ယူကေရောက်လာတာ ဆယ်စုနှစ် တစ်ဝက်ကျိုးခဲ့လေပြီ။ နှစ်ပေါင်း ၅၀ ကျော်ကျော် ကြံ့ကြံခံနေခဲ့တဲ့ အမိ မြန်မာနိုင်ငံကြီးလဲ သုံးလေးနှစ်အတွင်း အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲလာလေပြီ။ ရထားတစ်တန်ကားတစ်တန်ဖြင့် ခက်ခဲပင်ပန်းကြီးစွာ သွားလာရသော မွေးရပ်ဇာတိသို့လည်း လေအိတ်ကားကြီးတွေ နေ့စဉ် ရှိနေပြီတဲ့။
ငယ်စဉ်ကထဲက ရှေ့သို့သာ ချီတက်လာသည့် ခြေလှမ်းတို့သည်လည်း ချီတက်နေဆဲ။ ကလေးဘ၀ ရှစ်နှစ်သားဘ၀ကထဲက ရွာနဲ့ခွဲပြီး အခြားသောရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၌ နေထိုင်ခဲ့သည်။ ဆယ်နှစ်သား၌ သင်္ကန်းဝတ်သည်။ ၁၃ နှစ်သားအရွယ်တွင် မြို့ပေါ်သို့ စာသင်ထွက်သည်။ အသက် ၂၀ မန္တလေး ရောက်သည်။ အသက် ၂၈ ရန်ကုန်ရောက်သည်။ အခု ဘိလပ်မြေ၌ ကျင်လည်နေရသည်မှာ ၆ နှစ် ပြည့်တင်းခဲ့လေပြီ။
သံယောဇဉ်အရှိလွန်ပြီး သံယောဇဉ်မဲ့သွားသည့် စိတ်အစဉ်တို့ကလည်း အမိမြေသို့ အလည်သွားဖို့ မလှုံ့ဆော်။ အားနာတတ်သည့် စိတ်ဓါတ်က လူအများနဲ့ အံမ၀င်သည့်အတွက် တစ်ယောက်ထဲ အေးအေး နေထိုင်ခြင်းကို သာလွန်နှစ်သက်သည်။ အသိမိတ်ဆွေများနဲ့ အင်တာနက်ကတဆင့် ဖိုင်းလိုင်းမှတဆင့် ရုပ်ကြည့် စကားပြောရတာနဲ့တင် အလွမ်းတွေအတွက် ဆေးစွမ်းက လုံလောက်နေပြီ။ ထို့ကြောင့် ၆ နှစ်လုံးလုံး အမိမြေသို့ အလည်အပတ် မရောက်ဖြစ်ခဲ့။ မလွမ်းဘူးလား လွမ်းသလားဆိုပြန်ရင်လဲ အဖြေက မရှိ။
ဒီ ၆ နှစ်အတွင်း သိမ်ထပ်ဒကာဆုံးသည်။ ရဟန်းဒကာမ ကွယ်လွန်သည်။ ဆရာသမား သုံးပါး ပျံလွန်သည်။ မထင်မရှား အသိမိတ်ဆွေ ဆွေမျိုးအချို့လည်း လောကကြီးက ထွက်ခွါသွားကြသည်။ ညီမ၀မ်းကွဲတွေ တူတွေ အိမ်ထောင်ကျကြသည်။ ကလေးတွေ မွေးကြသည်။ ထိုစဉ်က အရွယ်မရောက်ကြသေးသည့် တူ တူမများလည်း လူပျိုကြီးကျားကျား အပျိုကြီးဖားဖား။
တီခေါင်ဝေးလွန်းသည့် ဇာတိချက်မြှုပ်ရွာသည်လည်း အိပ်မက်ပင် မမက်ထားခဲ့သည့် တယ်လီဖုန်းများ လျပ်စစ်မီးများဖြင့် တောကြိုတောကြားထဲ လသာနေသည်။ အိမ်တိုင်းစေ့ တီဗီ ဒီဗီဒီ ပလေယာများဖြင့် ညဥ့်နက်သည်အထိ ရွာငယ်ဇနပုဒ်လေး အလုပ်ရှုပ်နေဆဲ။
တိုးတက်ပါသည်။ ပြောင်းလဲပါသည်။ ပြောင်းလာကြသည်။ ပြောင်းကြွကြပါသည်။
ဒီနေ့ ရွှေကျောင်းဆရာတော် ပျံလွန်တော်မူသွားတယ်။ ကြားပြီးပြီလားတဲ့။ ရန်ကုန်က သူငယ်ချင်းတစ်ပါး ဖုန်းဆက်ပြောသည်။ စိတ်ထဲ မိုးကြိုးဆယ်စင်းမက ကျယ်လောင်စွာ ကြားလိုက်ရသည်။ မူးတယ်မူးတယ်ဆိုပြီး လဲကျရာကနေ သတိပြန်လည်မလာတော့တာတဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ ကံတော်ကုန် အပြောင်းကြွ မြန်လွန်းပါလိမ့်။
ငယ်ငယ်ရွယ်ရွယ်နဲ့ စာသင်သား ရာကျော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသူ
အတန်းစုံ ဘာသာစုံ ပရိယတ်စာပေများကို နေ့စဉ် ပို့ချပေးသူ
ဝါတွင်းဝါပ အပတ်စဉ် ဒကာဒကာများအား တရားရေအေး တိုက်ကျွေးပေးသူ
တရားစခန်းများ ပြုလုပ်ပေးပြီး တရားထိုင်နည်းများကို သင်ကြားပြသပေးသူ
အရွယ်နဲ့ မမျှအောင် ၀ိနည်းကို လေးစားပြီး ရောင့်ရဲစွာ နေထိုင်သူ
မေတ္တာရိပ်တို့ဖြင့် လွှမ်းခြုံထားသည့် မျက်နှာပိုင်ဆိုင်သူ
သာသနာ့အရေးကို အသက်ပေး ထမ်းရွက်သူ။
ဂုဏ်ပုဒ်တွေ များစွာများစွာနဲ့ ထိုက်တန်တဲ့ အရှင်မြတ်ကလေး အခု ကြွမြန်းသွားရှာပြီတဲ့။ တစ်မြို့လုံး ငိုရှိုက်သံတို့ဖြင့် မိုးထစ်ချုံးပြီး မျက်ရည်တို့ဖြင့် မိုးသည်းထန်စွာ ရွာသွန်းရှာရောပေါ့။
အရှင်ရဲ့ ဂုဏ်ပုဒ်တွေကြားထဲ သိမ်အတူတူထပ်ခံခဲ့ရတာကိုက ဂုဏ်ယူစရာ ကောင်းလွန်းနေပါပြီ။
အရှင်နဲ့ လုပ်ဆောင်ချက်တွေအတွက် ထာဝရဂုဏ်ယူနေပါ့မယ် အရှင်။ ကောင်းမွန်ရာ ဘုံဘ၀ကနေပြီး အရှင့်ရဲ့ မြို့ကလေးတိုးတက်ဖို့ အရှင့်ရဲ့ သာသနာပြုလုပ်ငန်းတွေ အောင်မြင်ဖို့ စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းရင်း ရိုသေစွာ ကန်တော့လိုက်ပါသည် ထေရ်အရှင်။
.