Wednesday, 28 September 2011

ဒိုင်မင်းရှင်း

ရှုပ်နေလို့ ငြိမ်းချင်တဲ့ သူ
ငြိမ်းနေလို့ ရှုပ်ချင်တဲ့ သူ
အယူမတူကြတော့။

အကောင်းဆုံးလို့
အထင်ခံရသူတွေ
အကောင်းတွေ ဆုံးနေကြတော့။

အမြင်မှာတော့
ဓမ္မသ၀နပေါ့
တကယ်တမ်းက
အဓမ္မဘာသန ဖြစ်နေကြတော့။

သစ္စာတရား တဲ့
ကြားလိုက်သလိုလို
နားထောင်ကြည့်လိုက်တဲ့အခါ
ပိသုဏတွေ ပျံ့နှံ့နေကြတော့။

အင်းးး
အမြင်လေးတွေေ၀၀ါးနေတော့လဲ
အထင်အတွေးတွေနဲ့
ကြည်နူးနေတာဘဲ ကောင်းပါတယ်လေ။

.

Tuesday, 27 September 2011

ပုံတူ

 ချုပ်ရိုးပြေနေတဲ့
အိတ်ကပ်ထဲ
တိတ်တိတ်ကလေး
အတိတ်ကို ထည့်ကြည့်မိခဲ့။

ရပ်
ကြည့်
သွား။

ဥပဒေကို မျက်ကွယ်ပြု
နောက်ကို ပြူကြည့်ခိုက်
အာဠာဝကတွေ။

ပုံရိပ်တွေ
မနောဒွါရ၀ီထိကျရင်း
ကြေးမုံထဲမှာ ဘီလူးတစ်ကောင်။

စီစစ်ကြည့်လိုက်တော့
ငါကိုယ်တိုင်
မှန်ရှေ့ မတ်တပ်ရပ်မိရက်သား။  ။

.

Monday, 26 September 2011

မြင်ယောင်မိခြင်း

ဆင်ခြေတိုင်း
အမှန်ဆိုရင်
သစ္စာတရားက ပြုံးလိမ့်မယ်။

ကိုယ်လုပ်တိုင်း
အကောင်းဆိုရင်
ကုသိုလ်တရားက ပြုံးလိမ့်မယ်။ 

ဒီပုံစံနဲ့တော့
အ၀ီစိမှာ
လူစည်လိမ့်မယ်။

.

Sunday, 25 September 2011

အကုသိုလ်ကို အချိုးကျ မျှဝေသုံးစွဲကြခြင်း


"ဒါနဲ့.. စကားမစပ်
ဟို တစ်ယောက် အကြောင်း
ကြားပြီးပြီလား"

"ဟင့်အင်းးး"

"သူက ဒီလိုတဲ့။ 
$#%%^&&**(%$##@#
(*&^%^^*Y"

"ဟယ်.. အဲလိုကြီးလား
ငါ အရင်ကထဲက 
ထင်တော့ ထင်သား"

"သူက
ဟိုလို လုပ်ရင်း
ဒီလို ဖြစ်သွားတာလေ"

"အေးဟယ်...
နင်ပြောမှ သတိထားမိတယ်
သူ့မျက်နှာကတောင်
အဲလို ရုပ်ပေါက်နေတာ"

"အဲလိုရုပ်မျိုးက
အဲလိုဖြစ်သွားတာ
မဆန်းပါဘူးအေ"

"အင်းး ဟုတ်တယ်
အဲလိုရုပ်မျိုးက
အဲလိုဘဲ ဖြစ်နေကျ"
..

Saturday, 24 September 2011

၂၁ရာစု ဇာတ်ပေါင်း

အပူသည်တွေ
ဆောင်းနှင်းခိုခိုက်
ငြိမ်းအေးသူတွေ
အအေးပတ်နေပြီ။

အဝေး ရှုခင်းလှပေမဲ့
ရုပ်သေးပွဲကို
အနီးကပ်သွားကြည့်တော့
ဖန်တွတွ ဖြစ်ရောပေါ့။

ဇာတ်ခုံဆိုတာ ဇာတ်စုံတယ်
ဒါပေမဲ့
လူတွေက ကားလိပ်ချတုန်း
အိပ်ပျော်နေကြလေရဲ့။

ခူး..ခလော..ခလော။

ကယောင်ကတမ်းနဲ့
ဇာတ်ပေါင်းလိုက်တော့
သောနုတ္ထိုရ်က
ဘုရားအလောင်း ဖြစ်သွားရော။  ။

.

