Thursday, 27 October 2011

လန်ဒန်ဝိဟာရ ၂၆ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်

၂၂.၁၀.၂၀၁၁ စနေနေ့။
ဒီနှစ် နှစ်ပတ်အတွင်းမှာ ပွဲ နှစ်ပွဲ ကျင်းပတဲ့ ကျောင်းကတော့ လန်ဒန်ဝိဟာရကျောင်းဘဲ ဖြစ်ပါတယ်။  ၁၂.၁၀.၂၀၁၁ ဗုဒ္ဓဟူးနေ့တုန်းက သံဃာ့မဟာပ၀ါရဏာပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပြီး ၂၂.၁၀.၂၀၁၁ စနေနေ့မှာတော့ မဟာဘုံကထိန်ပွဲတော်ကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၆ ကြိမ်မြောက် ကထိန်ဆိုတော့ ငွေရတုအလွန် ကထိန်ပွဲတော်ကြီးဆိုရင်လဲ မမှားပါဘူး။ အင်္ဂလန်နိုင်ငံရဲ့ ပင်မ မြန်မာဘုန်းတော်ကြီးကျောင်းဖြစ်သည့်အားလျှော်စွာ အင်္ဂလန်နိုင်ငံမှာ သီတင်းသုံးနေထိုင်ကြတဲ့ မြန်မာရဟန်းတော်များအားလုံးကို ပင့်ဖိတ်ပါတယ်။ စာရေးသူလဲ နှစ်စဉ် ကြွလေ့ရှိပါတယ်။ 

မဟာပ၀ါရဏာပွဲကို အစအဆုံး ဘုန်းတော်ကြီး ကျောင်းဝင်းထဲ ကျင်းပပေမဲ့ ကထိန်ကိုတော့ ကျောင်းအနားရှိ ချပ်ကျောင်းထဲမှာဘဲ ဧည့်ခံပွဲ ကျင်းပပါတယ်။ တရားဟော တရားနာ ရေစက်ချ အကျွေးအမွေး အားလုံး ချပ်ကျောင်းထဲမှာ ကျင်းပပါတယ်။ ကထိန်ခင်းတာကိုသာ ကျောင်းမှာ ပြုလုပ်တာပါ။

လန်ဒန်ဝိဟာရ ကျောင်းတော်ကြီးပါ။

အဲဒီကျောင်းနောက်ဘက်က မြက်ခင်းပြင်ကြီးပါ။ ကျောင်းအပိုင်ပေါ့။

စလောင်းများ တပ်ဆင်ထားတာလားလို့ သွားကြည့်တာ။

လက်စသတ်တော့ အ၀တ်လှန်းရအောင် လုပ်ထားတာတဲ့။

ကထိန်ကျင်းပတဲ့နေရာ ချပ်ကျောင်းကြီးပါ။ ဒါပေမဲ့ အဲဒီအဆောက်အဦထဲမှာ ကျင်းပတာတော့မဟုတ်ပါဘူး။ အဲဒီအဆောက်အဦရဲ့ ဘေးနားမှာ နာဇရီကျောင်းရှိတယ်။ အဲဒီ နာဇရီကျောင်းထဲမှာ ကျင်းပတာပါ။


ပြီးတော့ သံဃာတော်များ ဆွမ်း ဘုဉ်းပေးကြပါတယ်။





နေ့လည် တစ်နာရီလောက်မှာ အခန်းအနားစပါတယ်။ လန်ဒန်ဝိဟာရ ဆရာတော်ကဘဲ တရားချီးမြှင့်ပါတယ်။ တရားဟော အရမ်းကောင်းပါတယ်။ ပြောဟန်ဆိုဟန် အသံနေအသံထား အားလုံး ကောင်းပါတယ်။ ပရိသတ်တွေကော သံဃာတော်တွေကော ဆရာတော်ရဲ့တရားကို အလွန်နှစ်သက်ကြပါတယ်။ ဆရာတော်ရဲ့ပုံကိုတော့ မရိုက်ခဲ့ရတဲ့အတွက် မတင်လိုက်နိုင်ဘူး။ အတူတူ တစ်တန်းထဲ ယှဉ်ထိုင်ရတာဆိုတော့ ဓါတ်ပုံရိုက်ရ ခက်လို့ပါ။

.
အခမ်းအနားအားလုံး ညနေ သုံးနာရီလောက်မှာ ပြီးစီး အောင်မြင်ပါတယ်။  ကထိန်အခမ်းအနားပြီးတော့ သံဃာတော်များအားလုံး ဗုဒ္ဓနေ့အတွက် အစည်းအဝေးပြုလုပ်ကြပါတယ်။ ရက်ရွေးဖို့၊ ဗုဒ္ဓနေ့ မဂ္ဂဇင်းထုတ်ဖို့၊ စာမူများ ရေးပေးကြဖို့ စသဖြင့်ပေါ့။ အဲဒီနောက် သံဃာတော်များ မိမိတို့ ကျောင်းတိုက်အသီးသီးသို့ ပြန်ကြွကြပါတယ်။ စာရေးသူနှင့်သူငယ်ချင်းတစ်ပါးကတော့ အဲဒီကျောင်းမှာ ရဟန်းခံပွဲရှိလို့ ကျောင်းခံ သူငယ်ချင်းတစ်ပါးက ဆက်ခေါ်ထားခဲ့တဲ့အတွက် ရဟန်းခံပွဲပြီးမှဘဲ အဲဒီ လန်ဒန်ဝိဟာရကျောင်းမှ ပြန်လာခဲ့ပါတယ်။

အားလုံး ကိုယ်စိတ်နှလုံး အေးမြသာယာ ရှိကြပါစေ။

.

Tuesday, 25 October 2011

အထက်ကိုဆန် ဘာမင်ဂမ်


လန်ဒန်-ဘာမင်ဂမ် မော်တော်ဝေး




ဘာမင်ဂမ်မြို့ထဲက လမ်းကျဉ်းကလေး တစ်နေရာ


ဘာမင်ဂမ်မြို့ရဲ့ နာမည်ကြီး ခရစ်ကက်ကွင်းကြီးတဲ့။


အဲဒီကွင်းကြီးနားမှာ ဥယျာဉ်တစ်ခုရှိတယ်။ ကင်နွန်ဟီးပါ့ခ်တဲ့။ အညောင်းပြေ လမ်းလျှောက်ဖို့ ခဏဆင်းလိုက်တယ်။ ရန်ကုန်ကန်တော်ကြီး၊ မေမြို့ကန်တော်ကြီးလောက် မလှပါဘူး။ ဒါပေမဲ့ ယူကေမှာကတော့ ရပ်ကွက်တိုင်းနီးပါး ပါ့ခ်ကလေးတွေ ရှိတတ်ကြတယ်။








ဘာမင်ဂမ်မြန်မာဘုန်းတော်ကြီးကျောင်းအ၀င်ဝ။ မြန်မာပြည်ကို ပြန်ရောက်သွားသလိုမျိုး ခံစားချက်တွေနဲ့ပေါ့။ ကျောင်းရော ဘုရားရော ကန်ရော ရှိတယ်လေ။ ဘုရားရဲ့  နောက်ဘက်မှာ ရေကန်အကြီးကြီးရှိတယ်။ ဒေါက်တာရေ၀တဓမ္မ စတင်တည်ထောင်ထားခဲ့တဲ့ ကျောင်းကြီးပါ။ ဒါပေမဲ့ ဆရာတော်က ပျံလွန်တော်မူသွားပါပြီ။ လက်ရှိ ကျောင်းထိုင်ဆရာတော်ကတော့ ဒေါက်တာဥတ္တရဥာဏပါ။ ဘုရားအောက်မှာ ခန်းမရှိပါတယ်။



၁၆ ရက်နေ့။ နိုင်ငံခြားဘုန်းတော်ကြီးတွေကိုရော ပင့်ဖိတ်ပါတယ်။ ပင်မကျောင်းဆောင်မှာ သံဃာတွေကို နေရာချထားပါတယ်။ ဘုရားလိုဏ်အတွင်းမှာ အခမ်းအနားကျင်းပပါတယ်။ ဒေါက်တာရေ၀တဓမ္မခန်းမမှာ ဆွမ်းဆက်ကပ်ပါတယ်။






ဘူဖေးစနစ်နဲ့ ဧည့်ခံပါတယ်။ အခုလို တန်းစီပြီး ယူစားရတာ ပျော်စရာ ကောင်းလောက်တယ်။


ကထိန်အခမ်းအနားကို နေ့လည် တစ်နာရီမှာ စတင်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဒေါက်တာဥတ္တရဥာဏက တရားချီးမြှင့်ပါတယ်။


