကမ္ဘာအေးကုန်းမြေ၌ သွားနေထိုင်ရသည်။ Toefl ကို သင်ပေးသည်။ သင်တန်းဆရာများမှာ
၁။ဒေါက်တာ တင်လှိုင်
၂။ဆရာမင်းသန်းသောင်း (အမ်အေ)
၃။ဒေါက်တာ လှမြင့်
၎။ဒေါက်တာ မြင့်လှိုင်
၅။ဒေါက်တာ ကျော်ဇောနိုင် တို့ဖြစ်ကြသည်။

မတ်လ ၃၁ မှာ အထူးသင်တန်းပြီးဆုံးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပြီးဆုံးချင်း နိုင်ငံခြားမထွက်ခဲ့ရပေ။ အမေရိကား အစီအစဉ်မှ အင်္ဂလန် အစီအစဉ်သို့လဲ ပြောင်းလဲခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်သည် အမေရိကားသို့ သွားဖို့ အိပ်မက်မက်ခွင့် မရှိတော့ပါ။

၂၀၀၇ ဒီဇင်ဘာနှစ်ဆယ်ရက်နေ့ ညနေခင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ TGလေယာဉ်ဖြင့် အင်္ဂလန်သို့ ထွက်ခွါလာခဲ့သည်။ ဘန်ကောက်၌ Transit လုပ်ရသည်။ နောက်တစ်နေ့ မနက် (အင်္ဂလန်စံတော်ချိန်) ၆နာရီခွဲ ခန့်လောက် လန်ဒန် Heathrow လေဆိပ်သို့ ရောက်သည်။ နေထိုင်ရမည့်ကျောင်းသို့ ၇ နာရီကျော်ကျော်၌ ရောက်ရှိသည်။ မနက်စာ အဆင်သင့်ပင်တည်း။

အိပ်မက်ပင် ထည့်၍မမက်ခဲ့ဖူးသည့် လန်ဒန်သို့ ကျွန်ုပ်ရောက်ရှိခဲ့ပြီ။ လန်ဒန်မြေ လန်ဒန်ရာသီဥတု လန်ဒန်သဘာဝတို့ကား ကျွန်ုပ်၏ စိတ်ကို လှုပ်နိုးနိုင်စွမ်းရှိလေယောင်သကား။ ရာသီဥတုကို တွန်းလှန်ပြီး လန်ဒန်မြေနှင့်သဟဇာတဖြစ်အောင် ကြိုးစားကာ ရည်မှန်းချက်ခရီးကို လျောက်လှမ်းရန် ကျွန်ုပ် အားထုတ်ရပေတော့မည်။

.....

No comments: