ရဟန်းဘ၀က တယ်မလွယ်လှဘူး။ အရာရာကို ထိန်းသိမ်းနေရတယ်။ ထိန်းသိမ်းနေရတာဆိုတာထက် ထိန်းချုပ်နေရတာ။ ရယ်ချင်ရင်လဲ ထိန်းချုပ်ရ၊ ငိုချင်ရင်လဲ ထိန်းချုပ်ရနဲ့။ ရဟန်းဆိုပေမဲ့ ပုထုဇဉ်ဘဲ ဆိုတော့ လူတွေနဲ့ ကွာတာဆိုလို့ သိက္ခာပုဒ်ထိန်းသိမ်းရတာ၊ စာပေလေ့လာနေရတာ၊ တစ်နေ့ကို ဆွမ်းနှစ်ထပ်ဘဲ စားရတာ၊ အလျဉ်းသင့်သလို တရားဘာဝနာ ပွါးများအားထုတ်တာ။ ဒါတွေဘဲ ကွာခြားတာ မဟုတ်လား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျန်တဲ့ စိတ်အခြေအနေက ပုထုဇဉ်ပီပီ
(အရိယာဖြစ်ပြီးသူများနှင့် တည်ကြည်မှုပြည့်ဝပြီးတဲ့သူများကို မရွယ်ရည်ပါ) ရယ်စရာတွေ့ရင် ရယ်ချင်မယ်။ ၀မ်းနည်းစရာရှိရင် ၀မ်းနည်းမယ်။ ယုတ်စွအဆုံး ငိုစရာ ရှိရင်တောင် မျက်ရည်ကို ကွယ်ရာမှာ တိုးတိုးတိတ်တိတ် ကျရရှာတဲ့ ဘ၀တွေလေ။
မှတ်မိသေးတယ်။ စာရေးသူနေခဲ့တဲ့ မြို့တစ်မြို့မှာ အသုဘ တစ်ခုဖြစ်တယ်။ အသုဘက ကလေးအသုဘပါ။ မိန်းခလေးငယ်ငယ်လေးဘဲ ရှိသေးတယ်။ ရှိလှမှ ခြောက်နှစ် ခုနစ်အရွယ်ပေါ့။ မွေးထားတာကလဲ တစ်ဦးတည်းသော သမီးဆိုတော့ မိဘတွေ ရင်ကွဲကြရောပေါ့။ အဆိုးဆုံးက မိခင်ဖြစ်သူပါ။ ဖခင်ဖြစ်သူဖြစ်သူက အတတ်နိုင်ဆုံး ထိန်းချုပ်နေပေမဲ့ မိခင်ဖြစ်သူကတော့ မိန်းမသားပီပီ အရူးတစ်ပိုင်းပေါ့။ စာရေးသူတို့က အဲဒီအသုဘအခမ်းအနားတက်ဖို့ သုဿာန်သွားပြီး အသုဘကမ္မဋ္ဌာန်းစီးဖြန်းရတာပေါ့။ သံဃာတွေ အများကြီးပါ။ အားလုံး အပါး သုံးဆယ်လောက်တော့ ရှိမယ်။ တရားမနာခင် တရားနာရအောင်ဆိုပြီး သူ့သမီးနာမည်ကိုလဲ ခေါ်လိုက်ရော ငိုလိုက်တာ မပြောပါနဲ့တော့။ ငိုယုံဆို တော်သေးတယ်။ ပိုဆိုးတာက သူ့သမီးနာမည်ကို ခဏခဏ ရေရွတ်ပြီး သူ့သမီးရဲ့ ဇာတ်ကြောင်းတွေ ပြောလိုက် ငိုလိုက်နဲ့။ သုဿာန်ထဲမှာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်ထုတ်တစ်ခုကို ကြည့်ရှုနားထောင်နေရသလိုမျိုး ဖြစ်နေတော့တာဘဲ။ အပြောကလဲ ဆွေးမြေ့စရာကောင်း ငိုသံကလဲ လုံးဝကြေကွဲသံ ပေါက်နေလေတော့ ကြွရောက်လာကြတဲ့ ပရိသတ်တွေလဲ မျက်ရည်တလည်လည် ရဟန်းသံဃာတွေကလဲ မျက်တောင် တစ်ခပ်ခပ်နဲ့ပေါ့။ ကျန်တဲ့ သံဃာတော်တွေတော့ မသိဘူး။ စာရေးသူကတော့ အဲဒီလိုမျိုးဆို ၀မ်းနည်းတတ်တဲ့ အကျင့်က ရှိလေတော့ ပရိတ်တရားရွတ်ဖတ်တဲ့အခါ အသံက မသိမသာ ခပ်တုန်တုန် ဖြစ်နေလေတော့ရဲ့။ အသံကို မနည်းထိန်းပြီး ရွတ်ဆိုခဲ့ရပါတော့လား။
.....
ငိုစရာပြီးတော့ ရယ်စရာလေးတွေ ပြောရဦးမယ်။ ရဟန်းဘ၀ အခက်အခဲဆိုတာကလဲ ရဟန်းကိုယ်တိုင် ပြောပြမှ သိကြမှာ မဟုတ်လား။ ဟိုတုန်းကတော့ ကိုယ်တိုင်ပြောပြရင်လဲ ကိုယ်နဲ့နီးစပ်ရာ ပတ်ဝန်းကျင်လောက်က လူတွေဘဲ သိကြမှာလေ။ အခုတော့ အတွေ့အကြုံလေးရေးလိုက် ဘလော့ပေါ်တင်လိုက် ကမ္ဘာတစ်ဝှမ်းက ဖတ်ချင်သူတွေက ဖတ်လိုက်နဲ့ ဆိုရှယ်နက်ဝါ့က်ဆိုတာကြီးက တယ် အသုံးဝင်လှသကိုး။ ဟုတ်တဲ့သတင်းလဲ အွန်လိုင်းပေါ်ရောက် မဟုတ်တဲ့ အတင်းလဲ အွန်လိုင်းပေါ်ရောက်နဲ့။ အသုံးဝင်ရာတွေကိုဘဲ ရွေးယူကြရုံပေါ့။ ဒီတော့ ပြောချင်တဲ့ စကားကို တစ်ခွန်းထဲသာ ပြောလိုက်။ မိနစ်ပိုင်းအတွင်း ကမ္ဘာနှံ့သွားရော။ ကောင်းပါလေ့။ အင်း... ရေးရင်းနဲ့ ဘယ်ရောက်ကုန်ပါလိမ့်။ အနုသန္ဓေ ပြန်စပ်ဦးမှ။ အမှန်က ရယ်ချင်ရက်သားနဲ့ ထိန်းသိမ်းခဲ့ရပုံလေးတွေပြောပြချင်တာပါ။
စာရေးသူ ကိုရင်ပေါက်စဘ၀တုန်းက တောရွာထုံးတန်းစဉ်လာလေးတွေအရ စာရေးသူနေထိုင်တဲ့ ရွာမှာလဲ နှစ်စဉ် တော်သလင်းလတိုင်း စာရေးတံ ဆွမ်း ကပ်လှူလေ့ရှိကြတယ်လေ။ စာရေးတံဆွမ်းဆိုတာ အားလုံးသိပြီးကြတဲ့အတိုင်းပါဘဲ။ မိမိတတ်နိုင်သလောက် ကိုယ့်အိမ်ကို သံဃာတစ်ပါး သို့မဟုတ် နှစ်ပါး သို့မဟုတ် သုံးပါးစသည် ပင့်ကြလေ့ရှိတယ်။ ဘယ်သံဃာက ဘယ်အိမ်ကိုကြွဆိုပြီးတော့တော့ ကြိုတင်ခွဲဝေ မထားကြဘူး။ မဲစနစ်နဲ့ဘဲ ခွဲဝေလေ့ရှိကြတယ်။ ရဟန်းတစ်ပါး သို့မဟုတ် ကိုရင်တစ်ပါးရဲ့ ဘွဲ့နာမည်ကို စာရွက်ကလေးနဲ့ရေး ပြီးတော့ အလိပ်လိပ် ပြီးတော့ ငွေဖလားကြီးထဲထည့်ပေါ့။ အဲဒါပြီးရင် မိမိအိမ်က ကြိုတင်လျှောက်တောင်းထားတဲ့အတိုင်း သုံးပါးလိုချင်တဲ့သူက ငွေဖလားကြီးထဲက မဲလိပ် သုံးလိပ်နှိုက်၊ နှစ်ပါးလိုချင်တဲ့သူက နှစ်လိပ်နှိုက်၊ တစ်ပါးဘဲ လိုချင်တဲ့သူက တစ်လိပ် နှိုက်ယူပေါ့။ မိမိရတဲ့ မဲလိပ်ထဲက နာမည်အတိုင်း သံဃာတွေကို မိမိအိမ်ကို ပင့်ဖိတ်သွားပြီး ဆွမ်းကွမ်းဝေယျာဝစ္စ ပြုလုပ် လှူဒါန်းပြီး ပရိတ်တရားစသည် နာကြားကြတာပေါ့။
ဖြစ်ချင်တော့ စာရေးသူက အိမ်တစ်အိမ်ကို သူငယ်ချင်းနှစ်ပါးနှင့်အတူ မဲကျသွားတယ်။ ကိုရင်အောင်ပုရယ် ကိုရင်တင်ထွန်းရယ်ပေါ့။ စာရေးသူ အပါအ၀င်ဆို စုစုပေါင်း သုံးပါး။ သူငယ်ချင်းအချင်းချင်းတွေဆိုတော့ အသက်ကလဲ တစ်နှစ်ကြီးတစ်နှစ်ငယ်လောက်ဘဲ ရှိမယ်။ အဲဒီအချိန်တုန်းက ရှိလှမှ အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်ပေါ့။ ပျော်လို့ကောင်းတုန်း ဆော့လို့ကောင်းတုန်း ရယ်လို့ကောင်းတုန်း အသက်အရွယ်လေးတွေ မဟုတ်လား။ ကိုရင်ဘ၀နဲ့ နေရတာဆိုပေမဲ့လဲ အသက်က ငယ်သေးတော့ စာဖတ်စာအံတာထက် ကစားရတာ ဆော့ရတာကို ပိုခုံမင်နေတဲ့အချိန်လေ။ အဲဒါနဲ့... အဲဒီ ပင့်ဖိတ်လာတဲ့ ဒကာအိမ်ကို သုံးပါးအတူတူ သင်္ကန်းလေး ကပိုကရိုဝတ်ရုံပြီး ကြွသွားကြတာပေါ့။
အိမ်ရောက်တော့ အိမ်သားတွေ စုံစုံလင်လင် ဆွမ်းကပ်တယ်။ န၀ကမ္မလေးတွေ ကပ်လှူတယ်။ သီလယူတယ်။ အဲဒီအထိ အဆင်ပြေနေတုန်းဘဲ။ အဲဒါပြီးတော့ ပရိတ်ရွတ်ဖတ်ရမဲ့ အလှည့်ရောက်လာရော။ အားလုံးက ကိုရင်လေးတွေဆိုပေမဲ့ ဘုန်းတော်ကြီးကျောင်းတွေရဲ့ ပညာရေးကောင်းမွန်မှုကြောင့် ပရိတ်ကြီး ၁၁ သုတ်ကိုတော့ ဖင်ပြန်ခေါင်းပြန် အာဂုံရပြီးသားပါ။ ဒါပေမဲ့ ဘာက ထဖောက်လာသလဲဆိုတော့ ကိုရင်အောင်ပုရဲ့ ပါးစပ်ဘေးနားမှာ ထမင်းစေ့လေး ကပ်နေတာကို ကိုရင်တင်ထွန်းက မြင်သွားတယ်။ ပြီးတော့ စာရေးသူကို လက်ကုတ်ပြီး မေးငေါ့ပြတယ်။ ဘာရယ်လို့တော့ မဟုတ်ဘူး။ ကလေးအရွယ်တွေဆိုတော့ စာရေးသူနဲ့ ကိုရင်တင်ထွန်းနဲ့ ပြိုင်တူ ခွိကနဲ ဖြစ်သွားကြတယ်။ ပြီးတော့ ကိုရင်အောင်ပုကို အနားကပ်ပြီး ပါးစပ်ဘယ်ဘက်ဘေးနားမှာ ထမင်းလုံးလေး ကပ်နေတယ်လို့ တိုးတိုးလေး ပြောလိုက်တယ်။ ကိုရင်အောင်ပုလဲ ထမင်းလုံးလေးကို အသာလေး လက်နဲ့ ပွတ်ချလိုက်တယ်။ ဒါဆို ပွဲက ပြီးရမှာ။ ဒါပေမဲ့ ဘယ်လိုက ဘယ်လို ရယ်ကြောပေါက်သွားကြတယ် မသိဘူး။ ပရိတ်ရွတ်ရင်းနဲ့... သမန္တာ စက္က၀ါဠေသု.... ခွိ ခွိ ခွိ.... အတြာဂစ္ဆန္တု ဒေ၀တာ... ခွီး ခွီး ခွီး... သဒ္ဓမ္မံ မုနိရာဇဿ... အ ဟိ ဟိ... ဖြစ်နေကြတော့တာဘဲ။ သုံးပါးလုံး ပေါင်းရွတ်ပေမဲ့ သုံးပါးလုံးက ထိန်းချုပ်ရွတ်လိုက် တခွိခွိ အသံထွက်လာလိုက် အသံကျယ်လာလိုက် တိမ်ဝင်သွားလိုက်နဲ့ ဘယ်လို နေရမှန်းတောင် မသိတော့ဘူး။ ရယ်ချင်တာကို ထိန်းချုပ်ထားပြီး မအောင့်နိုင်တော့လို့ ထွက်လာကျလာတဲ့အသံကိုက ရယ်စရာတစ်ခုဖြစ်နေပြန်တယ်။ အဲဒီတော့ တစ်ယောက်က အောင့်အီးထိန်းချုပ်ပြီး ဆက်ရွတ်လိုက် တစ်ယောက်က ခွိကနဲ လုပ်လိုက်ပေါ့။ အဲဒီလိုဖြစ်နေတော့ ကျန်တဲ့ သူတွေကလဲ မအောင့်နိုင်ပြန်တော့ဘူး တခွိခွိ ပြန်ဖြစ်သွားရောပေါ့။
အဲဒီလို ရွတ်ရင်းနဲ့... မေတ္တသုတ် ရောက်လာတယ်။ ကရဏီယမတ္ထကုသလေန... ဟီး ဟီး ဟီး... ယန္တသန္တံ... ခွီးခွီးခွီး... ထိန်းချုပ်ရတာများလာတော့ မျက်ရည်တွေတောင် ထွက်ကျလာတယ်။ ရှေ့တည့်တည့်မှာက ပရိတ်တရားနာယူနေကြတဲ့ အိမ်ရှင်မိသားစု အစုံအလင်ရယ်။ ဒီတော့ အိမ်ရှင် ဒကာလုပ်တဲ့သူက... ကဲ.. ကိုရင်တို့... အဆင်မပြေရင်လဲ ပရိတ်ကို ဆက်မရွတ်ကြပါနဲ့တော့ဘုရား... တပည့်တော် ရေစက်ဘဲ ချလိုက်ပါတော့မယ်ဘုရားတဲ့။ စာရေးသူတို့ အရပ်ဘက်မှာက ရေစက်ချတာကို ဒကာဒကာမတွေက လုပ်ကြတာလေ။ ဒကာဒကာမ အတော်များများ ရေစက်ချအမျှဝေခန်းကို ကျက်မှတ်ထားလေ့ရှိကြတယ်လေ။ အိမ်ရှင်ဒကာက အဲဒီလို လျောက်လိုက်တော့မှဘဲ စာရေးသူတို့ နဲနဲ ထိန်းချုပ်လာနိုင်တော့တယ်။ ဒါတောင် ကိုရင်အောင်ပုနဲ့ ကိုရင်တင်ထွန်းတို့ဆီက ရယ်သံနဲနဲ ထွက်လာသေးတယ်။ အဲဒါနဲ့... သူတို့ကို ပရိတ်မရွတ်ဘဲ အသာလေးနေဖို့ ပြောပြီး စာရေးသူကဘဲ ပရိတ်တရားကို ပြီးသည်အထိ ရွတ်ဖတ်ပေးခဲ့ရတယ်။ ဒီအဖြစ်အပျက်ကလေးတွေဟာ မထူးဆန်းပေမဲ့ အမှတ်ရစရာတော့ အမြဲဖြစ်ကျန်ရစ်ခဲ့တယ်။ အခုဆို ကိုရင်အောင်ပုတို့ ကိုရင်တင်ထွန်းတို့လဲ သားနဲ့မယားနဲ့ ကလေးတွဲလွဲတွေ ဖြစ်နေကြကုန်ရောပေါ့။
နောက်တစ်ခု...။ အင်း....တစ်ခု မကပါဘူး။ အတွေ့အကြုံတွေက အများသားရယ်။ အတွေ့အကြုံများဆို ရဟန်းသက်ကလဲ အတော်လေး ရလာပြီကိုး။ အဲဒီ အတွေ့အကြုံတွေထဲက လန်ဒန်ရောက်ပြီး တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခု ပြောပြရဦးမယ်။ လန်ဒန်ရောက်လာတာ လေးငါးနှစ်လောက်တော့ ရှိပါပြီ။ ဒါပေမဲ့ ကိုယ့်ထက် အသက်သိက္ခာ ကြီးတဲ့ သူတွေနဲ့ နေရတာဆိုတော့ တရားဟော ရေစက်ချအလုပ်ကို မလုပ်ဖြစ်သလောက်ပါဘဲ။ စီနီယာတွေကဘဲ လုပ်လေ့လုပ်ထရှိကြတယ်လေ။ ရဟန်းလောကရဲ့ ကျင့်ထုံးတစ်ခုလို့ ပြောရင်လဲ ရပါတယ်။ ပိဋကတ် စာထဲမှာတောင်မှ... မထေရ်ကြီးက တရားဟောခြင်း၊ မထေရ်ကြီးက တိုက်တွန်း၍ဟောခြင်း... ဆိုပြီးတော့ ဆိုထားတယ် မဟုတ်လား။ စာရေးသူလဲ တရားဟောတဲ့အလုပ်ကို အရမ်းဝါသနာမပါတာနဲ့ ဟန်ကျလို့ပေါ့။ ဒါပေမဲ့ ရဟန်းဘ၀နဲ့နေရင်တော့ တစ်နေ့နေ့ တစ်ကွေ့ကွေ့ ဒီတာဝန်တွေကို ထမ်းဆောင်ရဦးမှာ မဟုတ်လား။ အမှန်ပြောရရင် ကိုရင်ပေါက်စ ဘ၀ကထဲက ကိုယ့်ထက် အသက်ကြီးတဲ့ ကိုရင် ရဟန်းတွေနဲ့ ပေါင်းလာတာဆိုတော့ သူငယ်ချင်းတွေထဲမှာ စာရေးသူက အငယ်ဆုံးပါဘဲ။ ဒီတော့ အဲဒီ တရားဟောတဲ့အလုပ်ကို ခေါင်းရှောင်လို့ ကောင်းခဲ့တာပေါ့။
အခုတော့ အဲဒီတစ်ကွေ့ကွေ့ဆိုတာကြီးကို ထိပ်တိုက် တွေ့ရပါရောလား။ တရားမဟောလို့ မရတဲ့ အခြေအနေဖြစ်လာလို့လေ။ ကိုယ့်ထက်ကြီးတဲ့ စီနီယာတွေက သင့်တော်တဲ့ နေရာတွေကို အသီးသီး ကြွသွားကြလေတော့ အဲဒီတရားဟော ရေစက်ချ တာဝန်ကြီးဟာ စာရေးသူ ခေါင်းပေါ် ရောက်လာပါရောလား။ တရားဟောဆိုပေမဲ့ ဟိုလို တရားပွဲကြီးတွေ မဟုတ်ပါဘူး။ ဆွမ်းစားကွမ်းစားနဲ့ တစ်ခြားအရေးအကြောင်းလေးတွေမှာဘဲ ဟောရတာပါ။ ဒီတော့ တရားလေးတွေ ကျက်မှတ် ရေစက်ချတွေကို အလွတ်ကျက်နဲ့ မလျှောက်တတ်လျှောက်တတ် လျှောက်လာလိုက်တာ အခုထက်ထိ ထော့ကျိုးထော့ကျိုးပါဘဲ။ အဲဒီ တာဝန်ယူပြီး တစ်နှစ်အတွင်းမှာဘဲ အတွေ့အကြုံတွေ အတော်များများ ရခဲ့တယ်။
တစ်နေ့မှာ မိသားစုတစ်စု နေ့ဆွမ်းလာကပ်ကြတယ်။ မွေးနေ့ဆွမ်းပါ။ အဖေရယ် အမေရယ် သမီးပေါက်စရယ်။ စုစုပေါင်း သုံးယောက်ထဲပါ။ သမီးပေါက်စက အသက် ၅ နှစ်လောက်ဘဲ ရှိဦးမယ်။ ထုံးစံအတိုင်း သီလပေး ပရိတ်ရွတ် တရားစကားနဲနဲပြော ပြီးတော့ ရေစက်ချပေါ့။ ရှေ့ပိုင်းတွေမှာ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ ရေစက်ချတဲ့ အပိုင်းရောက်လာတော့ အမှတ်မထင် သမီးအငယ်လေးက လေလည်လိုက်တယ်။ လေလည်သံကလဲ နဲနဲကျယ်လေတော့ အားလုံး အတိုင်းသား ကြားရပါတယ်။ အဲဒီမှာ အဖေဖြစ်တဲ့သူက တခိခိရယ်တယ်။ သမီးလေးကလဲ ရှက်ကိုးရှက်ကန်း ဖြစ်ဟန်တူပါရဲ့။ သူ့အဖေကို ဆိတ်ဆွဲဆွဲနေတာ တွေ့ရတယ်။ ဒါပေမဲ့ အဖေလုပ်သူလဲ ရယ်ကြောပေါက်သွားလို့ ထင်ပါရဲ့။ ဘယ်လိုမှ ထိန်းမရတော့ဘူး။ သူ့သမီးလေးကို လက်ဆွဲပြီး တရားနာတဲ့ အခန်းထဲက ထွက်သွားပါလေရော။ အဲဒီတော့ အမေလုပ်သူတစ်ယောက်ထဲနဲ့ဘဲ ရေစက်ချကို အဆုံးသတ်လိုက်ရတယ်။ တော်ပါသေးရဲ့။ အမေကိုယ်တိုင်ပါ ထရယ်နေရင် တရားနာ ပရိသတ် တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ တရားဟောတဲ့ သူကလဲ ငယ်ငယ်တုန်းကထဲက ရယ်သွေးရယ်မာန် ရှိလာခဲ့တာဆိုတော့ တရားဟောသူနှင့် တရားနာသူတွေ တခိခိဖြစ်နေကြရင် မခက်လား။
နောက်တစ်ခုရှိသေးတယ်။ အဲဒါလဲ ရေစက်ချပေးတဲ့ အချိန်မှာ ပြဿနာပေါ်တာဘဲ။ နေ့ဆွမ်းလာကပ်ကြတဲ့ စုံတွဲတစ်တွဲပါ။ အင်း... ရေးသာရေးနေရတယ်။ ဒီစာကို သူတို့ ဖတ်မိရင် သူတို့ကို ဖောက်သည်ချရကောင်းလားဆိုပြီး ကျောင်းဆွမ်းလာမကပ်တော့ရင်တော့ ဒုက္ခ။း) ဒါပေမဲ့ ရဟန်းဘ၀မှာ ကြုံတွေ့လေ့ရှိတဲ့ တစ်ချို့ကိစ္စလေးတွေကို မျှဝေပေးချင်တဲ့ စာရေးသူရဲ့ ဆန္ဒကို သူတို့ သိရင် နားလည်မှု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ သူတို့ နာမည်ကိုလဲ ထည့်မရေးထားဘူးလေ။ ကဲ ရှိစေတော့။ ဆက်ကြဦးစို့ရဲ့။ အဲဒီ စုံတွဲလဲ သီလပေး ပရိတ်တရားနာ အားလုံး အိုကေပါဘဲ။ ရေစက်ချအပိုင်း ရောက်လာတော့ ဒူးတုပ် လက်အုပ်ချီပြီး စာရေးသူ ရှေ့က တိုင်ပေးတဲ့ ရေစက်ချကို လိုက်ဆိုကြတာပေါ့။ သူတို့က ရေစက်ချကို အတိုလေး ပြီးမယ်လို့ ထင်ထားပုံရတယ်။ ဒါကြောင့် ဒူးတုပ်ပြီး ရေစက်ချကို လိုက်ဆိုနေတာ ဖြစ်မယ်။ ဒူးတုပ်တာက ခြေထောက်ကို တစ်ကိုယ်လုံး ဖိထိုင်ထားသလို ဖြစ်နေတာ မဟုတ်လား။ ဒီတော့ သူတို့ ခြေကျင်ပေမပေါ့။ ရေစက်ချက အတော်လေး ရှည်လာတော့ သူတို့ထဲက ယောက်ျားလုပ်တဲ့သူက တောင့်ခံနိုင်ပုံမရတော့ဘူး။ ခန္ဓာကိုယ် လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် ရေစက်ချ စာပိုဒ်ထဲက.... သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော... ဆိုတဲ့ အပိုဒ်လဲ ရောက်ရော ယောက်ျားလုပ်သူက သူခြေကျင်လာတာ ဘယ်လိုမှ မထိန်းနိုင်တော့လို့ ခန္ဓာကိုယ်ကို တစ်ဘက်လည်ထိုင်လိုက်တာကို တွေ့ရတယ်။ ရေစက်ချစာပိုဒ်ထဲက ...ကျင်လည်ကြကုန်သော... ဆိုတဲ့ အပိုဒ်နဲ့ သူ့ခြေကျင်ပြီး လည်ထိုင်လိုက်တာနဲ့ ကွက်တိဖြစ်နေတာကိုက ရယ်ချင်စရာကြီးမဟုတ်လား။ တိုက်ဆိုင်ပုံပြောပါတယ်။ ကျင်လည်တာခြင်းတူပေမဲ့ ရေစက်ချစာပိုဒ်ထဲက ကျင်လည်တာက သံသရာမှာ ကျင်လည်တာ။ သူ ကျင်လည်တာက ခြေကျင်ပြီး လည်ထိုင်လိုက်တာလေ။ နဲနဲတောင် ရယ်မိတော့မလို့ မနည်းထိန်းချုပ်ပြီး ရေစက်ချကို အမြန်အဆုံးသတ်လိုက်ရတယ်။
ပုထုဇဉ်မှန်ရင်တော့ ရယ်မောကြမှာပါဘဲလေ။ မြတ်ဗုဒ္ဓတောင်မှ အကြောင်းတိုက်ဆိုင်ရင်ပြုံးသေးတာ မဟုတ်လား။ ဘုရားရှင်က ပြုံးလိုက် ရှင်အာနန္ဒာက ဘာဖြစ်လို့ ပြုံးတာလဲ မေးလိုက် ဘုရားရှင်က အတိတ်ဇာတ်ကြောင်းဟောလိုက်နဲ့ အတော်လေး အထာကျခဲ့တယ်။ ဘုရားရှင်က ပြိတ္တာကို တွေ့ရင်လဲ ပြုံးလိုက်တာဘဲ။ တီထွေးကိုမြင်လဲ ပြုံးလိုက်တာဘဲ။ ပြုံးဆို အတိတ်အကြောင်း ဆောင်ယူလိုတဲ့ ဆန္ဒ ရှိနေတာကိုး။ ဒါပေမဲ့ ဘုရားရှင် ပြုံးတော်မူတာက စဉ်းငယ်သွားပေါ်ရုံပြုံးတာ၊ ပြီးတော့ ကုသိုလ်အကုသိုလ်က အလွတ်ဖြစ်တဲ့ ကိရိယာစိတ်နဲ့ ပြုံးတာလေ။ စာရေးသူတို့ကျတော့ ပြုံးရုံတင် မကတော့ဘူး။ တခွိခွိ တဟားဟား ဖြစ်ကြကုန်ရော။ တခွီးခွီး တဟားဟား ဖြစ်တာက ကိစ္စမဟုတ်ဘူး။ တော်ကြာ ကင်မရာတွေက ပေါမှပေါပါဘိသနဲ့။ အဲဒီလို ရယ်မောနေတဲ့ ပုံတွေများ အွန်လိုင်းပေါ်ရောက်သွားရင် မသင့်တော်ဘူးမဟုတ်လား။
ဒီတော့ ရဟန်းဘ၀ဆိုတော့ သာရေးနာရေး စတဲ့ ပွဲတွေ ရှောင်လွဲလို့ မရနိုင်ပါဘူး။ တစ်ကွေ့ကွေ့မှာ ကြုံကြရဦးမှာပါ။ အဲဒီလို ကြုံကြိုက်လာတဲ့အခါ မှင်သေသေ ငိုခြင်းရယ်ခြင်းကင်းသောမျက်လုံးနဲ့ နေနိုင်ဖို့ ကြိုးစားရဦးမှာပါဘဲ။ (စာဖတ်သူများ အနေဖြင့်လဲ) ရယ်ခြင်းငိုခြင်းကို မထိန်းနိုင်လို့ တရားပေးရင်း တခွိခွိဖြစ်နေတဲ့ ရဟန်းတစ်ပါးကို တွေ့မြင်ရရင်လဲ နားလည်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ရဟန်းဘ၀အတွေ့အကြုံတစ်စိပ်တစ်ဒေသကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရကြောင်းပါ။ ။
***Photo
From
here by courtesy of Google Search