လန်ဒန် မပြန်ဖြစ်သေးတာနဲ့ ညနေပိုင်းပိုင်းမှာ  ဒကာကြီးတစ်ယောက်နဲ့အတူ လမ်းလျှောက်ဖြစ်ပါတယ်။ ဘုရားအနောက်က ရေကန်ဘက်ကို သွားလျှောက်တာပါ။ ရေကန်ကြီးက အတော်လေး ရေခန်းနေတာ တွေ့ရတယ်။ ပုံမှန်ဆို အဆောက်အဦအောက်ခြေထိ ရေရောက်ပါတယ်။ ရေကန်ထဲမှာ လှေလှော်အသင်းတွေ လေ့ကျင့်လေ့ရှိပါတယ်။ ရေကန်ပတ်လမ်းရှိပါတယ်။ တစ်ပတ်ပြည့်အောင် လမ်းလျှောက်ရင် ခပ်မှန်မှန်ဆို မိနစ် ၄၀လောက် ကြာပါတယ်။



ကန်ဘောင်ပေါ်ကနေ ဘုရားကို လှမ်းရိုက်ထားတာပါ။



ဓါတ်ပုံ ထပ်ရိုက်ဦးမလို့ဘဲ။ ဒါပေမဲ့ ဒီနေရာမှာဘဲ ဘက်ထရီအားကုန်သွားတယ်။ 

၁၇ ရက်နေ့မှာ လန်ဒန်ကို ပြန်ခဲ့တယ်။ အထူးအဆန်းမဟုတ်ပေမဲ့ ဓါတ်ပုံလေးတွေ မှတ်တမ်းအဖြစ် သိမ်းထားချင်လို့ ဘလော့ပေါ် တင်လိုက်တာပါ။

ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့သာယာ ရှိကြပါစေ။

.

Thursday, 20 October 2011

လွမ်းမောဝေစီ လန်ဒန်ယူနီ

အောက်တိုဘာ ၁၄ ရက်နေ့က သူငယ်ချင်းတစ်ပါး ရောက်လာတာနဲ့ လန်ဒန်ယူနီကို အတူ သွားဖြစ်ကြတယ်။ သူက ပီအိပ်ခ်ျဒီ ကျောင်းသားပါ။ မကြာခင် ပီအိပ်ခ်ျဒီ ယူတော့မှာပါ။ စာရေးသူလဲ လန်ဒန်ယူနီမှာ မာစတာ အောင်လက်မှတ်ထုတ်ရင်း သူနဲ့လဲ အဖော်ပြုရင်း လိုက်သွားခဲ့ပါတယ်။ ဂျူလိုင်ကထဲက ဘွဲ့နှင်းသဘင်ပြီးပေမဲ့ လန်ဒန်ယူနီရဲ့ လုပ်ထုံးအတိုင်း ဘွဲ့နှင်းသဘင်မှာ ပရက်ဆီးဒင့်ကို လက်ဆွဲ နှုတ်ဆက်ရုံလေးပါ။ အောင်လက်မှတ်ကိုတော့ စာတိုက်က တစ်ဆင့်ပို့ပေးလေ့ရှိပါတယ်။ စာရေးသူရဲ့ အောင်လက်မှတ် မရောက်လာလို့ သွားရောက် ထုတ်ယူရပါတယ်။

ယူနီကို သွားတဲ့အခါ ကျောင်းကနေ  ဆယ်မိနစ်လောက် လမ်းလျှောက်ပြီး ဟောင်းစလိုးဝက်စ် မြေအောက် မီးရထားဘူတာကို သွားရပါတယ်။ အဲဒီ မြေအောက်ဘူတာရုံကနေ မြေအောက်ရထားစီးပြီး ရပ်ဇယ်စကွဲယားထိ သွားရပါတယ်။ ၄၅ မိနစ်လောက် စီးရပါတယ်။

..

ဒါက လန်ဒန်ယူနီနဲ့ အနီးဆုံး ရပ်ဇယ်စကွဲယား မြေအောက် ရထားဘူတာရုံပါ။  လှေခါးထစ်ပေါင်း ၁၇၅ ထစ် ဆင်းရ တက်ရပါတယ်။ ဓါတ်လှေခါး သုံးစင်းလဲ တပ်ဆင်ထားပါတယ်။



ဟိုးးးး လမ်းအဆုံးက အဆောက်အဦက လန်ဒန်ယူနီထဲက အဆောက်အဦတစ်ခုပေါ့။ သူငယ်ချင်းရဲ့ ပုံလဲ ကင်မရာစက်ကွင်းထဲ ပါသွားခဲ့တယ်။ လန်ဒန်ယူနီဗာစီတီကို ဘူတာကနေ ငါးမိနစ်လောက် လမ်းလျှောက်ရတယ်။