Friday, 23 September 2011

Wednesday, 21 September 2011

သနပ်ခါး ခပ်ပါးပါး

မိုးရွာတဲ့အခါ
အဖြေမှန် ထွက်မှာပေါ့ 
ပါးပါးလေး လိမ်းခြယ်ထားတာကိုး။

ခြံကာထားမှ
ခုန်ထွက်ချင်မိသလိုလို
ကြိုးဖြေပေးလိုက် အေးရော။

၂၁ ရာစုမှာ
မြွေမဟုတ်ပေမဲ့
အရေခွံခဏခဏ လဲနေကြပြီ။

ဟော.. ပြောရင်းဆိုရင်း
အနုအမို့တွေနဲ့
မိုးတွေစို့လာနေပါလား။

ငါ့ပါးက
သနပ်ခါးတစ်ကွက်
မပျက်ဖို့ဘဲ အရေးကြီးတယ်။

.

Sunday, 11 September 2011

ယိုင်ခြင်း

ရေကြပ်တော့
လှိုင်းယိုင်တယ်။

မြေကြပ်တော့
အပင်ယိုင်တယ်။

လေကြပ်တော့
တိမ်ယိုင်တယ်။

နေကြပ်တော့ 
အလင်းယိုင်တယ်။

မစ္ဆရိယကြပ်တော့
ဒါနယိုင်တယ်။

ဣဋ္ဌာရုံကြပ်တော့
သီလယိုင်တယ်။

သံစဉ်ကြပ်တော့
သမာဓိယိုင်တယ်။

ဝိတက်ကြပ်တော့
ပညာယိုင်တယ်။

ပတ်ဝန်းကျင်ကြပ်တော့
စိတ်ဓါတ်ယိုင်တယ်။

ယိုင်တာ ခိုင်တာ
ပြိုင်တာ နိုင်တာ
ဆိုင်တာ ပိုင်တာ
သေချာတွေးကြည့်တော့လဲ
(တစ်နေ့) ဆွေးမြေ့ရဦးမှာပါဘဲလေ။

.
 N.B.
Image from Google Search

.

Saturday, 10 September 2011

သမိုင်းမခင်ဘဲ သမိုင်းဝင်ချင်နေမိသလိုလို

လုပ်ဆောင်ချက်ထက် သမိုင်းကျန်ရစ်ဖို့ စိတ်ကူးများတဲ့ သူ့စိတ်ကို သူ နဲနဲတော့ ရှက်မိသား။ လုပ်ချင်စိတ် သန္ဓေရှိပေမဲ့ သန္ဓေနောက် အဓိပတိက ခပ်ပါးပါးလေးသာ လိုက်လာတဲ့အတွက် ဆုံးဖြတ်ချက်တိုင်း ချီတုံချတုံ ဖြစ်နေသည်ကို သူအမုန်းဆုံးဖြစ်သည်။ သို့သော် မုန်းလျှက်နဲ့ပင် ချီတုံချတုံက စည်းချက်မှန်နေပြန်သည်။ သက်ပြင်းချခြင်းဟာ သူ့အတွက် လမ်းကြောင်းပေါ် တစ်စိုက်မတ်မတ်တွန်းပို့ပေးတဲ့ တွန်းအားတစ်ခု ဆိုလျှင် သူ့ အတ္ထုပ္ပတ္တိ သူ ရဲရဲကြီး ရေးခဲ့ပြီးသည်မှာ ကြာရော့မည်။ လုပ်ဆောင်ချက်နဲနဲနဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ ပလူပျံနေရင် ရှက်ဖွယ်လိလိ မဟုတ်တုံလော။

ဘယ်လောက်ထိ သူ သမိုင်းဝင် အမှတ်တရ ဖြစ်ချင်သနည်း။ 
ဂျူလိုင် ၂၂ ရက် (၂၀၁၁)နေ့ သူ လန်ဒန်တက္ကသိုလ်၌ မာစတာဘွဲ့ယူသည်။ ဘွဲ့နှင်းသဘင် တက်ဖို့ ဘွဲ့ယူကျောင်းသား တစ်ယောက်က ဧည့်သည် နှစ်ယောက် ခေါ်ယူခွင့်ရှိသည်။ ဘွဲ့ယူ နှစ်ပါးဖြစ်သည်။ သူနှင့် သူ၏ သူငယ်ချင်း။ ဧည့်သည် စုစုပေါင်း ၄ ယောက် ခေါ်သွားဖြစ်သည်။ အမျိုးသား ၃ ယောက် နှင့် အမျိုးသမီး ၁ ယောက်။ အမျိုးသမီးတစ်ယောက်က လွဲရင် ကျန်တဲ့ အမျိုးသား ၃ ယောက်လုံး ကင်မရာမင်းများ ဖြစ်ကြသည်။ ဗီဒီယို ကင်မရာမင်းက တစ်ယောက်၊ ဓါတ်ပုံကင်မရာ မင်းက နှစ်ယောက်။ ဒီကြားထဲ ဘွဲ့ယူကျောင်းသားတွေအတွက် အထူးအော်ဒါမှာပြီး ရိုက်ရတဲ့ ပရိုဖက်ရှင်နယ် ဓါတ်ပုံတိုက်မှာက ဈေးအကြီးဆုံး အမျိုးအစားနဲ့ ရိုက်ယူခဲ့သေးသည်။ ထိုဓါတ်ပုံတိုက်က ဘွဲ့နှင်းသဘင်နားမှာ ခဏလာဖွင့်ပေးသည်။ စတာလင်ပေါင် ၁၇၇ ပေါင် ပေးရသည်။  အဲဒီလောက်ထိ အမှတ်တရသမိုင်းဝင်ချင်တာကလား။ သို့ပေမဲ့ သူ့ကိုယ်သူ ဆင်ခြေပေးတာလေး ရှိသေးသည်။ ဓါတ်ပုံမစားတဲ့ အတွက် ပုံပေါင်း ၁၀၀ လောက်ရိုက်မှ တစ်ပုံ ကောင်းကောင်း ထွက်သည်တဲ့လေ။

ကင်မရာမင်း သုံးယောက်၊ ဖရိုဖက်ရှင်နယ်ဓါတ်ပုံဆရာတစ်ယောက်နဲ့ ရိုက်ရတာတင် အားမရသေးတဲ့အတွက် ဘွဲ့ဝတ်စုံကို နောက်ထပ် တစ်ပတ်စာအတွက် ပေါင် ၂၀ ပေးပြီး ငှားယူခဲ့သေးသည်။ အွန်လိုင်းက ငှားကထဲက တစ်ပတ်စာအတွက် ပေါင် ၂၀ ပေးသွင်းထားခဲ့သည်။ နေထိုင်ရာ ဘုန်းကြီးကျောင်းရောက်တော့ အသိဒကာ ဒကာမများနှင့် ဓါတ်ပုံ ထပ်ရိုက်ပြန်သည်။ ထို့နောက် ဘုန်းကြီးကျောင်းအနီးရှိ ဓါတ်ပုံတိုက်၌ တစ်ပုံ ၁၈ ပေါင်နှုန်းဖြင့် နှစ်ပုံ ထပ်ရိုက်လိုက်သေးသည်။ အော်... အကျီးတန် မှန်ကြိုက်ဆိုသလိုပ၊ ရုပ်မလှပေမဲ့ ဓါတ်ပုံရိုက်တော့ ၀ါသနာပါသား။

ဘာပြောပြော ဒီနေ့ ပရိုဖက်ရှင်နယ်ဓါတ်ပုံတိုက်မှာ ၁၇၇ ပေါင်ပေးပြီး ရိုက်ခဲ့သည့် ဓါတ်ပုံတွေ ရသည်။ ရွိုင်ရယ်မေးလ် အထူးစာပို့စနစ်ဖြင့် ရောက်လာသည်။ ဘွဲ့ယူပြီးနောက် ရက်ပေါင်း ၅၀ ခန့်လောက်မှ ရောက်လာခြင်းဖြစ်သည်။ ဖရိန်ကြီးကြီးနဲ့က တစ်ပုံ၊ စက္ကူဘောင်အကြီးနဲ့က သုံးပုံ၊ စက္ကူဘောင်အသေးလေးနဲ့က ငါးပုံ၊ ဿမ်ဘ်နေးလ် လုပ်ပေးထားတာက နှစ်ပုံ။ စုစုပေါင်း ၁၁ ပုံရသည်။ ထပ်ပြီး ကူးချင်သေးရင် စက္ကူဘောင်အကြီးနဲ့ဆို တစ်ပုံ ဆယ်ပေါင်နှုန်းနဲ့ ကူးနိုင်သေးတဲ့အကြောင်းလဲ ကြော်ငြာ စာရွက်ကလေး ထည့်ပေးခဲ့သေးသည်။ အော်ဒါမှာထားခဲ့တုန်းက ဓါတ်ပုံအတွက် စီဒီကော မင်မိုရီစတစ်ခ်ပါ မှာထားသည်။ သို့သော် ဓါတ်ပုံတွေနဲ့ အတူတူရောက်မလာသေးချေ။ နောက်ထပ် ၁၄ ရက်အတွင်း ပို့ပေးမယ်လို့ အမှာစာပါသည်။

ဘာမဟုတ်တဲ့ မာစတာဘွဲ့လေးအတွက် ရိုက်လိုက်တဲ့ ဓါတ်ပုံတွေပါလား။ ဒီဂျစ်တယ် ခေတ်မို့ တော်ပါသေးရဲ့။ ဟိုတုန်းကလို ဂျောက်ဂျက် ကင်မရာနဲ့ဆို ဒီလောက်များပြားလှတဲ့ ဓါတ်ပုံတွေ ဘယ်မှာ ဘယ်လို သိမ်းဆည်းထားနိုင်ပါ့လဲ။ ဘွဲ့ယူသမိုင်းတော့ ဓါတ်ပုံတွေကြောင့် ကျန်ရစ်ခဲ့သည် ထားပါဦး။ ဘ၀သမိုင်းကိုကော ဘာနဲ့ရေးမလဲ။ ဘယ်လို ရေးမလဲ။ မျိုးဆက်သစ် လူငယ်တွေ အတုယူစရာ အားကျစရာ စံပြပြုစရာဖြစ်အောင် ဘယ်လို လုပ်ဆောင်ချက်တွေ ထားရစ်ခဲ့မလဲ။ တစ်ကိုယ်ကောင်း အတွက်ဆိုရင်တော့ ဒီနေ့သမိုင်းကို ဒီလိုရေးလိုက်တဲ့အတွက် အနာဂါတ်မှာ မျက်နှာမပြရဲလောက်အောင် ရှက်စရာ ကောင်းပေလိမ့်မည်တည်း။ 

အတတ်ပညာ အသိပညာ ရှေ့တန်းရောက်နေသူများ ကိုယ်ကျိုးသက်သက်မကြည့်ဘဲ နိုင်ရာ တာဝန်ကို နိုင်သလောက် ထမ်းဆောင်နိုင်ကြပါစေကြောင်း တောင်းဆုပန်လျှက်။  ။

.

Friday, 9 September 2011

ဗုဒ္ဓဘာသာကွန်ဖရင့်သို့

 မိုးတွေ ရက်ဆက် ရွာလာခဲ့ပေမဲ့ မနေ့တုန်း (၈.၉.၂၀၁၁)ကတော့ ရာသီဥတု ကောင်းနေသည်။ ကံကောင်းသည်။ အပြင်ထွက်မဲ့နေ့မှ ရာသီဥတုက ရွေးပြီး သာယာပေးသည်။ (UKABS= UK Association for Buddhist Studies)က ကျင်းပပြုလုပ်သည့် ကွန်ဖရင့်တစ်ခုသို့ တက်ရောက်ဖို့ အပြင်ထွက်ခဲ့ခြင်း ဖြစ်သည်။ ထို အဖွဲ့အစည်းက နှစ်စဉ် ယူကေတစ်ခွင် လှည့်လည်ပြီး တစ်နှစ်ကြိမ် ထို ကွန်ဖရင့်ကို ကျင်းပပေးခြင်းဖြစ်သည်။ ဒီနှစ်မှာတော့ သူတက်ရောက်ခဲ့သည့် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးဋ္ဌာနရှိ ကာလိလီ (Khalili) ခန်းမ၌ ကျင်းပခြင်း ဖြစ်သည်။

သူငယ်ချင်းဖြစ်သူ ဦးနာဂသေန (ပီအိပ်ခ်ျဒီကျောင်းသား=လန်ဒန်တက္ကသိုလ်)က နှစ်ပတ်လောက် ကြိုပြီး ထိုကွန်ဖရင့်ကို သူ့အား အကြောင်းကြားလာသည်။ ထို့ကြောင့် အတူတူ တက်ရောက်ဖို့ ဘုတ်ကင် လုပ်ထားခဲ့ကြသည်။ ထိုကွန်ဖရင့်ကို အခမဲ့ တက်ရောက်ရသည်တော့ မဟုတ်။ UKABS အဖွဲ့ဝင်တွေအတွက် ၁၅ ပေါင်နှင့် အဖွဲ့ဝင်မဟုတ်တဲ့ သူတွေအတွက် ၂၅ ပေါင် သတ်မှတ်ထားသည်။ သူသည် အဖွဲ့ဝင်မဟုတ်သေးပေ။ ဒါပေမဲ့ အလုပ်မရှိတဲ့သူတွေ၊ ကျောင်းသားတွေ၊ ဆရာဆရာမတွေအတွက် လျော့ဈေးရှိသည်။ အဖွဲ့ဝင်အတွက် ၅ ပေါင်နှင့် အဖွဲ့ဝင်မဟုတ်သူတွေအတွက် ၁၅ ပေါင်ဘဲ ပေးရမည် ဖြစ်သည်။ ဦးနာဂသေနက သူ့အတွက်ပါ ပေါင်းရှင်းပေးလိုက်သည်။ နှစ်ယောက်ပေါင်း ပေါင် ၂၀ ဖြစ်သည်။ (အခန်းအနားအစီအစဉ်ကို ပုံချဲ့ပြီး ကြည့်နိုင်သည်။)

ထိုကွန်ဖရင့်သို့ အောက်စ်ဖို့ဒ်ဝိဟာရမှ ဒေါက်တာဦးပညာဝံသနှင့် လန်ဒန်တက္ကသိုလ် ပီအိပ်ခ်ျဒီကျောင်းသူ ပြည့်ပြည့်တို့လည်း တက်ရောက်ကြသည်။ သူတို့နှင့်အတူတူ ကန်တင်းမှာ နေ့လည်စာ စားခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်းသားဟောင်း ဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ကျောင်းသား မဟုတ်တော့တဲ့အတွက် ဧည့်သည်လက်မှတ်နဲ့ ကျောင်းအတွင်းသို့ ၀င်ရောက်ရသည်။ တစ်ချိန်က ပေါင် တစ်သောင်းကျော်ပေးပြီး ကျောင်းတက်ခဲ့ရသည်ကို စဉ်းစားမိပြီး အခု ဧည့်သည်အဖြစ်နဲ့ ၀င်ရောက်ရခြင်းကို ၀မ်းနည်းသလို ခံစားမိသည်။ အလွမ်းပြေ စာကြည့်တိုက်ထဲသို့လဲ ၀င်ရောက်ကြည့်ရှုခဲ့သည်။ စာကြည့်တိုက်ထဲကိုလဲ ဧည့်သည်လက်မှတ်နဲ့ပင် ၀င်ရောက်ခဲ့ရသည်။ ယခင်ကကဲ့သို့  ကျောင်းသားကဒ်ကလေးနဲ့ ထိပြီး ဘာရီယာကို အော်တို ဖွင့်ပြီး  ဖြတ်လို့မရတော့ပေ။

ကွန်ဖရင့်ကို မနက် ၉ နာရီကျော်ကျော်လောက်စတင်သည်။ သူနှင့်သူ့သူငယ်ချင်းကတော့ မနက် ၁၀ နာရီခွဲလောက်မှ ကွန်ဖရင့်ဟောသို့ ရောက်ဖြစ်သည်။  ညနေ ၆ နာရီခန့်လောက်မှာ အပြီးသတ်သည်။

ဗုဒ္ဓဘာသာ ကွန်ဖရင့်ဆိုပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တိဗက်တန်ဗုဒ္ဓဘာသာ အကြောင်းဖြစ်သည်။ ထေရ၀ါဒအကြောင်းမှာ ၂၀ ရာခိုင်နှုန်းခန့်လောက်သာ ပါသည်။ အနောက်တိုင်း၌ တိဗက်ဗုဒ္ဓဘာသာကို လူပိုသိကြသည်။ ပိုပြီးလဲ စိတ်ဝင်စားကြသည်။ ထေရ၀ါဒကိုမူ လူသိနည်းလေသည်။ ထေရ၀ါဒသာသနာ အနောက်ဘက်မှာ ပြန့်ပွါးဖို့ အရည်အချင်းပြည့် ရဟန်းတော်များ၊ သာသနာချစ်စိတ် အမှန်ရှိသည့် ရဟန်းတော်များ တကယ်လိုအပ်နေပြီဟု ခံစားမိသည်။ ထေရ၀ါဒဗုဒ္ဓဘာသာကို လေ့လာသူများမှာလဲ မြန်မာနိုင်ငံမှာ လေ့လာခဲ့ကြသူတွေထက် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှာသာ လေ့လာခဲ့ကြသူ ပိုများလေသည်။ အနောက်ဘက် ဗုဒ္ဓဘာသာကွန်ဖရင့်တို့၌ ထေရ၀ါဒဗုဒ္ဓဘာသာ ဦးမော့လာအောင် စွမ်းဆောင်နိုင်ကြဖို့ အမှန်တကယ် လိုအပ်နေပြီဟု ထင်မြင်မိပါသည်။  ။

.

Tuesday, 6 September 2011

ကဇာတ်

 နာရီတွေ
အရေခွံလဲတာကို
နှမြောတမ်းတရင်း...။

အမှတ်မထင်
 ကြေးမုံပြင်တစ်ချပ်ရှေ့
မတ်တပ်ရပ်မိတယ်။

ငါသာ
မဃဒေ၀မင်းဆို
တောထွက်ခန်း အော်ပရာ
အခါခါ ကပြီးရောပေါ့။

.

Friday, 2 September 2011

လောကကြီးက ပျင်းလို့တဲ့

 လောကကြီးက
ပျင်းလို့တဲ့
သတ္တ သြကာ သင်္ခါ
ကဗျာစပ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
နွေ မိုး ဆောင်း
ရာသီပြောင်းတမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ဗုဓ် ခရစ် မူ ဟိန် ဂျူး
မူလ မူလီ လုပ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ဆိုရှယ် ကွန်မြူ ဒီမို လေဘာ ကွန်ဆာ
မာယာလှည့်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ဖြူ မဲ နက် ပြာ ၀ါ ရွှေ ခရမ်း
ရောင်ခြယ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ပျို အို လှ ဆိုး ပု ရှည်
အထွေထွေလုပ်တမ်း ကစားတယ်။
 
 လောကကြီးက
ပျင်းလို့တဲ့
ကျား မ ယမ် ယင်
ခင်တွယ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
ချစ် ကြိုက်  မုန်း ကွဲ
လက်တွဲတမ်း ကစားတယ်။
လမ်းခွဲတမ်း ကစားတယ်။

 လောကကြီးက
ပျင်းလို့တဲ့
လူအချင်းချင်း
စစ်ဖြစ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
လူဟောင်း လူသစ်
လဲလှယ်တမ်း ကစားတယ်။

လောကကြီးက
ပျင်းလို့တဲ့
 ဖူး ပွင့် သီး ရင့် မှည့် ကြွေ
သေတမ်းရှင်တမ်း ကစားတယ်။
 
လောကကြီးက
ပျင်းလို့တဲ့
...................................
...........................။  ။

.