ဒီအဆောက်အဦထဲမှာ မာစတာ အောင်လက်မှတ် သွားထုတ်ပါတယ်။ ထုတ်ပေးသူက တောင်းပန်ပါတယ်။ လိပ်စာအတိအကျ မသိလို့ မပို့ပေးတာပါတဲ့။ မြန်မာလိပ်စာကို ပို့ရနိုးနိုး လန်ဒန်လိပ်စာကို ပို့ရနိုးနိုး ဖြစ်ပုံရပါတယ်။ ရပါတယ်ပေါ့။ လက်ထဲ ရောက်လာပြီဘဲကို။ အပြစ်မတင်တော့ပါဘူး။


လန်ဒန်ယူနီဆိုင်းဘုတ်ကို ခန့်ခန့်ညားညားကြီး မထင်ပါနဲ့။ ဒီလိုလေးဘဲ ရှိတယ်။ ဒါတောင်မှ ဒီဆိုင်းဘုတ်က ဒီတစ်ခုဘဲ ရှိတာ။ တံခါးမှာ ရိုက်ကပ်ထားတာလေ။


ဒီအဆောက်အဦကတော့ အင်္ဂလိပ်စာဋ္ဌာနတွေရှိတဲ့ အဆောက်အဦပါ။ ပြည်ပကျောင်းသားတွေ အတွက် အင်္ဂလိပ်စာဝန်ဆောင်မှုကို အဲဒီဋ္ဌာနက ပေးပါတယ်။


အဲဒီ အတွန့်အလိမ်တွေနဲ့ အဆောက်အဦက Institute of Education, University of London ပါ။ အဲဒီ အောက်ထပ်မှာ ကန်တီးရှိတယ်။ ဖစ်ရှ်အင်ချစ်ပ် ကောင်းတယ်။ အစားအစာ အစုံရတယ်။


အဲဒါကတော့ စာရေးသူ အဓိကတက်နေတဲ့ အရှေ့တိုင်းနှင့်အာဖရိကန် လေ့လာရေးဋ္ဌာနပါ။ 


ဘရူးနိုင်းဂဲလာရီတဲ့။ စာအုပ်တွေ အဲဒီထဲမှာ ၀ယ်လို့ရတယ်။ မှာထားလို့လဲ ရတယ်။ သူတို့ ရှာထား ၀ယ်ထားပေးတယ်။ အဲဒီအဆောက်အဦ မြေအောက်မှာ ခန်းမကြီးတစ်ခုရှိတယ်။ တကယ့်ရုပ်ရှင်ရုံကြီးလိုပါဘဲ။ မကြာမကြာ အင်တာတိန်းမင့်တွေ ဟောပြောပွဲတွေ အဲဒီမှာ လုပ်တယ်။                 


စာရေးသူတို့ရဲ့ အဓိက စာကြည့်တိုက်ကြီးပါ။ အရမ်းစုံတယ်။ နိုင်ငံပေါင်းစုံက စာအုပ်ပေါင်းစုံရှိတယ်။ အေကနေ အက်ဖ်ထိ ခြောက်ထပ် တိတိရှိတယ်။ စာကြည့်တိုက်က ဘယ်ရီယာကို ကဒ်နဲ့ ကိုယ့်ဖာသာကိုယ် ဖြတ်ရတယ်။ အ၀င်နှစ်ပေါက် အထွက်နှစ်ပေါက်ရှိတယ်။ စာအုပ်ငှားရင်လဲ ကဒ်နဲ့ စက်မှာ ကိုယ့်ဖာသာ ငှားရတယ်။ စာအုပ်တိုင်းမှာ ဘားကုဒ်တွေ ကပ်ထားတဲ့အတွက် ခိုးယူလာလို့ မရပါဘူး။ ခိုးယူလာရင် ဂိတ်ကို ဖြတ်လာတဲ့အခါမှာ အချက်ပေးအသံ မြည်ပါတယ်။



မြန်မာနိုင်ငံအကြောင်း ရေးထားတဲ့ အင်္ဂလိပ်စာအုပ်စင်ပါ။ မြန်မာအကြောင်း ဒီလောက် မရေးကြဘူး ထင်နေတာ။ အင်္ဂလိပ်လူမျိုးတွေက စာရေးရတာ ရီးဆာ့ခ်ျလုပ်ရတာ ဟို အရင်ကထဲက ၀ါသနာပါခဲ့ကြတာဆိုတော့ စာအုပ်တွေ စုံတယ်။ မြန်မာနိုင်ငံအကြောင်းလဲ အများကြီး ရေးထားတာ ရှိတယ်။ စီ အထပ်မှာ မြန်မာအကြောင်း စာအုပ်စင်ရှိပါတယ်။ မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ စာအုပ်တွေ အများကြီးဘဲ။



တစ်ခြားဘက်ကို လှမ်းရိုက်ထားတာ။



ဒီစာအုပ်စင်က မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ်စင်ပါ။ သခင်သန်းထွန်းနောက်ဆုံးနေ့တို့၊ အရှေ့က နေ၀င်းထွက်သည့်ပမာ စာအုပ်တို့က စပြီး မြန်မာစာအုပ်တွေ အတော်များများ ရှိတယ်။



တစ်ခြားဘက်ကို လှမ်းရိုက်ထားတာပါ။



အဲဒီလို အထပ်တွေတိုင်းမှာ စာအုပ်စင်တွေ စာအုပ်တွေ အများကြီးဘဲ။



ဆူညံသံ ကင်းကင်းနဲ့ စာကြည့်နေကြတယ်။ ကွန်ပျူတာပါ ပေးထားတယ်။ အင်တာနက်လဲ ရတယ်။ ကိုယ့်ကွန်ပျူတာ ကိုယ် ယူလာလဲ ရတယ်။ စာကြည့်တိုက် ကဒ်နံပါတ်နဲ့ အင်တာနက်ဝင်ပြီး ဘယ်စာအုပ် ဘယ်နေရာမှာ ရှိတယ်ဆိုတာ နေရာအတိအကျ လိုက်ရှာလို့ရတယ်။ စာရေးသူကတော့ စာရေးသူနေတဲ့ ဘုန်းတော်ကြီးကျောင်းကနေပြီး အင်တာနက်နဲ့ သေချာကြည့်ပြီးမှ စာကြည့်တိုက်ကို သွားတာ များတယ်။ ဒါဆို သိပ်မရှာရတော့ဘူးပေါ့။ စာကြည့်တိုက်ရောက်မှ စာကြည့်တိုက်က ကွန်ပျူတာနဲ့ ရှာလဲ ရပါတယ်။ ကျောင်းသားတိုင်း ယူနီရဲ့ အီးမေးလ်အကောင့်ပေးထားပါတယ်။ တစ်ခုခု အကြောင်းကြားစရာ ရှိရင် အဲဒီ အီးမေးလ်ကနေ အကြောင်းကြားပါတယ်။



ကိုယ့်ကွန်ပျူတာနဲ့ ကိုယ်သုံးချင်ရင် ဒါမှ မဟုတ် စာအုပ်တွေကို အေးအေးဆေးဆေး ဖတ်ပြီး အေးအေးဆေးဆေး ရေးချင်ရင် ဒီလို စာဖတ်ခုံတွေ အများကြီးဘဲ။ စာဖတ်နေတဲ့သူကို အမြန်ခိုးရိုက်လိုက်တာ။ အားနာလို့။ ဒါကြောင့် ပုံ ၀ါးသွားတယ်။ အမှန်ဆို စာကြည့်တိုက်ထဲမှာ ဓါတ်ပုံ လုံးဝ ရိုက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကင်မရာဖလက်ပိတ်ပြီး ရိုက်တော့ သူတို့ မသိတော့ဘူးပေါ့။ အမှတ်တရဖြစ်ချင်လို့ခိုးရိုက်လိုက်တာ အပြစ်မရှိဘူးလို့တော့ ထင်ပါရဲ့။


 ကျောင်းသားဟောင်း ဖြစ်သွားလို့ စာရေးသူကတော့ အထဲကို တိုက်ရိုက် ၀င်ခွင့်မရပါဘူး။ ယာယီတစ်ရက်စာ ဟောဒီလို စာကြည့်တိုက်ကဒ်ကလေး လုပ်ပြီးမှ ၀င်ရတယ်။ ပိုက်ဆံတွေ အများကြီးပေး တက်ခဲ့ရတဲ့ ကျောင်းကို ကျောင်းသားဟောင်းအနေနဲ့  ပြန် အလည်သွားတဲ့အခါ ဧည့်သည်အဖြစ်နဲ့ဘဲ သွားရပါတယ်။ စိတ်မကောင်းလိုက်တာ။

မိုးချုပ်မှ ယူနီက ပြန်လာတယ်။ ကျောင်းပြန်ရောက်တော့ အတော်လေး မှောင်နေပါပြီ။ စာကြည့်တိုက်ထဲ ၀င်ပြီး စာအုပ်တွေ မွှေခဲ့ရတာကို တွေးပြီး ကြည်နူးနှစ်သက်နေမိပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ ခံစားမှုမျိုးနဲ့ပေါ့။ မကြာခင်လဲ ကျောင်းသားအဖြစ်နဲ့  ပြန်လည်ရှင်သန်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းသာယာ ရှိကြပါစေ။



.